ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ All English Final စပါး – လီဗာပူးလ်ပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းဟာ စပါးကို ( ၀ – ၂ )နဲ့ အနိုင်ရရှိခဲ့ပြီး (၆)ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ပါတယ်။

စပါး ၀ – ၂ လီဗာပူးလ်

ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ရင်ခုန်စရာအမြဲကောင်းတယ်ဆိုတဲ့ အခြေအနေအတိုင်း ပွဲအစပိုင်းမှာပဲ ရင်ခုန်စရာအနေအထားတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကတော့ မာနေး Mane ရဲ့ ကန်ချက်ကို ဆစ်ဆိုကို Sissoko လက်နဲ့တားဆီးခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင် စကိုမီနာ Skomina က လီဗာပူးလ်ဘက်ကို ပယ်နယ်တီပေးခဲ့တာပါ။ ဆစ်ဆိုကို လက်နဲ့ ဘောလုံးထိခဲ့တဲ့ အနေအထားဟာ ( ၅၀ – ၅၀ )ဖြစ်ပြီး ကွင်းလယ်ဒိုင်စကိုမီနာ ကတော့ အငြင်းပွားစရာ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းရရှိခဲ့တဲ့ ပယ်နယ်တီကိုတော့ ပွဲချိန်(၂)မိနစ်မှာ ဆာလာ Salah က ကန်သွင်းယူခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲရဲ့ ဒုတိယအမြန်ဆုံးသွင်းဂိုးဖြစ်ခဲ့ပါတယ်။ စောစောစီးစီးမထင်မှတ်ဘဲ ဂိုးပေးလိုက်ရပေမယ့် စပါးအသင်းကတော့ ပွဲကိုတည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်နိုင်ခဲ့ပြီး အခွင့်အရေးဖန်တီးမှုပိုင်းမှာတော့ အားနည်းခဲ့ပါတယ်။ ပထမပိုင်းမှာ ဆွန်ဟောင်မင် Son Heung-Min အပျက်များနေသလို တိုက်စစ်မှူး ဟယ်ရီကိန်း Kane ကလည်း အသင်းဖော်တွေရဲ့ အထောက်အပံကိုမရခဲ့ပါဘူး။ လီဗာပူးလ်အသင်းဘက်မှာလည်း မာနေး လောက်သာ စပါးခံစစ်ကိုဖိအားပေးနိုင်ခဲ့ပြီး ဆာလာ ၊ ဖေမီနို Firmino တို့ဟာလည်း ပထမပိုင်းမှာ ခြေစွမ်းပြနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။

ဒုတိယပိုင်းကတော့ ပထမပိုင်းကထက် နည်းနည်းမြိုင်ခဲ့ပြီး စပါးအသင်းက ချေပဂိုးရရှိဖို့ ပိုကြိုးစားလာခဲ့သလို လီဗာပူးလ်အသင်းကတော့ တန်ပြန်တိုက်စစ်ကို အားပြုကစားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ (၂)သင်းလုံးဟာ လူစားလဲမှု အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး ပထမပိုင်းကထက် ဂိုးပေါက်ကန်သွင်းမှုတွေပိုလုပ်လာနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းရဲ့ လူစားဝင်ကစားသမား မီလ်နာ Milner ရဲ့ ကန်ချက်တစ်ကြိမ်ကတော့ ဂိုးရဖို့နီးစပ်ခဲ့ပြီး တိုင်ဘေးကပ်ထွက်ခဲ့တာကြောင့် စပါးအသင်း သက်သာခဲ့ရပါတယ်။ ပွဲချိန်(၇၉)မိနစ်မှာတော့ ဆွန်ဟောင်မင် ရဲ့ အဝေးကန်ချက်နဲ့ အဲ့ကနေတစ်ဆင့် ရရှိခဲ့တဲ့ လူးကပ်စ်မော်ရာ Lucas Moura ရဲ့နောက်တစ်ကြိမ် ကန်ချက်တွေကို လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန် Alisson ကာကွယ်နိုင်ခဲ့သလို အဲရစ်ဆင် ရဲ့ ဖရီးကစ်ကန်ချက်ကိုလည်း လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၈၇)မိနစ်မှာတော့ လီဗာပူးလ်အသင်း အနိုင်သေချာစေမယ့် ဒုတိယဂိုးကိုရရှိခဲ့ပြီး ဘာစီလိုနာနဲ့ပွဲမှာလည်း အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့တဲ့ တိုက်စစ်မှူး အော်ရီဂီ Origi က ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ဒီနိုင်ပွဲမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွေ့အကြုံဟာ အဓိကကျခဲ့သလိုနည်းပြ ယာဂန်ကလော့ပ် Jurgen Klopp ကလည်း သူ့ရဲ့ဗိုလ်လုပွဲကျိန်စာဆိုးကို ချေဖျက်နိုင်ခဲ့ပါတယ်။ နည်းပြ ယာဂန်ကလော့ပ် ဟာ လီဗာပူးလ်အသင်းအတွက် ချန်ပီယံလိဂ်ချန်ပီယံဆု(ဥရောပဖလား)ကို Paisley ၊ Joe Fagan နဲ့ ဘင်နီတက်ဇ် Benitez တို့နောက်ပိုင်း ရယူပေးခဲ့တဲ့ (၄)ယောက်မြောက် လီဗာပူးလ်နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo: OptaJoe Twitter , Champion League Twitter , Liverpool Twitter
Ko Kyue(Akhayar)
www.akhayar.com