နည်းပြဆမ်အလာဒွိုက်စ် Sam Allardyce ရဲ့ ဦးဆောင်မှုနဲ့ အတူ အိုကိုချာ Okocha ၊ ကမ်ပို Campo ၊ နိုလန် Nolan နဲ့ ဂျက်စကယ်လိုင်နန် Jääskeläinen တို့ရဲ့ ဘော်လ်တန်အသင်းကို အမှတ်ရနေကြဦးမယ်လို့ ထင်ပါတယ်။ ဘော်လ်တန်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အသင်းငယ်လေးတစ်သင်းအဖြစ်နဲ့သာရှိခဲ့ပေမယ့် မထင်မှတ်တဲ့ ရလဒ်တွေကို ဖန်တီးနိုင်စွမ်းရှိပြီး အသင်းကြီးတွေကို ကမောက်ကမဖြစ်အောင် မကြာခဏလုပ်တတ်တာကြောင့် အဆိပ်ရှိတဲ့ အသင်းတစ်သင်းလည်းဖြစ်ခဲ့ပါတယ်။ ဒီလိုမျိုး အခြေအနေတွေ အတိတ်မှာရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဘော်လ်တန်အသင်းရဲ့ ကျဆင်းမှုဟာ တဖြည်းဖြည်းနဲ့ဆိုးလာပြီး အခုဆိုရင် လိဂ်ဝမ်းမှာ ကစားနေရတဲ့ အနေအထားကိုရောက်ရှိနေပါပြီ။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဘောလုံးပရိသတ်တွေအတွက် ဘော်လ်တန်အသင်းနဲ့ ပတ်သက်တဲ့ စိတ်မကောင်းစရာ သတင်းတစ်ခုပေါ်ထွက်လာခဲ့ပြီး ဒါကတော့ ဘဏ္ဍာရေးအခက်အခဲကြောင့် ကလပ်အသင်းကို ဖျက်သိမ်းရတော့မယ်ဆိုတာပါပဲ။ ဒါကြောင့် အသင်းပိုင်ရှင်အသစ်ပြောင်းလဲနိုင်ရေးဟာ ဘော်လ်တန်အသင်းအတွက် အရေးကြီးဆုံး အရာဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ Football Ventures ကုမ္ပဏီကအသင်းကို ၀ယ်ယူခဲ့တာကြောင့် ဖျက်သိမ်းခံရမယ့် အရေးကနေ လွတ်ကင်းခဲ့ရပါတယ်။ ၁၈၇၄ ခုနှစ်က စတင်တည်ထောင်ပြီး သက်တမ်း (၁၄၅)နှစ်ရှိနေပြီဖြစ်တဲ့ ဘော်လ်တန်အသင်းကို အခုလို ကယ်တင်နိုင်ခဲ့တာကတော့ ဘောလုံးပရိသတ်တွေအတွက် ၀မ်းသာစရာသတင်းဖြစ်ခဲ့ပါတယ်။ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ပြဿနာကြောင့် ဘော်လ်တန်အသင်းဟာ ဒီရာသီလိဂ်ဝမ်းမှာ ရမှတ်(၁၂)မှတ်လျော့ခံထားရပြီး လက်ရှိကစားထားတဲ့(၄)ပွဲမှာ (၁)ပွဲသရေ ၊ (၃)ပွဲရှုံးထားတာကြောင့် လျော့ခံထားရတဲ့ ရမှတ်(၁၁)မှတ်တော့ ကျန်နေပါသေးတယ်။ ဒီအခြေအနေဟာ အသင်းဖျက်သိမ်းခံရမယ့် အရေးနဲ့ ယှဉ်ရင်ဘာမှမဟုတ်တာကြောင့် လာမယ့်ပွဲစဉ်တွေမှာ ဘော်လ်တန်အသင်း အကောင်းဆုံး ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးကြရမှာပဲ ဖြစ်ပါတယ်။

Ref: BBC Sports
Photo: bwfc.co.uk , NIGERIAsoccernet.com
Ko Kyue(Akhayar)
www.akhayar.com