ဘယ်လိုအကြောင်းအရာတွေက သင့်ကို စာဖတ်ချင်အောင် ခေါ်ဆောင်သွားနိုင်လဲ။ စာအုပ်ဆိုင်တွေတွေ့ရင်လား။ အခမဲ့စာကြည့်တိုက်တွေဆီရောက်ရင်လား။ ဒါမှမဟုတ် ကိုယ် သဘောကျတဲ့အနုပညာရှင်တစ်ဦးဦး တည်ထောင်ပေးထားတဲ့ Book Club တွေကြောင့်လား။ နိုင်ငံတကာမှာတော့ အနုပညာရှင်တွေဟာ Book Club တွေ တည်ထောင်ပေးပြီး သူတို့ရဲ့ ပရိသတ်တွေကိုလည်း စာအုပ်စာပေနဲ့ရင်းနှီးကျွမ်းဝင်အောင် မိတ်ဆက်ပေးကြပါတယ်။ ဒါ အရမ်းကောင်းတဲ့အစီအစဉ်ပါနော်။ ဒီနိုင်ငံမှာလည်း ဒီလိုအနုပညာရှင်မျိုးတွေနဲ့ ဒီလိုအစီအစဉ်တွေရှိသင့်တာမို့လို့ လူငယ်တွေကို စာဖတ်ချင်အောင်လှုံ့ဆော်နိုင်တဲ့ နိုင်ငံတကာက အနုပညာရှင်တွေရဲ့ Book Club တွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Oprah’s Book Club by Oprah Winfrey

“စာအုပ်တွေဟာ ကိုယ်ပိုင်လွတ်မြောက်မှုကိုရရှိနိုင်တဲ့ ပထမဆုံးလက်မှတ်တစ်ခုဖြစ်ခဲ့တယ်။ အသက်သုံးနှစ်ကတည်းက စာအုပ်တွေဖတ်ရင်းသင်ယူခဲ့ရတယ်။ မကြာခင်မှာပဲ မစ္စစပီနယ်မြေကိုကျော်လွန်ပြီး သိမှတ်စရာကမ္ဘာကြီးတစ်ခုလုံးရှိသေးတယ်ဆိုတာကိုလည်း သိခဲ့ရတယ်။” _ Oprah Winfrey

Oprah Winfrey

Oprah Winfrey

Oprah ရဲ့ Book Club အကြောင်းမပါဘဲနဲ့ စာအုပ်တွေအကြောင်းအရင်ပြောပြလို့မရပါဘူးနော်။ လူမည်းအစီအစဉ်တင်ဆက်သူအမျိုးသမီး Oprah Winfrey ဆိုတာ နိုင်ငံတကာကို လွှမ်းမိုးနိုင်တဲ့အမျိုးသမီးတစ်ဦးပါ။ သူမ တည်ထောင်ထားတဲ့ Oprah’s Book Club ဟာဆိုရင်လည်း အခုဆိုရင် နှစ်ပေါင်း (၂၀)ကျော် သက်တမ်းရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်ထိတိုင် လူငယ်တွေကို လွှမ်းမိုးနိုင်ဆဲပါပဲ။ စာအုပ်တွေ၊ စာရေးဆရာတွေနဲ့ အမြဲတမ်းအသက်ဝင်နေတဲ့ Oprah’s Book Club ဟာဆိုရင် စာပေနဲ့ပတ်သက်သမျှအရာအားလုံးရနိုင်တဲ့ One-Stop ဆိုင်တစ်ဆိုင်လို့တောင် တင်စားကြပါတယ်။

Belletrist by Emma Roberts

“တစ်ပတ်ကို စာအုပ်တစ်အုပ်ရအောင် အမြဲဖတ်ဖြစ်တယ်။ တကယ်တော့ ကျွန်မရဲ့ စိတ်ကို အမြဲတမ်းအလုပ်လုပ်နေစေတာပါပဲ။” _ Emma Roberts

Emma Roberts

Emma Roberts

သူမရဲ့ Online Book Club တစ်ခုဖြစ်တဲ့ Belletrist ဟာဆိုရင်တော့ သူမရဲ့ သူငယ်ချင်း ပရိုဂျူဆာ Karah Preiss နဲ့အတူတူ တည်ထောင်ထားတာပဲဖြစ်ပါတယ်။ Follower တွေအားလုံးကို စာပေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လစဉ်တင်ပြပေးနေပြီး တစ်ခါတလေဆိုရင်လည်း သူမအကြိုက်ဆုံး စာရေးဆရာနဲ့အတူတူ အထူးအင်တာဗျူးအစီအစဉ်တွေကိုလည်း ထုတ်လွှင့်ပေးပါတယ်။ ဒါ့အပြင် အပြင်မှာ ရွေးချယ်ဝယ်ယူလို့ကောင်းတဲ့စာအုပ်ဆိုင်တွေကိုလည်း စာကျမ်းပိုးတွေအတွက် ရွေးချယ်ဖော်ပြပေးတာမျိုးတွေလည်း လုပ်ပေးပါတယ်။

