စာအုပ်စာပေဆိုတာ လူတစ်ယောက်ကို လိမ္မာယဉ်ကျေးသွားအောင် ဆုံးမနိုင်တဲ့အတွက် “စာအုပ်စာပေ လူ့မိတ်ဆွေ” လို့ဆိုကြတာပဲဖြစ်ပါတယ်။ ကလေးဆန်တဲ့လူတစ်ယောက်ဟာ စာအုပ်ဖတ်လိုက်ရင် ရင့်ကျက်သွားနိုင်သလို ရင့်ကျက်တဲ့လူအနေနဲ့ စာအုပ်ဖတ်လိုက်ရင် ပညာရှိတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ ကဲ . . အခုဖော်ပြပေးမယ့် စာအုပ်တွေကတော့ ၂၅နှစ်မတိုင်ခင် လူတိုင်းဖတ်သင့်တဲ့စာအုပ်တွေပါပဲ။

၁။ လူလေးသို့ ပေးစာများ (မြသန်းတင့်)

ဗြိတိသျှနိုင်ငံရေးသမား လော့ဒ် ချက်စတာဖီးလ်ဒ် (Lord Chesterfield) ဟာ သားဖြစ်သူ ဖိလစ်စတန်းဟုတ် (Philip Stanhope) ကို ဆုံးမစာတွေကို ပေါင်းစုပြီး ထုတ်ဝေထားတဲ့ “ Letters to his Son and Others” စာအုပ်ကို မြသန်းတင့်က “လူလေးသို့ ပေးစာများ” အဖြစ် ဘာသာပြန်တင်ဆက်ထားပါတယ်။ ဒီစာအုပ်ထဲမှာတော့ ဖခင်တစ်ယောက်က သားကို နှလုံးရည်ပြည့်ဝတဲ့လူတော်တစ်ယောက် ဖြစ်စေဖို့ အနေအထိုင်၊ အပြောအဆို၊ ပညာရှာမှီးပုံတွေကို အသေးစိတ်ဖော်ပြထားတဲ့စာအုပ်ဖြစ်ပါတယ်။ “လူလေးသို့ ပေးစာများ” စာအုပ်ကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

Letters-to-his-sons-and-others

၂။ ချစ်မြားရှင်အစ ချစ်မြားရှင်အဆုံး (မင်းလူ)

ဆယ်တန်းတောင်မအောင်တဲ့ ကားဝပ်ရှော့သမားတစ်ယောက်က ရန်ကုန်တက္ကသိုလ်ကျောင်းသူတစ်ယောက်ကို တမ်းတမ်းစွဲဖြစ်သွားတဲ့အခါ “ချစ်မြားရှင်” ကားကြီးပေါ်မှာ စီးနေကျဖြစ်တဲ့ သူမကို ကျောင်းသွားကျောင်းပြန် ငေးကြည့်တတ်တာမျိုး။ ပညာတတ်ကျောင်းသူတစ်ယောက်က ဆယ်တန်းတောင်မအောင်တဲ့ သူ့ကို ပက်ပက်စက်စက်ပြောလိုက်တဲ့အခါမှာ လူငယ်တစ်ယောက်အနေနဲ့ ရှက်ရွံ့သွားတဲ့အခိုက်အတန့်မှာ ဘဝကို အောင်မြင်အောင် ဘယ်လိုကြိုးစားခဲ့သလဲဆိုတာ ရေးသားထားပါတယ်။ လူငယ်တစ်ယောက်အတွက် အချစ်ရေးရဲ့ အရေးပါပုံသာမက ကြိုးစားရင် ဘာမဆိုဖြစ်ပါတယ်ဆိုတဲ့သဘောကို စိတ်အားတက်ကြွဖွယ်ရေးသားထားတဲ့စာအုပ်ကောင်းဖြစ်တဲ့အတွက် မဖြစ်မနေဖတ်ကြပါလို့ တိုက်တွန်းပါတယ်။ “ချစ်မြားရှင်အစ ချစ်မြားရှင်အဆုံး” စာအုပ်ကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

Chit-Hmyar-Shin

၃။ စိတ်ချမ်းသာဖို့လိုရင်းပါ (ဦးဇောတိက)

ဆရာတော်ဦးဇောတိကရဲ့ “စိတ်ချမ်းသာဖို့လိုရင်းပါ” စာအုပ်ကလည်း လူငယ်တိုင်းအတွက် ဖတ်သင့်တဲ့စာအုပ်ပါပဲ။ ဘာသာရေးစာအုပ်ဖြစ်ပေမယ့်လည်း လူတိုင်းနားလည်စေဖို့အတွက် ပါဠိစကားလုံးမသုံးထားဘဲ ရိုးရိုးရှင်းရှင်းရေးသားထားတာ တွေ့ရပါတယ်။ စာအုပ်ထဲမှာ “ကိုယ့်အကြောင်းကို ကောင်းတာတွေ ရှာတွေးပါ။ သူများအကြောင်းကိုလည်း ကောင်းတာတွေ ရှာတွေးပါ။ ကောင်းတာ ရှာတွေးရင် စိတ်ချမ်းသာတယ်။ ကိုယ်နဲ့အမြဲအတူနေတာ ဘယ်သူလဲ။ ကိုယ်ပဲ။ အဲဒါကြောင့် ကိုယ့်ကိုယ်ကို ချစ်ပါ” ဆိုတဲ့စာပိုဒ်ကလည်း စာဖတ်သူတွေရဲ့ ဥာဏ်အလင်းကို ဖွင့်ပေးတာပါ။ ကဲ . . ဆရာတော်ဦးဇောတိကရဲ့ “စိတ်ချမ်းသာဖို့လိုရင်းပါ” စာအုပ်ကိုတော့ ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

