လူတစ်ယောက်ကို မြင်မြင်ချင်း နှစ်သက်သဘောကျတဲ့ အလုပ်တူတူတွဲလုပ်ချင်တဲ့ စိတ်မျိုးဖြစ်ဖူးပါသလား။ မြင်မြင်ချင်း သဘောကျနှစ်သက်ပေမယ့် နောက်ပိုင်းအလုပ်တွဲမလုပ်ချင်တာ၊ မြင်မြင်ချင်းတော့ သဘောမကျဘူး နောက်ပိုင်းအလုပ်တွဲလုပ်တဲ့အခါ အဆင်ပြေတယ်ဆိုတာရော… ဖြစ်ဖူးပါသလား။

မိတ်ဆွေကဘယ်လိုလူမျိုးဖြစ်ချင်ပါသလဲ။  အရင်ခေတ်ကတော့ လူတစ်ယောက်အကြောင်းကို သိဖို့ လပေါင်းများစွာ နှစ်ပေါင်းများစွာအချိန်ယူကြပါတယ်။ ခုခေတ်မှာတော့ Facebook, Instagram အကောင့်ကို ကြည့်လိုက်တာနဲ့ ဒီလူ ဘယ်လိုလူပါဆိုတာ ခန့်မှန်းနိုင်နေပါပြီ။ အခုခေတ်မှာ ပြိုင်ဆိုင်မှုတွေ တအားများလာသလို၊ အောင်မြင်ချင်တဲ့ သူတွေလဲ အလွန်များလာပါတယ်။

အရမ်းကြိုးစားတဲ့ လူတွေကြားထဲမှာ အရမ်းတော်တဲ့ လူတွေကြားထဲမှာ ကိုယ့်ကိုကိုယ် ပိုပြီးတော့ အောင်မြင်အောင်၊ ရလဒ်ပိုရလာအောင် ဘယ်လို လုပ်ဆောင်ကြမလဲ။ ဘာတွေကို ဘယ်လိုပြုပြင်ပြောင်းလဲကြမလဲ။

Personal Branding တည်ဆောက်ဖို့ လိုအပ်တယ် Image ကိုယ့်ရဲ့ ပုံရိပ်ကောင်းဖို့ လိုအပ်တယ် စသဖြင့် အများကြီး ပြောလာကြပါတယ်။ ဘာကြောင့်အရေးကြီးတာလဲ၊ လူတိုင်းမှာ အများနဲ့ မတူတဲ့ အားသာချက်တွေရှိပါတယ်။ ဒီအားသာချက်တွေ၊ ကိုယ့်ရဲ့ ဘ၀ပန်းတိုင်၊ ရည်မှန်းချက်တွေပေါ် အခြေခံပြီး ကိုယ်နဲ့ ကိုက်ညီတဲ့၊ ကိုယ်တိုင်နှစ်သက်တဲ့ ကိုယ်ပိုင် Personal Brand ကို တည်ဆောက်လို့ရပါတယ်။

ဒီPost မှာ အဓိက ထားပြောချင်တာက လုပ်ငန်းခွင်က Professional တစ်ယောက်ရဲ့ Personal Brand ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ Personal Brand ကို တည်ဆောက်ဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အယူအဆတွေလည်း အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ အဓိက အခြေခံအချက်အလက်တွေကိုပဲ ပြောရရင် လူတစ်ယောက်ရဲ့ Personal Brand ကို သက်ရောက်စေတဲ့ အရာ ၅ ခုရှိပါတယ်တဲ့။

 

