မနက်ဖြန် မနက်(၇)နာရီမှာတော့ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲကြီးပွဲကောင်း ပွဲစဉ်ဖြစ်တဲ့ အိမ်ရှင် ဘရာဇီးလ် – အာဂျင်တီးနား ပွဲရှိနေပါတယ်။ ဒီပွဲမှာ ဘယ်အသင်းအနိုင်ရမလဲဆိုတာကို ခပ်လွယ်လွယ်တွေးကြည့်ရင်တော့ ဘရာဇီးလ် လို့သာ ယူဆကြမှာပါ။ ဒါပေမယ့် အာဂျင်တီးနားအသင်းဟာ ဖိအားတွေများနေတဲ့ အနေအထားကနေ ဒီအဆင့်ထိ ရောက်ရှိလာခဲ့တဲ့ သူတို့ရဲ့ ကံတရားကိုတော့ ထည့်စဉ်းစားရပါလိမ့်မယ်။ နောက်တစ်ချက်ကတော့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ Messi ပါပဲ။ ဒီနှစ် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ထင်သလောက် အစွမ်းမပြနိုင်တဲ့ မက်ဆီ ဟာ ဘရာဇီးလ်နဲ့ ပွဲမှာခြေစွမ်းပြနိုင်ဖို့ အစွမ်းကုန်ကြိုးစားလာမှာ သေချာပါတယ်။ နိုင်ငံအသင်းနဲ့ ဆုဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်ဖို့ဆိုရင်တော့ မက်ဆီ အတွက် ဘရာဇီးလ်နဲ့ပွဲက သေရေရှင်ရေးပါပဲ။ တစ်ဖက်က ဘရာဇီးလ်ကလည်း ပုံစံကောင်းနဲ့ ရှေ့ဆက်နေတယ်ဆိုပေမယ့် ကစားပြီးခဲ့တဲ့ ပွဲစဉ်(၄)ပွဲမှာ ကိုယ့်ထက်နိမ့်တဲ့ အသင်းတွေနဲ့ ဂိုးမရှိသရေ ကျခဲ့တာ (၂)ပွဲရှိပါတယ်။ ဒီအနေအထားကြောင့် ဘရာဇီးလ်အသင်းကလည်း Perfect မဟုတ်တာကြောင့် အာဂျင်တီးနားမှာ မျှော်လင့်ခွင့်တော့ရှိပါတယ်။ ကိုပါအမေရိကဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်မှာတော့ ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ဟာ (၃၂)ကြိမ်တွေ့ဆုံထားပြီး ဘရာဇီးလ်က (၉)ပွဲနိုင် ၊ အာဂျင်တီးနား က (၁၅)ပွဲနိုင်၊ (၈)ပွဲသရေကျထားပါတယ်။ ဒီ(၂)သင်းရဲ့ကိုပါအမေရိကဖလား လတ်တလောဆေုံ့မှုတွေမှာတော့ အာဂျင်တီးနား ကို ဘရာဇီးလ် က အသာရထားသလို အာဂျင်တီးနားကို ကျော်ဖြတ်နိုင်ရင်လည်း ပြိုင်ပွဲမှာ အောင်မြင်လေ့ရှိတာကြောင့် ဘရာဇီးလ် – အာဂျင်တီးနားတို့ရဲ့ ကိုပါအမေရိကဖလားတွေ့ဆုံမှု နောက်ဆုံး(၃)ကြိမ်ကို ဖော်ပြပေးလိုက်ပါတယ်။

Brazil 2-1 Argentina (1999 Copa America Quarter-Finals)

