ဟရောင်…သားကြီး (သင့် သူငယ်ချင်းဟာ ဘယ်လို သားကြီး မျိုးလဲ?)

“ဟရောင်…သားကြီး”။ ကျနော်တို့တွေ အရမ်းခင်တဲ့ သူငယ်ချင်းတွေ၊ ဘော်ဒါတွေကို ခေါ်ရင် အသုံးဖြစ်ဆုံးနာမည် တစ်ခုဆိုရင် မှားမယ်မထင်ပါဘူး။[ မိန်းကလေးတွေကတော့ သူတို့အချင်းချင်း ဘာလို့ သမီးကြီးလို့မခေါ်ကြလဲမသိရ ] 😉 ။ ဟရောင်…သားကြီး လို့ခေါ်ရတာ ခေါ်လို့လဲ ကောင်းသလို ပိုပြီးခင်မင်ရာရောက်တယ်လို့ ယူဆကြလို့ ကျနော်တို့တွေ ခေါ်ဖြစ်နေကြတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သားကြီးချင်းတောင် ကွာကြသေးသဗျို့။ သားကြီး တွေက တစ်ယောက်တစ်မျိုးတွေကလား။ အဲဒီလို သားကြီး တွေထဲမှာမှ ကျနော်တို့ ပတ်ဝန်းကျင်တွေမှာ အတွေ့ရဆုံး သားကြီးပုံစံတွေကို အပျော်သဘော စာရင်း ပြုစုရေးသားထားတာ ဖြစ်ပါတယ်။ သင်ဟာ ဘယ်လို သားကြီး ပါလဲ? သင့် သူငယ်ချင်းတွေကရော ဘယ်လို သားကြီးတွေပါလဲ?  ငါတို့သည် သားကြီးများသာ….( သူငယ်ချင်းတွေထဲမှာ စာရင်းထဲက သားကြီးမျိုးတွေ {ဒါမှမဟုတ် သမီးကြီးတွေ} ရှိရင် mention ခေါ်ပြီး အများသိရအောင် အထုပ်ဖြေလိုက်ပါဦး ) 😉

 

၁ – စေတနာထက်သန် ဒကာ သားကြီး

သူ့ဆီက အကြားရဆုံးကတော့ “လိုက်ခဲ့ပါကွာ..ငါ တိုက်ပါ့မယ်” ဆိုတာပါပဲ ။ လက်ဘက်ရည် ဝိုင်းဖြစ်ဖြစ်၊ ဘီယာဝိုင်းဖြစ်ဖြစ် ပိုက်ဆံရှင်းပြီ ဆိုရင် သူရှင်းလိုက်ရမှ {ပိုက်ဆံကလည်း သူငယ်ချင်းတွေ ကျွေးဖို့ မွေးဖို့ဆို အမြဲရှိနေတဲ့ ကောင်မျိုး} ။ အဲဒီလို ရှင်းရလို့လည်း ဘယ်တော့မှ မငြီး၊ ဘယ်တော့မှ စောတက မတက်ဘူး။ သူ့စိတ်ထဲမှာက သူငယ်ချင်းတွေ စုံပြီး သောက်ရ စားရဖို့က အဓိက ဆိုတဲ့ သားကြီးမျိုး။ ဒီလို သားကြီးမျိုးကတော့ များသောအားဖြင့် လူချစ်လူခင် ပေါလေ့ရှိတယ်။

 

၂ – Gym ဘဒို သားကြီး

Cardio ကဘယ်လို၊ ဒီနေ့က leg day မို့ ကွလာတယ်၊ လေ့ကျင့်ခန်းမလုပ်ခင် stretch လုပ်ရတာတင် ၁၅ မိနစ်လောက် စသည် စသည် တို့ကို အများဆုံး ကြားရမယ့် သားကြီးမျိုးတွေပါ။ ဘီယာ သောက်ဖို့ အင်မတန် ဝန်လေးသူတွေထဲမှာလည်း ပါပါတယ်။ ပြီး အဝတ်အစားကိုကြည့်တာ နဲ့ gym ဆော့တဲ့သူမှန်း သိသာအောင် ဝတ်ထားလေ့ရှိတယ်။ အမြဲ အကျီင်္က အကျပ် (ဒါမှမဟုတ်) စွပ်ကျယ် နဲ့ကိုမှ အောက်က Sweatpants နဲ့ဆို အဲဒါ gym သားကြီးဖြစ်ဖို့များသွားပြီ။ ဟယ်ရီဘားသော..အီကလစ်ဘားသော မရွေး ဒါပဲဝတ်တယ်။ ပြီး အစားအသောက်မှာရင်တောင် ကြွက်သားတွေ ညှစ်ပြီး မှာတာ။ နံပြားကြီးကြီး တစ်ချပ်မှာချင်ရင်တောင် လက်ဟန်တွေသုံး၊ biceps တွေ ညှစ်ပြီး မှာတာပါဆို…;) ။ Gym သားကြီးတွေကတော့ gym ဆော့တဲ့သူအချင်းချင်း ပေါင်းဖြစ်ကြတာများတယ်။