  • ၁။ Appearance – ပြင်ပပုံပန်းသဏန်
  • ၂။ Behaviour – အပြုအမူ
  • ၃။ Communication – ဆက်သွယ်ပြောဆိုခြင်း
  • ၄။ Knowledge – အသိပညာဗဟုသုတ
  • ၅။ Skills – ကျွမ်းကျင်မှု စတာတွေနဲ့ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ အချိန်ယူတည်ဆောက်ရပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ချင်တဲ့လူတွေအတွက် မေးခွန်းလေးတွေ အောက်မှာပေးထားပါတယ်။ မလိမ်မညာဘဲ ကိုယ့်ကိုယ်ကိုယ် အမှတ်ပေးကြည့်ပါ။ ပြီးပြည့်စုံတဲ့လူ မဖြစ်ချင်ပါနဲ့လို့ ကြိုတင်ပြောပါရစေ။ ပြီးပြည့်စုံတဲ့လူတွေချည်းသာဆို လောကကြီးက ပျင်းစရာကြီး။ ကိုယ့်လမ်းကြောင်းကိုယ်ဖောက်၊ တစ်ယောက်နဲ့တစ်ယောက် မတူတာလေးတွေကို လေ့လာပြီး ညှိနှိုင်းသွားမှ ကောင်းမွန်တဲ့ လူ့ဘောင်တစ်ခု ဖန်တီးနိုင်မယ်လို့ထင်ပါတယ်။

First Impression

အသေးစိတ် ကျွန်မတို့ ပြန်ပြီးဆွေးနွေးမယ်ဆိုရင် ကိုယ့်ရဲ့  First Impression.. ကိုယ်နဲ့ ပထမဦးဆုံးအကြိမ် တွေ့တဲ့ အချိန်မှာ ကိုယ့်ရဲ့ Image က ဘယ်လို မျိုးလဲ၊ သူများက ကိုယ့်ကို ပထမဆုံးအကြိမ်မှာ ဘယ်လိုမြင်သလဲ။ လေးစားစရာကောင်းတဲ့ ပုံရိပ်မျိုးရှိရဲ့လား။ ကိုယ်ဝတ်ဆင်တဲ့ အဝတ်အစားက ဘယ်လိုမျိုးလဲ ကိုယ်နဲ့တော်ရဲ့လား၊ ကိုယ်နဲ့ လိုက်ဖက်မှုရှိရဲ့လား၊ သွားမယ့် လမ်းကြောင်း၊ လုပ်မယ့်အလုပ်နဲ့ ကိုက်ညီမှုရှိရဲ့လား…ဘယ်လိုမျိုး အသား၊ အဆင်၊ အဝတ်အစားရဲ့ Quality ဝတ်ဆင်ထားသလဲ။ Personal Grooming လို့ခေါ်တဲ့ တစ်ကိုယ်ရည် သားနားသေသပ်မှု၊ စမတ်ကျမှု ဘယ်လောက်ရှိလဲ စတဲ့ ကိုယ့်ရဲ့ ပြင်ပ အသွင်အပြင်ကို အသုံးပြု ပြီးတော့ First Impression ကောင်းအောင်လုပ်နိုင်ပါတယ်။

 

အပြုအမူ အနေအထိုင်

Non-Verbal Communication လို့ခေါ်တဲ့ ကိုယ့်ရဲ့ ခြေဟန်လက်ဟန် ကိုယ်ဟန်အမူအရာ၊ ပြီးရင် ကိုယ် အလုပ်လုပ်တဲ့ အလေ့အထတွေ၊ သူများပြောတဲ့စကားကို ဘယ်လိုနားထောင်လဲ၊ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ဘယ်လို ကိုင်တွယ်နေလဲ၊ ထိန်းချုပ်နိုင်လဲ။

You May Like : ကိုယ်ပိုင် Brand တည်ဆောက်ဖို့ မလိုဘူးတဲ့လား

 

Communication ဆက်သွယ်ခြင်း အနုပညာ

သူများနဲ့ ဘယ်လို ဆက်သွယ်နေလဲ။ သူများကို ကိုယ်ဘယ်လိုဆွဲဆောင်မလဲ။ သူများကို လွှမ်းမိုးနိုင်တဲ့ အရည်အချင်းရှိသလား။ ကိုယ်ဘယ်လောက်ထိ မှန်မှန်ကန်ကန်ပြောဆိုလဲ၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာက ဘယ်လိုမျိုးလဲ၊ ကိုယ်သူများကို ဘယ်လောက်ထိ လေးလေးစားစားဆက်ဆံသလဲ။ ဒါတွေက ကိုယ့်ရဲ့ ဆက်သွယ်ခြင်းစွမ်းရည်အပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။