၁၉၉၉ ကိုပါအမေရိကဖလားမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး အဲ့တုန်းက ဘရာဇီးလ်အသင်းရဲ့ ကစားသမားပိုင်းက နာမည်ကျော်တွေနဲ့ မြိုင်ဆိုင်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းကတော့ အဲ့နှစ်ပြိုင်ပွဲမှာ ပုံစံကောင်းသိပ်မရပေမယ့် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့တာပါ။ အဲဒီပွဲမှာ အာဂျင်တီးနားအသင်းအတွက် ပွဲချိန်(၁၀)မိနစ်မှာ ဆိုရင် Sorin က ဦးဆောင်ဂိုးစသွင်းပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရီဗယ်လ်ဒို Rivaldo နဲ့ ရော်နယ်လ်ဒို Ronaldo တို့က ဘရာဇီးလ်အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့ကြပါတယ်။ ဘရာဇီးလ် ဟာ ဆီမီးဖိုင်နယ်မှာ မက္ကဆီကို ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲမှာတော့ ဥရုဂွေးကို ရီဗယ်လ်ဒို နဲ့ ရော်နယ်လ်ဒိုတို့ရဲ့ဂိုးတွေနဲ့ပဲ ( ၃- ၀ )ဆိုတဲ့ ရလဒ်နဲ့အနိုင်ယူပြီး ချန်ပီယံဆုဖလားကို ရရှိခဲ့ပါတယ်။

Argentina 2-2 Brazil (2-4 after penalties) (2004 Copa America Final)

အာဂျင်တီးနားအသင်း ကြေကွဲခဲ့ရတဲ့ ၂၀၀၄ ကိုပါအမေရိကဖလား ဗိုလ်လုပွဲလို့ပြောရင် မှားနိုင်မယ်မထင်ပါဘူး။ ဘာလို့လည်းဆိုတော့ ပွဲပြီးခါနီးအထိ အာဂျင်တီးနားအသင်း ( ၂ – ၁ )နဲ့ နိုင်နေတာကြောင့် ချန်ပီယံဖြစ်တော့မယ်လို့ ထင်နေချိန်မှာပဲ ပွဲချိန်(၉၃)မိနစ်မှာ အက်ဒရီယာနို Adriano က ဘရာဇီးလ်အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့လို့ပါပဲ။ ပယ်နယ်တီ အဆုံးအဖြတ်ခံယူတဲ့နေရာမှာတော့ အာဂျင်တီးနားအတွက် Alessandro နဲ့ ဟိန့်ဇ် Heinze တို့ ကန်ချက်တွေလွဲခဲ့တာကြောင့် ချန်ပီယံဆုက ဘရာဇီးလ်အတွက် ဖြစ်ခဲ့ရပါတယ်။

Brazil 3-0 Argentina (2007 Copa America final)

ကိုပါအမေရိကဖလားပြိုင်ပွဲ(၂)ခုဆက် ဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်း ဘရာဇီးလ်ကို အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီတုန်းက အာဂျင်တီးနားရဲ့ လူစာရင်းက ဘရာဇီးလ်ထက် ပိုကောင်းခဲ့ပေမယ့် ဗိုလ်လုပွဲမှာတော့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။ လက်ရှိ ဘရာဇီးလ်အသင်းခေါင်းဆောင် အဲလ်ဗတ်စ် Dani Alves ဟာ ဒီဗိုလ်လုပွဲမှာ ပါခဲ့သလို လက်ရှိ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ကလည်း ပါဝင်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ဘာတစ္စတာ Baptista ၊ အာယာလာ Ayala ( OG )နဲ့ အဲလ်ဗတ်စ် တို့ကသွင်းယူခဲ့တာဖြစ်ပါတယ်။

လတ်တလောအစဉ်အလာအရ ကြည့်ရင်တော့ ဘရာဇီးလ်ဟာ အာဂျင်တီးနားကို အသာရထားသလို ကျော်ဖြတ်နိုင်ပြီဆိုရင်လည်း ချန်ပီယံဆုကို ရရှိသွားတော့တာပါပဲ။ ဒီအစဉ်အလာကောင်းကို ဘရာဇီးလ်အသင်း ဆက်ထိန်းထားနိုင်မလား ၊ မက်ဆီ ရဲ့ အာဂျင်တီးနားအသင်း ဒီအစဉ်အလာဆိုးကနေ ဖောက်ထွက်ပြမလားဆိုတာကတော့ …

Ref: Sportskeeda
Photo: Sportskeeda , FIFA World Cup Facebook , Argentina Twitter
Ko Kyue(Akhayar)
www.akhayar.com