ဘောလုံးသမားဘ၀ကနေ အနားယူသွားပြီဖြစ်တဲ့ ဘရာဇီးလ်နာမည်ကျော် ကစားသမား ရော်နယ်လ်ဒင်ဟို Ronaldinho ဟာ အသက်(၃၉)နှစ်အရွယ်မှာ ဘောလုံးလောကထဲကို မထင်မှတ်ဘဲ ပြန်ဝင်လာပြီဖြစ်ပါတယ်။ ကစားသမားဘ၀တစ်လျှောက် ဘာစီလိုနာ၊ အေစီမီလန်အသင်းတို့နဲ့အတူ အောင်မြင်မှုတွေ ရယူခဲ့တဲ့ ရော်နယ်လ်ဒင်ဟိုဟာ ၂၀၁၈၊ ဇန်န၀ါရီလ(၁၈)ရက်မှာ ဘောလုံးသမားဘ၀ကနေ အနားယူခဲ့သူဖြစ်ပါတယ်။ (၁)နှစ်အကြာမှာတော့ ဘောလုံးလောကထဲကို ရော်နယ်လ်ဒင်ဟို ပြန်လာတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ ကလပ်အသင်းတစ်သင်းနဲ့ စာချုပ်ချုပ်ဆိုမှာ မဟုတ်ဘဲ ကိုလံဘီယာကလပ် Independiente Santa Fe အသင်းကစားမယ့် ခြေစမ်းပွဲမှာ ပါဝင်ကစားမှာဖြစ်ပါတယ်။

Independiente Santa Fe အသင်းဟာ လာမယ့်အောက်တိုဘာ (၁၇)ရက်မှာ ခြေစမ်းပွဲကစားမှာဖြစ်သလို ရော်နယ်လ်ဒင်ဟိုက အဲဒီပွဲကို လူစိတ်ဝင်စားမှု ပိုများအောင် Independiente Santa Fe အသင်းအတွက် ပါဝင်ကစားပေးမှာဖြစ်ပြီး အခုဆိုရင် အဲဒီခြေစမ်းပွဲအတွက် လက်မှတ်ဈေးနှုန်းက ပေါင်(၃၀)အထိ သတ်မှတ်ထားတာဖြစ်ပါတယ်။ Independiente Santa Fe အသင်းအနေနဲ့ ဘယ်အသင်းနဲ့ ခြေစမ်းမလဲဆိုတာ အတိအကျ မထုတ်ပြန်သေးပါဘူး။ Independiente Santa Fe အသင်းဟာ ကိုလံဘီယာမှာ အောင်မြင်မှု အများဆုံး ကလပ်အသင်းတစ်သင်းဖြစ်ပြီး အမှတ်ပေးဖလားကို (၁၇)ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရော်နယ်လ်ဒင်ဟိုဟာ ဘရာဇီးလ် Passport မရှိတာကြောင့် ဒီခြေစမ်းပွဲ ကစားဖို့ ကိုလံဘီယာနိုင်ငံကို သွားခွင့်ရမလားဆိုတာပဲ စောင့်ကြည့်ရမှာပါ။

REF:DailyMail
Photo:Ronaldinho Gaúcho
Naing Linn(Akhayar)
www.akhayar.com