 

၃ – ရည်းစားတိုင်ပတ် မျှင်မပြတ် သားကြီး

ဒီလိုသားကြီးမျိုးလဲ အဖွဲ့တိုင်းမှာ ရှိတယ်။ စော် နဲ့အမြဲ ပြဿနာတွေတက်၊ phone တွေဆက် ၊ဒေါသတွေ ထွက်ရ၊ ချော့ရ၊ ပြုရ၊ ရောက်လေရာ report လုပ်ရ ၊ ပေါက်ကွဲရ နဲ့ ရည်းစား တစ်ယောက်ထဲနဲ့ကို အမြဲတမ်း တိုင်ပတ်နေတဲ့ ကောင်မျိုးတွေပေါ့။ ပြဿနာက သူလား၊ သူ့ရည်းစားလား တော့မသိပေမယ့် တက်တော့တက်နေတာပါပဲ။ တခြားသူငယ်ချင်းတွေ ဘာတွေပြော၊ ဘာတွေလုပ်လဲ ဆိုတာကို သူတို့တွေ အမြဲ လွတ်လွတ်သွားလို့ အစကနေ ပြန်ရှင်းပြရတဲ့ သားကြီးမျိုးတွေပေါ့။

 

၎ – Rave လို့ကိုမဝ ၊ Edm က ဘဝ သားကြီး

နောက်ဆုံးပေါ် သားကြီးတွေ လို့ဆိုရမလားပဲ။ဒို့ဆီမယ်…ပေါ်လာတာတော့ သိပ်မကြာသေးပေမယ့် အုံနဲ့ ကျင်းနဲ့ကို တွေ့နေရပါပြီ။ rave မယ်ဆိုတာချည်းတွေ….Dj ခုန်ခိုင်းမယ့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ခုန်ကြသူတွေ ၊ ပခုံးသန်သူ သားကြီးတွေပါ။ များသောအားဖြင့် dj တွေက ဘယ်နိုင်ငံရောက်ရောက် ဒီသီချင်း တစ်မျိုးထဲကို တစ်ပုံစံထဲဖွင့်ဖွင့်ပြနေတာကို မရိုးတမ်း နားထောင်နိုင်ပြီး ပိုက်ဆံဖြုန်းနိုင်သူ သားကြီးတွေပါ။

 

၅ – Iphone ကိုင် Android မုန်း သားကြီး

ရှိတယ်..ရှိတယ်… iPhone ကိုင်ထားပြီး နေရင်းထိုင်ရင်း android သမားတွေကို ဘာဖြစ်တယ်၊ညာဖြစ်တယ် လိုက်ပြောနေတဲ့ သားကြီးတွေ အဖွဲ့တိုင်းမှာရှိတယ်။ ကွကိုယ်နေလည်း မရပဲ မင်းတို့ Samsung တွေ၊ Mi တွေ ၊ Huawei တွေ ငါတို့  iPhone လောက် ကောင်းလို့လားဆိုပြီး လိုက်ယှဉ်နေတဲ့ သားကြီးတွေပေါ့။ သူတို့ရဲ့ အတွေ့ရများတဲ့ လက္ခဏာ ကတော့ သူတို့ရဲ့ iPhone တွေကို အိပ်ကပ်တွေထဲ ထည့်ထားလေ့မရှိပဲ ကိုင်ထားလေ့ရှိပြီး သူတို့ရဲ့ ကောင်းလှပါတယ်ဆိုတဲ့  iPhone တွေက ကွဲအက် နေတာပါပဲ။

 

