အားကစားလောကရဲ့ နာမည်ကျော် France Football Magazine ဟာ ၁၉၅၆ ခုနှစ်က စတင်ပြီး Ballon d’Or ဆုကို ချီးမြှင့်ခဲ့ပါတယ်။ အစောပိုင်းက ဥရောပကစားသမားတွေကိုသာ ရွေးချယ်ချီးမြှင့်ပေမယ့် နောက်ပိုင်းမှာတော့ ဥရောပအခြေစိုက်ကလပ်တွေမှာ ကစားနေတဲ့ ကစားသမားအားလုံးကို ထည့်သွင်းပြီး ဆုချီးမြှင့်တာပါ။ ၂၀၁၀ ခုနှစ်မှာ FIFA နဲ့ ပူးပေါင်းပြီး FIFA Ballon d’Or လို့ အမည်ပြောင်းလဲခဲ့ပေမယ့်၂၀၁၆ ခုနှစ်မှာတော့ Ballon d’Or နာမည်နဲ့ပဲ အရင်လိုဆုပေးခဲ့တယ်။ အဓိက ဆုတွေရဲ့ ထုံးစံအတိုင်း တိုက်စစ်နဲ့ ကွင်းလယ်လူတွေသာ ဆုအများဆုံးဆွတ်ခူးခဲ့ပြီး ဂိုးသမားနဲ့ နောက်တန်းလူတွေထဲမှာ ဆုရတဲ့သူက ခပ်ရှားရှားပါပဲ။ Ballon d’Or သမိုင်းတစ်လျှောက်မှာ ဂိုးသမားတွေထဲက လက်ဗ်ယာရှင် Lev Yashin (၁၉၆၃)တစ်ဦးတည်းသာ ရရှိခဲ့ပြီး နောက်ခံလူတွေထဲမှာဆိုရင် ဘက်ကင်ဘောင်ဝါ Franz Beckenbauer (၁၉၇၂၊ ၁၉၇၆)၊ မာသီးယက်စ် Lothar Matthäus (၁၉၉၀)၊ ကင်နဗာရိုး Fabio Cannavaro (၂၀၀၆)တို့သာ ရရှိခဲ့ဖူးပါတယ်။

ဒီနှစ် Ballon d’Or ဆုကိုတော့ (၁၃)နှစ်အတွင်း ပထမဆုံးအဖြစ် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် Virgil Van Dijk က ဆုရရှိဖို့ အခြေအနေကောင်းနေပါပြီ။ အခုနောက်ပိုင်းနှစ်တွေမှာ ဒီဆုရဖို့က ချန်ပီယံလိဂ်ဖလားအောင်မြင်မှုဟာ အဆုံးအဖြတ်လိုဖြစ်နေတာကြောင့် လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရရှိခဲ့တဲ့ ဗန်ဒိုက်က ရေပန်းစားနေတာဖြစ်ပါတယ်။ တကယ်လို့ လီဗာပူးလ်သာ ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းကို (၁)မှတ်အကွာနဲ့ ဒုတိယသာ မဟုတ်ဘဲ ချန်ပီယံဖြစ်ခဲ့ရင် ဒီဆုဟာ ဗန်ဒိုက်အတွက် ရာနှုန်းပြည့်သေချာတယ်လို့တောင် ပြောရမှာပါ။ ရေပန်းစားမှုကို ပြန်ကြည့်ရင်လည်း ဒီဆုအတွက် ဗန်ဒိုက်နဲ့ အဓိကပြိုင်ဘက်အဖြစ် သတ်မှတ်ရမှာက စီရော်နယ်လ်ဒို Cristiano Ronaldo ၊ မက်ဆီ Lionel Messi တို့ဖြစ်ပြီး စီရော်နယ်လ်ဒိုက ပြည်တွင်းအောင်မြင်မှုသာ ရခဲ့သလို၊ မက်ဆီကလည်း လာလီဂါတစ်ခုတည်းနဲ့သာ ကျေနပ်ခဲ့ရတယ်။

ကိုပါအမေရိကပြိုင်ပွဲမှာသာ အာဂျင်တီးနားအသင်း အခြေအနေကောင်းခဲ့ရင် မက်ဆီအတွက် မျှော်လင့်လို့ရပေမယ့် ဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ရလို့ ရာနှုန်းနည်းသွားပါပြီ။ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင် နောက်ခံလူ ဗန်ဒိုက်ရဲ့ ပြီးခဲ့တဲ့ရာသီ စွမ်းဆောင်ရည်ကို ကြည့်ရင်လည်း သူဟာ Ballon d’Or ဆုနဲ့ ထိုက်တန်သူဆိုတာ လက်ခံရမှာပါပဲ။ ၂၀၁၈-၁၉ ရာသီ လီဗာပူးလ်အသင်းရဲ့ပြိုင်ပွဲစုံ (၆၄)ပွဲမှာ ဗန်ဒိုက်ကို ကျော်ဖြတ်ပြီး ဘောလုံးဆွဲပြေးနိုင်ခဲ့သူဆိုလို့ တစ်ယောက်မှ မရှိဘဲ မက်ဆီလို ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးတောင် သူ့ကို မကျော်ခဲ့ပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘောလုံးပေးပို့မှု စွမ်းရည်က (၈၆.၇)ရာခိုင်နှုန်း၊ လေထဲမှာ ဘောလုံးရယူနိုင်မှုနှုန်းက တစ်ပွဲပျမ်းမျှ(၄)ကြိမ်အထိရှိခဲ့တယ်။ ပရီးမီးယားလိဂ်မှာ အောင်မြင်တဲ့ ဘောလုံးဖျက်ထုတ်မှုနှုန်း (Tackles)က (၇၄)ရာခိုင်နှုန်း၊ Interceptions ပြုလုပ်ခဲ့တာက အကြိမ် (၄၀)ပြုလုပ်ခဲ့သလို တိုက်စစ်ကို လိုက်ပါနိုင်တဲ့အပိုင်းမှာလည်း Assist (၂)ကြိမ်၊ အပိုင်ဂိုးသွင်းခွင့် ဖန်တီးနိုင်မှု (၃)ကြိမ်ရှိတာကြောင့် သူဟာ ခံစစ်၊ တိုက်စစ်မျှအောင် ကစားနိုင်သူလို့ သတ်မှတ်ရမှာပါ။

အခုလောလောဆယ်မှာတော့ Ballon d’Or ဆု ရရဖို့ ဘွတ်ကီဒိုင်တွေရဲ့ အလေးပေးချက်မှာ ထိပ်ဆုံးကရေပန်းစားနေပါပြီ။ မနှစ်က စီရော်နယ်လ်ဒို၊ မက်ဆီတို့ရဲ့ လွှမ်းမိုးမှုကို ကျော်ဖြတ်ပြီး မိုဒရစ် Luka Modrić က Ballon d’Or ဆု ရရှိခဲ့တာကြောင့် ဗန်ဒိုက်အတွက်လည်း ဒီဆုက မျှော်လင့်ချင်စရာပါပဲ။ (၁၀)စုနှစ်တစ်ခုကျော်အတွင်း Ballon d’Or ဆု ရရှိမယ့် ပထမဆုံးနောက်ခံလူအဖြစ် ဗန်ဒိုက် မှတ်တမ်းဝင်နိုင်မလားဆိုတာကတော့ . . .

Photo:Virgil van Dijk Facebook,Fabio Cannavaro Facebook,The Sun,
Naing Linn(Akhayar)
www.akhayar.com