ကင်ဆာဖြစ်စေတယ်ဆိုတဲ့ သတင်းတွေကို ဖြေရှင်းနေရတဲ့ “Nutella”

Nutella ကိုထုတ်လုပ်တဲ့ကုမ္ပဏီ Ferrero ဟာ သူတို့ရဲ့ ဟေဇယ်သီးနဲ့ ချောကလက်ထုတ်ကုန်တွေမှာ ကင်ဆာကိုဖြစ်စေနိုင်တဲ့ စားအုန်းဆီတွေအသုံးပြုထားတယ်ဆိုတဲ့အပေါ်မှာ ဖြေရှင်းမှုတွေလုပ်နေရပါတယ်။မေလမှာတုန်းက ဥရောပစားသောက်ကုန်စံချိန်သတ်မှတ်သောအဖွဲ့အစည်း ( European Food Standards Authority) က စားအုန်းဆီတွေမှာတွေ့ရတဲ့ အညစ်အကြေးတွေဟာ ကင်ဆာကိုဖြစ်စေနိုင်တယ်လို့ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ကလေးငယ်တွေအတွက် ပမာဏအနည်းငယ်လောက်ကိုစားသုံးမိတာနဲ့ အန္တရာယ်ဖြစ်စေနိုင်တယ်လို့ဆိုပေမယ့် ပမာဏအတိအကျကိုမပြောကြားတာကြောင့် စိတ်ချရတဲ့ပမာဏကဘယ်လောက်ဆိုတာလည်း မသိရပါဘူး။စားအုန်းဆီကို Cadbury’s Chocolate, Clove နဲ့ Ben & Jerry’s အပါအဝင် ရာနဲ့ချီတဲ့စားသောက်ကုန်ပစ္စည်းတွေမှာပါဝင်ပေမယ့် Nutella ကတော့ စားသုံးသူတွေရဲ့ဆိုးဆိုးဝါးဝါးတုန့်ပြန်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

အီတလီနိုင်ငံမှာရှိတဲ့ စူပါမားကတ်ကွန်ယက်ကြီး Coop အပါအဝင် လက်လီဆိုင်အများအပြားဟာ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ Netella ကိုရောင်းချဖို့ငြင်းဆိုနေကြပါတယ်။ ဒါကိုတုန့်ပြန်တဲ့အနေနဲ့ Ferro ဟာ စားသုံးသူတွေ စိတ်ချလက်ချရှိ စေဖို့ သူရဲ့ထုတ်ကုန်တွေဟာ ဘေးအန္တရာယ်ကင်း ရှင်းကြောင်း ကြော်ငြာကမ်ပိန်းတွေလုပ် နေရပါတယ်။

You May Also Like: “Diet ယဉ်ကျေးမှုနဲ့ ရန်ကုန် Salad ဆိုင်များ”

ရောဂါဖြစ်စေနိုင်တယ်လို့ပြောဆိုနေကြပေမယ့် Ferrero ကတော့ အရည်အသွေးကောင်းပြီးကုန်ကျစရိတ်နည်း တာကြောင့် Nutella မှာ စားအုန်းဆီတွေကိုဆက်သုံးဖို့ဆုံးဖြတ်ထားပါတယ်။ အခြားဆီတွေက စားအုန်းဆီလောက်ကောင်းမွန်တဲ့အရသာကိုမပေးနိုင်တာကြောင့် “Nutella ကို စားအုန်းဆီမပါပဲထုတ်လုပ်တာ ဟာ မူလအရည်အသွေးကိုနိမ့်ကျစေပြီးတော့ နောက်ပြန်သွားသလိုမျိုးဖြစ်နေပါတယ်” လို့ Ferrero ရဲ့ Purchasing Manager Vinvenzo Tapella က Reuters ကိုပြောကြားသွားပါတယ်။

Reuters ရဲ့တွက်ချက်မှုတွေအရ စားအုန်းဆီအစား နေကြာဆီနဲ့ မုန်ညှင်းဆီတွေကိုအစားထိုးသုံးစွဲမယ်ဆိုရင် ထုတ်လုပ်မှုကုန်ကျစရိတ်ဟာ ဒေါ်လာ ၂၂သန်း (ပေါင် ၁၈သန်း) လောက်အထိမြင့်တက်သွားနိုင်ပါတယ်။ Ferrero ကတော့ ဒီတွက်ချက်မှုကိုအတည်မပြုခဲ့သလို ဘာမှတ်ချက်မှလည်းမပေးသွားပါဘူး။

Ref: (www.independent.co.uk)

Photo Credit: (www.independent.co.uk)

Min Thu Kha (အခရာ)

(www.akhayar.com)