၆ – မထုံတက်တေး မြုံစိ သားကြီး

မပြောရဲ၊ မဆိုရဲ ၊မထုံတက်တေး နဲ့ စကားပြောရင်တောင် လေးလုံးမကွဲတဲ့ သားကြီးတွေပေါ့။ ဘာတွေ ရှက်နေ ကြောက်နေမှန်းမသိရပဲ…နောက်ဆုံး ကိုယ်ကြိုက်နေတဲ့ စော်ကိုတောင် ကြိုက်တဲ့အကြောင်းမပြောရဲလို့ ဘေးကလူတွေ လှော်ပေးရင်တောင် မျက်နှာကြီး နီပြီး ရှက်နေတဲ့ကောင်တွေပေါ့။ ဒီလောက်နဲ့ပဲ ကျေနပ်ပါတယ် ဆိုတဲ့ သားကြီးတွေလို့ ခေါ်ရမလားပဲ။

 

၇ – စက်ဆြာ App ဆြာ သားကြီး

ဖုန်းအကြောင်းလား၊ laptop အကြောင်းလား၊ root ဖောက်မလား၊ version မြှင့်မလား ကြိုက်တာသာမေး ဖြေရှင်းပေးနိုင်တဲ့ သားကြီးတွေက သီးသန့် တစ်ဖွဲ့ရှိသေးတယ်။ App တွေအကြောင်းလဲ အကုန်နားလည်ပြီး အမြဲ up to date ဖြစ်နေတဲ့သားကြီးတွေ။ များသောအားဖြင့် Dota လည်းစွဲစွဲမြဲမြဲ ခုတ်လေ့ရှိတယ်။ သူတို့ပုံစံတွေက များသောအားဖြင့် ဖြူဖျော့ဖျော့ နဲ့ မျက်မှန်တွေနဲ့ တွေ့ရတတ်တယ်။ တစ်ခုခု ပြဿနာတက်ပြီဆိုရင် “သားကြီးရေ..လုပ်ပါဦး” ဆိုပြီး ပြေးရတဲ့ သူတွေပေါ့။

 

၈ – တစ်လိုင်းသန် မောင်ထန် သားကြီး

အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်း မစားပဲ တစ်လိုင်းထဲ မှ တစ်လိုင်းထဲသန်တဲ့ သားကြီးတွေပေါ့။ Fb မှာ ဘာညာ group မတွေ့လိုက်နဲ့ သူကပါပြီးသား။ ဖုန်း နဲ့ hard disk တွေထဲမှာ စုထား ဆောင်းထားတာတွေ လည်းအပြည့်။ ဝါးလုံးတင်တဲ့ကားတောင်  သူတို့ရှေ့ ကြာကြာမရပ်ရဲဘူး။ ဘယ်နေရာမှာ၊ ဘယ်သူ၊ ဘယ်လောက်၊ ဘယ်လို၊ ဘယ်နှစ်ချိန် အကုန်သိလို့ တစ်ခါတစ်လေ သူတို့အကူအညီ ယူရလောက်အောင် ထန်(အဲလေ) ကျွမ်းကျင်တဲ့ သားကြီးတွေပါ။

 

၉ – မစွဲပါဘူး..ကြိုက်လို့ကို သောက်တာ သားကြီး

ဘီယာ၊အရက်သောက်ဖို့ အမြဲတမ်း တစ်နည်းနဲ့မဟုတ် တစ်နည်း ကြိုးစားကြံစည်နေတဲ့ သားကြီးတွေ။ ManU နိုင်လည်းသောက်၊ Chelsea ရှုံးလည်းသောက်၊ ဖွေးစိန် အကယ်ဒမီ ရလည်းသောက်၊ သူငယ်ချင်း အသဲကွဲလည်းသောက်၊ ရာသီဥတုပူလို့သောက်…ပြောရင်ကုန်တော့မှာမဟုတ်လို့ ရပ်လိုက်တော့မယ်။ အဓိက ကတော့ သောက်ဖို့ပဲ။ ညနေ ၆ နာရီ ဝန်းကျင်လောက် ဖုန်းလာပြီဆို မကြည့်လိုက်နဲ့…ဒင်းတို့ပဲ။ အဲဒီလိုသားကြီးတွေပြောနေကျတစ်ခုကတော့ “မစွဲပါဘူး..ကြိုက်လို့ကို သောက်တာ”တဲ့။

 