 

အတွေးအခေါ်

နောက်တစ်ခုက အတွေးအခေါ်ပိုင်းပါ။ ကိုယ်ဘယ်လိုတွေးလဲ။ အကြောင်းအရာ တစ်ခုခုကို ကိုယ်သိလာတဲ့အချိန်၊ ကောင်းတာ ဖြစ်စေ မကောင်းတာဖြစ်စေ ဖြစ်လာတဲ့အချိန်မှာ ကိုယ့်ရဲ့ အတွေးအခေါ်က ဘယ်လိုရှိလဲ၊ တုံ့ပြန်ပုံက ဘယ်လိုလဲ။ အမြဲအကောင်းမြင်သလား၊ ဘာလာလာအဆိုးမြင်သလား။ ကိုယ့်ရဲ့ စီးပွားရေး သို့မဟုတ် လုပ်ငန်းခွင်ထဲမှာ ပြဿနာဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ စဉ်းစားပုံ စဉ်းစားနည်းက ဘယ်လိုမျိုးရှိသလဲ။ ပြဿနာကို သူများအပေါ် ပုံချလား၊ ပြဿနာကို ကိုယ်တိုင်ရှင်းဖို့ စဉ်းစားသလား?

 

အသံ

ကိုယ့်ရဲ့ အသံက ဘယ်လောက်ထိ ဆွဲဆောင်မှုရှိသလဲ၊ ကိုယ်ပြောနေတဲ့ အကြောင်းအရာနဲ့ ဘယ်လောက်ထိ လိုက်ဖက်မှုရှိသလဲ ဘယ်လောက်ထိကြည်ကြည်လင်လင်ပြောနိုင်လဲ.. အသံ Tone တစ်ခုထဲလား…

သို့မဟုတ် ကိုယ့်ရဲ့ Expression စိတ်ခံစားချက်ပါ ပါဝင်လာအောင် ပြောနိုင်လား ဒါကတော့ Verbal Communication လို့ သတ်မှတ်ပါတယ်။

You May Like : First Impression

 

Maximising Your Potential

ကိုယ့်ရဲ့ အလုပ်ကို ဘယ်လိုမျိုး စီမံခန့်ခွဲနေသလဲ.. ကိုယ်သူများကို ဘယ်လို ဦးဆောင်သလဲ.. ဘဝမှာ ဖြစ်ချင်တဲ့အရာတွေကို ရောက်အောင် ဘယ်လိုနည်းလမ်းတွေနဲ့ သွားနေလဲ။ ကိုယ့်ဘဝရဲ့ ရည်မှန်းချက်ကို ဘယ်လိုဖော်ဆောင်နေလဲ။ ကိုယ့်ကိုကိုယ် အမြဲတမ်းတိုးတက်နေအောင် ဘယ်လို Develop လုပ်သလဲ?

အဲ့ဒီအချက်တွေပေါ်မူတည်ပြီး ကိုယ့်ရဲ့ Personal Brand သည် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ လိုသလိုတည်ဆောက်လို့ရပါတယ်။ ထပ်ပြောပါမယ်။ သူများနဲ့ ကိုယ့်ဘ၀သည် လုံးဝမတူတဲ့အတွက် သူများကို ပုံတူမကူးချပါနဲ့။ သူများ ၁ဝဝရာခိုင်နှုန်းနားလည်အောင် လိုက်မကြိုးစားပါနဲ့။ ကိုယ့်ဘဝကိုယ်ပဲ ဖန်တီးလို့ရပါတယ်။

ဤဆောင်းပါးကို Brand You မှ ကူညီပံ့ပိုးပါတယ်။