SJP Picks by Sarah Jessica Parker

“စာဖတ်တယ်ဆိုတာ ကိုယ် တစ်ခါမှမရောက်နိုင်မယ့် ဘ၀တစ်ခုချင်းဆီကို သွားခံစားကြည့်တာနဲ့အတူတူပဲ။ ဒါဟာ ပြောင်းလဲခြင်းရဲ့ အလှအပတစ်ခုပဲ။” _ Sarah Jessica Parker

Sarah Jessica Parker

Sarah Jessica Parker

သူမကို “Sex and the City” ဇာတ်ကားတွဲကနေစတင်ပြီး လူသိများလာတာပဲဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက စာဖတ်ရတာကို ၀ါသနာပါတဲ့သူဖြစ်တာကြောင့် “စာအုပ်တွေဟာ သူမရဲ့ ထာဝရအဖော်မွန်တွေဖြစ်ပြီး သူငယ်ချင်းအသစ်တွေကိုလည်း စာအုပ်စင်ကြားထဲကနေ ရှာဖွေတွေ့ရှိခဲ့တယ်။” လို့ ပြောဖူးပါတယ်။ ဒါကြောင့်လည်း American Library Association (ALA) နဲ့ ပူးပေါင်းပြီး SJP Picks လို့ခေါ်တဲ့ Book Club တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ ဒီ Book Club ကလည်း လူငယ်တွေကို စာဖတ်ဖို့ဆွဲဆောင်လျှက်ရှိပါတယ်။

Our Shared Shelf by Emma Watson

“စာဖတ်ရင် စကားလုံးတွေကြွယ်ဝလာလိမ့်မယ်။ စိတ်ကူးဥာဏ်တွေလည်း ပိုကောင်းလာလိမ့်မယ်။ စာဖတ်ရတာ အနားယူနည်းတစ်မျိုးပဲဆိုတာသိလိုက်ကတည်းက စာဖတ်ရတာကို သဘောကျလာတော့တာပဲ။” _ Emma Watson

Emma Watson

Emma Watson

ကျွန်မတို့ရဲ့ ငယ်ဘ၀စိတ်ကူးအိပ်မက်ထဲက မင်းသမီးလေး Hermione Granger အတိုင်းပဲ ပြင်ပလူနေမှုဘ၀ ထပ်တူညီနေတဲ့ သူမကလည်း UN Women Goodwill Ambassador အဖြစ် တာဝန်ယူပေးခဲ့ပြီးနောက်ပိုင်းမှာ လိင်ခွဲခြားဆက်ဆံမှုပပျောက်ဖို့နဲ့ အမျိုးသမီးတွေစိတ်ခွန်အားတိုးတက်ဖို့ နေရာပေါင်းစုံသွားလာပြီး အကြံပေးနေတဲ့သူတစ်ယောက်ပါ။ သူမ တည်ထောင်ထားတဲ့ Our Shared Shelf Book Club ကတော့ အမျိုးသမီးအခွင့်အရေးအတွက်ကြိုးစားနေကြတဲ့စာရေးဆရာတွေရဲ့ စာအုပ်တွေကို တစ်နေရာတည်းမှာ စုစုစည်းစည်းတွေ့ရမှာဖြစ်ပြီး လစဉ်ဆွေးနွေးပွဲလေးတွေလည်း ပုံမှန်ကျင်းပပေးနေပါတယ်။ အွန်လိုင်းကနေတစ်ဆင့် Followers တွေဟာ ဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ပြီး စာအုပ်တွေကိုလည်း အမြဲတမ်းလက်ဆောင်ပေးလေ့ရှိပါတယ်။

ဒီ Book Club လေးခုကတော့ နိုင်ငံတကာမှာ လူငယ်တွေကို စာပေနဲ့ ရင်းနှီးကျွမ်းဝင်အောင်လှုံဆော်ပေးနိုင်တဲ့ အနုပညာရှင်တွေရဲ့ အားထုတ်ကြိုးပမ်းပေးမှုတွေပါပဲ။ ဘယ်လောက်ပဲခေတ်တွေပြောင်းလဲပြီး Digital Device တွေတိုးတက်လာပါစေ စာအုပ်တွေကတော့ ကွယ်ပျောက်သွားမှာမဟုတ်ပါဘူး။ ဒီလိုပဲ ကျွန်မတို့ကလည်း စာအုပ်တွေဖတ်ရှုဖို့အတွက် လူငယ်တွေကို ရှေ့ဆောင်လမ်းပြအဖြစ် တွန်းအားပေးသွားကြမယ်နော်။

www.akhayar.com

Moethaesay (Akhayar)