၁၀ – ယမကာ မှီဝဲ ဝုန်းဒိုင်းကျဲ သားကြီး

သူတို့တွေကျပြန်တော့ တစ်မျိုးကွဲပြန်ရော။ ဒီသားကြီးမျိုးတွေက ဒီအတိုင်းဆို ရိုးရိုးပဲ။ အရည်လေး ဝင်သွားမှ လုံးဝကြီးကို ပြောင်းလဲသွားတဲ့သူတွေ။ အဲဒီထဲမှာတောင် မူးငို၊ မူးရယ်၊ မူးက၊ မူးရန်ရှာ၊ မူးအန်၊ မူးတောင်၊ မူးသီချင်းဆို ဆိုပြီး ပြန်ကွဲသွားသေးတာ။ မူးလာရင် ဘာသာရေး၊နိုင်ငံရေးလို topic အကြီးကြီးတွေ အသဲအသန် ဆွေးနွေးတဲ့သားကြီးတွေက သပ်သပ် တစ်လိုင်းရှိလိုက်သေးတာ။

 

၁၁ – ဖောက်စိန် သားကြီး

အဖွဲ့ထဲမှာ ဘယ်သူ ဘာပြောပြော လိုက်ဖောက်နေတဲ့ သားကြီးမျိုးပေါ့။ ရုပ်တည် နဲ့ကို ဖောက်တာ။ သူတို့ပြောလေ့ရှိတာတွေက “အတည်ပြောတာ၊တကယ်ပြောတာ” ဆိုတာမျိုးတွေ …ဒါပေမယ့် အဲဒါကလည်း ဖောက်နေတာ။ အဖွဲ့တိုင်းလိုလိုမှာ အဲဒီလို ဖောက်စိန် သားကြီး တစ်ကောင်တော့ တွေ့ရလေ့ရှိတယ်။

 

၁၂ – စူဇကာ သားကြီး

ရှည်ဝေးစွာ မရေးလိုပြီ။ ဒီလိုသားကြီးတွေကတော့ စားသောက်ဆိုင်ရွေးဖို့ နဲ့ စားဖို့ မွေးဖွားလာသူတွေပါ။

 

၁၃ – ဘောလေဝသ သားကြီး

အပေါ်ကြေး၊ အောက်ကြေး ၊ ဘယ်နှပြားပေါက်၊ ဂိုးပေါင်း စလို့ ဘော နဲ့ပတ်သက်သမျှပဲ ပြောနေတတ်တဲ့ သားကြီးမျိုး။ သူအားပေးတဲ့ အသင်း ရှုံးသည်ဖြစ်စေ..နိုင်သည်ဖြစ်စေ ဖင်ပိတ်ပြီးလည်း လေတိုက်တတ်သေးတာ။ ဝတ်လိုက်ရင်လည်း ဂျာစီတွေပဲများပြီး လူစုပြီး ဘောကန်ဖို့ အမြဲစည်းရုံး နေတဲ့ သားကြီးတွေ။

 

၁၄ – ဘာလာလာ သားကြီး

ဒီသားကြီးတွေကတော့ အတွေ့ရအများဆုံး သားကြီးတွေပေါ့။ အပေါ်က သားကြီးပေါင်းစုံရဲ့ ဒဏ်တွေ လှိမ့်ခံရတာများတယ်။ အရက် ဆိုလဲ လိုက်သောက်လိုက်ရ ၊ အနှိပ်ခန်း ဆိုလဲ သွားလေ၊ ဘောဆိုလဲ ကန်တာပေါ့၊ ကာရာအိုကေ လည်း အိုခေ စသည်စသည် ပေါ့။ ဒါပေသိ ဘာလာလာ down တဲ့အတွက် အပေါင်းအသင်းတော့ အတော်များတဲ့သားကြီးတွေပေါ့။

ကျနော်တို့ ပတ်ဝန်းကျင်တွေမှာ အတွေ့ရဆုံး သားကြီးပုံစံတွေကို အပျော်သဘော စာရင်း ပြုစုရေးသားထားတာ ဖြစ်ပါတယ်။ သင်ဟာ ဘယ်လို သားကြီး ပါလဲ? သင့် သူငယ်ချင်းတွေကရော ဘယ်လို သားကြီးတွေပါလဲ?  ငါတို့သည် သားကြီးများသာ….( သူငယ်ချင်းတွေထဲမှာ စာရင်းထဲက သားကြီးမျိုးတွေ (ဒါမှမဟုတ် သမီးကြီးတွေ) ရှိရင် mention ခေါ်ပြီး အများသိရအောင် အထုပ်ဖြေလိုက်ပါဦး ) 😉

 

သကောင့်သား ( အခရာ )

www.akhayar.com