၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီဟာ အေဂျက်စ်အသင်းအတွက် လှပခဲ့တဲ့ ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။ အလားအလာရှိတဲ့ လူငယ်ကစားသမားကောင်းတွေ ထွက်ပေါ်လာခဲ့သလို နည်းပြ အဲရစ်တန်ဟက် Erik ten Hag ဟာလည်း နာမည်ကျော်နည်းပြစာရင်းဝင်လာခဲ့ပြီး အချိန်ကာလအတိုင်းအတာတစ်ခုထိ ဝေးကွာနေတဲ့ ချန်ပီယံဆုဖလားတွေကို ရရှိခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အသင်းကြီးတွေကို ကျော်ဖြတ်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ထိတက်ရောက်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အေဂျက်စ်အသင်းဟာ နယ်သာလန်အမှတ်ပေးဖလားကို ရမှတ်(၈၆)မှတ်နဲ့ ဗိုလ်စွဲနိုင်ခဲ့ပြီး ဒါဟာ ဒီပြိုင်ပွဲမှာ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပြန်လည်ဗိုလ်စွဲခဲ့တာပဲဖြစ်ပါတယ်။ ဒီရာသီ KNVB Cup ပြိုင်ပွဲမှာလည်း အေဂျက်စ်အသင်း ဗိုလ်စွဲနိုင်ခဲ့တာကြောင့် ဒါဟာလည်း ဒီပြိုင်ပွဲမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပြန်လည်ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီအခြေအနေတွေကို ကြည့်ရင်တော့ အေဂျက်စ်အသင်းဟာ အောင်မြင်မှုနဲ့ ဝေးကွာနေတာ ကြာနေပြီဖြစ်သလို ဒီရာသီမှာမှ ပြည်တွင်းဖလား(၂)လုံးကို ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ အေဂျက်စ်အသင်းရဲ့ အောင်မြင်မှုတွေမှာတော့ နည်းပြအဲရစ်တန်ဟက် ဟာ အဓိကကျခဲ့ပြီး သူ့လက်ထက်မှာ အသင်းဟာ အရာရာအားလုံးတိုးတက်မှုတွေရှိလာခဲ့ပြီး လူငယ်ကစားသမားတွေဖြစ်တဲ့ ဒီလိဂ် De Ligt ၊ ဒီယွန်း De Jong ၊ ဗန်ဒီဘိ Van de Beek ၊ ဒေးဗစ်နီယက်စ် David Neres တို့ပိုအရောင်တောက်လာကြသလို ဘလင်း Blind ၊ တာဂလီယာဖီဂို Tagliafico ၊ ဇီယက်ခ်ျ Ziyech ၊ တာဒစ် Tadic တို့ဆီကနေလည်း အကောင်းဆုံးခြေစွမ်းတွေကို ညှစ်ယူနိုင်ခဲ့ပါတယ်။

အေဂျက်စ်အသင်း ဒီရာသီမှာ ရရှိခဲ့တဲ့ ဆုဖလား(၂)လုံးဟာ အဲရစ်တန်ဟက် ရဲ့ နည်းပြဘ၀ ပထမဆုံးရရှိခဲ့တဲ့ ဆုဖလားတွေဖြစ်ပြီး လက်ရှိမှာ သူ့ကို ဘာစီလိုနာအသင်းက စိတ်ဝင်စားနေပေမယ့် အေဂျက်စ်အသင်းမှာပဲ ဆက်ရှိနေမယ်လို့ သိရတာကြောင့် အေဂျက်စ်အသင်းအတွက် ကျေနပ်စရာဖြစ်ပေမဲ့ အသင်းက ကစားသမားအများစုက အပြောင်းအရွှေ့ဈေးကွက်ထဲမှာ အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်နေတာကြောင့် ကစားသမားတွေကို အသင်းမှာဆက် ထိန်းထားနိုင်ဖို့ကတော့ အခက်အခဲရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီဟာ အေဂျက်စ်အသင်းအတွက် လှပခဲ့တဲ့ ရာသီတစ်ခုဖြစ်ခဲ့ပြီး ပရိသတ်တွေအတွက်လည်း ဘောလုံးရသအပြည့်အ၀ပေးစွမ်းနိုင်တဲ့ အသင်းကို ခံစားခွင့်ရရှိခဲ့ကြပါတယ်။

Ref: BBC Sports , wikipedia
Photo: Ajax Twitter , Goal.com , Daily Mail
Ko Kyue(Akhayar)
www.akhayar.com