You May Like : ရင့်ကျက်တဲ့သူတွေက ဒါတွေကို မလုပ်တော့ဘူး

၎။ နတ်နေကိုင်း (အကြည်တော်)

“နတ်နေကိုင်း” ဟာ အကြည်တော်ရဲ့အောင်မြင်ကျော်ကြားခဲ့တဲ့ ဟာသလုံးချင်းဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ အစအနောက်ဆိုတာ လူတွေရဲ့စိတ်နှလုံးကို ပျော်ရွှင်ရုံသာကောင်းပေမယ့် အမြဲတမ်းနောက်ပြောင်နေမယ်ဆိုရင် ရင်နင့်ဖွယ်အဖြစ်ဆိုးတွေ ကြိုဆိုနေတတ်တယ်ဆိုတာ ချပြသွားပါတယ်။ လူငယ်တွေဘဝမှာ အချစ်ရေးဟာ အရေးကြီးတယ်ဆိုပေမယ့်လည်း ချစ်ကံမကောင်းတဲ့အခါ ကိုယ့်အတွက် အန္တရာယ်ဖြစ်နိုင်တဲ့ အပြုအမူမျိုးတွေ ရှောင်ကြဉ်သင့်တာကို ဖော်ပြသွားပါတယ်။ ဝတ္ထုအစပိုင်းမှာ ဟာသပုံစံခင်းထားပေမယ့် ဇာတ်သိမ်းပိုင်းမှာတော့ သံဝေဂရစရာတွေ၊ ဝမ်းနည်းစရာတွေ ပြည့်ညှပ်သွားမှာဖြစ်ပါတယ်။ “နတ်နေကိုင်း”  ဝတ္ထုကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

A-Kyi-Taw1

၅။ ကာမတဏှာ (ဦးနု)

ကိုမြင့်ဆွေဟာ ဘာသာရေးကိုင်းရှိုင်းသူ မခင်မေရဲ့အချစ်ကို ရရှိဖို့ မဟာဗျူဟာကျကျ ကြိုးစားခဲ့ပုံကို ဖော်ပြခဲ့ရုံမက လင်မယားအတူနေတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို “ကာမတဏှာ” ဝတ္ထုရဲ့အစပိုင်းမှာ ကွက်ကွက်ကွင်းကွင်းပေါ်လွင်အောင် ရေးဖွဲ့ထားပါတယ်။ လူသားတွေအတွက် ကာမတဏှာဆိုတာ သောက်လေ ငတ်မပြေတဲ့ ပင်လယ်ရေပမာ တင်စားထားပြီး မေတ္တာစိတ်နဲ့သာ ပူလောင်တဲ့ကိလေသာစိတ်ကို ထိန်းချုပ်သွားနိုင်ပုံ အသေးစိတ်ရေးသားထားပါတယ်။ ဘာသာရေးစာအုပ်ကောင်းဖြစ်ပေမယ့်လည်း အစပိုင်းမှာ ညစ်ညမ်းဇာတ်ကွက်များဖြင့် တည်ဆောက်ထားတဲ့အတွက် စာအုပ်ကို ပြီးဆုံးအောင်ဖတ်ရှုမှသာ စာရေးသူပြောချင်တဲ့ အကြောင်းအရာများ သိသာထင်ရှားစေမှာဖြစ်ပါတယ်။ “ကာမတဏှာ” ဝတ္ထုကြီးကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

Karma

ကဲ . . ဒါတွေကတော့ ၂၅နှစ်မပြည့်ခင် လူတိုင်းဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတွေဖြစ်ပါတယ်။ ဝယ်ဖတ်ကြပါလို့ တိုက်တွန်းထားပေမယ့် မဝယ်ဖြစ်သေးရင်လည်း ဖော်ပြထားတဲ့စာအုပ် (၅) အုပ်ကို တစ်ခါတည်း ဒီမှာ ဒေါင်းလုပ်ဒ်ဆွဲနိုင်ပါတယ်။ စာဖတ်သူတွေရဲ့စိတ်ထဲမှာ အကြိုက်ဆုံးစာအုပ်များရှိရင် Comment မှာ ဝေငှသွားပါလား။

ကျော်စိုးအောင် (အခရာ)

www.akhayar.com