ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယနေ့မှာတော့ အဝေးကွင်းမှာ လာရောက်ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘာစီလိုနာ နဲ့ ဂျူဗင်တပ်စ်တို့ ရလဒ်ကောင်းခဲ့ကြပါတယ်။

မန်ယူ ၀ – ၁ ဘာစီလိုနာ

ဒဏ်ရာပြဿနာတချို့ရှိနေတဲ့ မန်ယူအသင်းကတော့ လူစာရင်းပိုင်း အပြောင်းအလဲ(၃)နေရာလောက်လုပ်ခဲ့ပြီး ဘာစီလိုနာအသင်းကတော့ လက်ရှိအကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့တာပါ။ ပွဲအစပိုင်းမှာတော့ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှုကို အသာစီးယူကစားခဲ့ပြီး မန်ယူအသင်းကတော့ တန်ပြန်တိုက်စစ်ကို အဓိကထားကစားခဲ့ပါတယ်။ ပွဲချိန်(၁၂)မိနစ်မှာတော့ မက်ဆီ Messi ခုတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဆွာရက်ဇ် Suarez ခေါင်းတိုက်ခဲ့ပြီး ဒီဘောလုံးက လုခ်ရှော Shaw နဲ့ထိပြီးဂိုးဝင်ခဲ့ပါတယ်။ ဒီဂိုးပေးလိုက်ရတဲ့ အနေအထားမှာတော့ မန်ယူခံစစ်ပိုင်းရဲ့ လူကပ်ကစားပုံ အားနည်းချက်ကို မြင်ခဲ့ရပြီး ဆွာရက်ဇ် ကို တစ်ယောက်တည်းလွှတ်ထားခဲ့တာပါ။ ပွဲချိန်(၂၅)မိနစ်နောက်ပိုင်းမှာတော့ မန်ယူအသင်း ကစားပုံပြန်ကောင်းလာခဲ့ပြီး ဘာစီလိုနာဘက်ကို ဖိအားအနည်းငယ်ပြန်ပေးလာနိုင်ခဲ့ပါတယ်။ ဘာစီလိုနာကွင်းလယ်လူ ဘူးစ်ကွက်စ် Busquets ကတော့ ကွင်းလယ်ကနေ မန်ယူအသင်းရဲ့ တိုက်စစ်ကို ကြမ်းကြမ်းတမ်းတမ်းဟန့်တားဖြတ်ထုတ်ခဲ့ပြီး ပယ်နယ်တီဧရိယာထဲမှာ တွမ်မီနေး McTominay ကို ပီကေး Pique တားဆီးပုံကြမ်းတမ်းခဲ့ပေမယ့် ပယ်နယ်တီမရခဲ့တာကြောင့် မန်ယူအသင်းနစ်နာခဲ့ရပါတယ်။ ပထမပိုင်းပြီးခါနီးမှာတော့ ဘာစီလိုနာအသင်းရဲ့ အပိုင်ကန်ချက်တစ်ကြိမ်ကို မန်ယူဂိုးသမား ဒီဂီယာ De Gea ကာကွယ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်ယူအသင်းဟာ ပထမပိုင်းကထက်ပိုကောင်းအောင်ကစားနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းကတော့ ခံစစ်ပိုင်းကိုသာ အာရုံစိုက်ခဲ့ပါတယ်။ မန်ယူအသင်းဟာ မာစီယဲလ် Martial ၊ လင်ဂတ် Lingard တို့ကိုထည့်ပြီး တိုက်စစ်ကိုတင်ကစားခဲ့ပေမယ့် ဘာစီလိုနာခံစစ်ကိုတော့ ဒုက္ခပေးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒီပွဲမှာတော့ မန်ယူကွင်းလယ်ဟာ ပုံစံကောင်းမှာရှိခဲ့ပြီး ပေါ့ဘာ Pogba ၊ ဖရက်ဒ် Fred ၊ တွမ်မီနေး တို့က အကောင်းဆုံးကြိုးစားကစားခဲ့ကြပါတယ်။ ဘာစီလိုနာအသင်းရဲ့နိုင်ပွဲမှာတော့ ခံစစ်ပိုင်းစွမ်းဆောင်ရည်က အဓိကကျခဲ့တာဖြစ်ပြီး မန်ယူတိုက်စစ်ကို အခွင့်အရေးလုံးဝမရအောင် တားဆီးနိုင်ခဲ့ပါတယ်။

အေဂျက်စ် ၁ – ၁ ဂျူဗင်တပ်စ်

အဝေးဂိုးတစ်ဂိုးရရှိခဲ့တဲ့ ဂျူဗင်တပ်စ်အတွက်တော့ ရလဒ်ကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ အေဂျက်စ်ကလည်း သူတို့ရဲ့ ထုံးစံအတိုင်းအကောင်းဆုံး စုဖွဲ့မှုတစ်ခုကို ပြနိုင်ခဲ့ပြီး ဂျူဗင်တပ်စ်ကို ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့တာပါ။ ဒါပေမဲ့ ဦးဆောင်ဂိုးကိုတော့ ဂျူဗင်တပ်စ်အသင်းက စရခဲ့တာဖြစ်ပြီး ပွဲချိန်(၄၅)မိနစ်မှာ စီရော်နယ်လ်ဒို Cristiano Ronaldo က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ အေဂျက်စ်အသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန်(၄၆)မိနစ်မှာ David Neres က သွင်းယူခဲ့တာပါ။ ဒီပွဲရလဒ်ကြောင့် ဒုတိယအကျော့ဟာ ဆက်လက်ရင်ခုန်စရာကောင်းနေပေမယ့် ဂျူဗင်တပ်စ်အသင်းကတော့ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo: ManU Twitter , Barcelona Twitter , Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com