ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲတေကို ဒီနေ့(အင်္ဂါ)မှာ ကစားတော့မှာဖြစ်ပါတယ်။ လီဗာပူးလ်-ပေါ်တို၊ စပါး-မန်စီးတီးတို့ရဲ့ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ပရိသတ်တွေလည်း အဲဒီပွဲတွေအတွက် ကြိုတင်ရင်ခုန်နေလောက်ပါပြီ။ ဒီပွဲတွေကို ကျွန်တော်တို့ Akhayar Sports နဲ့ ပူးပေါင်းကူညီတင်ဆက်ပေးတဲ့ မြန်မာလက်ရွေးစင်နာမည်ကျော် ဘောလုံးသမားဟောင်း၊ ရတနာပုံအသင်းခေါင်းဆောင်ဟောင်း ကိုခင်မောင်ထွန်းကလည်း အခုလို ခန့်မှန်းသုံးသပ်ပေးခဲ့ပါတယ်။ ကိုခင်မောင်ထွန်း ဘယ်အသင်းတွေကို ရွေးချယ်ထားလဲဆိုတာ ကြည့်လိုက်ရအောင် . .

လီဗာပူးလ် – ပေါ်တို

“ပေါ်တိုအသင်းကတော့ မော်ရင်ဟို Mourinho လက်ထက်မှာလောက်ပဲ အစဉ်အလာရှိခဲ့တာပေါ့။ ဒါပေမဲ့ ချန်ပီယံလိဂ်သမိုင်းကြောင်းချင်း ယှဉ်မယ်ဆိုရင်တော့ လီဗာပူးလ်ကို မမီခဲ့ပါဘူး။ လီဗာပူးလ်အသင်းကတော့ ဒီပွဲအတွက် သေချာလေးပြင်လာလိမ့်မယ်လို့ မြင်တယ်။ ဒီပွဲခန့်မှန်းမယ်ဆိုရင်တော့ လီဗာပူးလ်အနေနဲ့ ဂိုးမပေးရအောင် ကစားလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အိမ်ကွင်းမှာ ဂိုးပေးရရင် တစ်ပန်းရှုံးတာပေါ့။ တစ်ဖက်က ပေါ်တိုအသင်းကလည်း တိုက်စစ်ဖွင့်ကစားမှာတော့ မဟုတ်ဘူး။ သူကလည်း သရေလောက်ရမယ်ဆိုရင် မျှော်လင့်လို့ ရတယ်။ အဲဒါကြောင့် အနိုင်ရလဒ်က ကျဉ်းမြောင်းမယ်လို့ ခန့်မှန်းချင်တယ်။ လီဗာပူးလ် (၁-၀)ဂိုးလောက်နဲ့ပဲ နိုင်မယ်လို့ ခန့်မှန်းပါတယ်။

စပါး – မန်စီးတီး

“ဒီနှစ်သင်းကလည်း ကြည့်လို့ကောင်းမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ပရီးမီးယားလိဂ်မှာလည်း သူတို့အနေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တယ်လေ။ စပါးအသင်းက ဒီနှစ်မှာ တော်တော်ကြီးကို ကောင်းလာတဲ့အသင်းလို့ ယူဆထားတယ်။ ဒါကြောင့်မို့လည်း မန်စီးတီးက လျှော့တွက်ပြီး ကစားလို့တော့ မရဘူး။ ဒီပွဲကတော့ ဘယ်အသင်းနိုင်မယ်လို့ ခန့်မှန်းလို့တော့ မရဘူး။ ခန့်မှန်းရခက်နေတယ်။ ဒီနှစ်သင်းကန်မယ့်ပွဲမှာ သရေလောက်တော့ ခန့်မှန်းထားတယ်။ ဂိုးလည်းနည်းမယ်။ ဘာလို့လည်းဆိုတော့ အရမ်းကြီး ဖွင့်ပြီးတော့လည်း ကစားကြမှာမဟုတ်ဘူး။ တစ်ယောက်အမှားတစ်ယောက်စောင့်ရင်းနဲ့ ကစားကြမှာဆိုတော့။ မန်စီးတီးကွင်းကြမှ အဖြေပေါ်မယ်လို့ ထင်တာပဲ။ ခန့်မှန်းရမယ်ဆိုရင်တော့ (၀-၀)၊ (၁-၁)ဖြစ်မယ်လို့ ခန့်မှန်းထားတယ်။

ကဲ . .ပရိသတ်ကြီးရေ .. ကိုခင်မောင်ထွန်းကတော့ လီဗာပူးလ်ကို အနိုင်၊ စပါးနဲ့မန်စီးတီး သရေလို့ ခန့်မှန်ထားပါတယ်။ ကိုခင်မောင်ထွန်းရဲ့ ရွေးချယ်မှုနဲ့ ပရိသတ်တွေရဲ့ အမြင်ကိုက်ညီမှုရှိမလားဆိုတာ ကိုယ့်ရဲ့ထင်မြင်ချက်လေးလည်း ပြောခဲ့ပါဦး . . .

Naing Linn(Akhayar)
www.akhayar.com