ရွှေဈေးကို အပြတ်အသတ်ကျော်သွားတဲ့ Bitcoin

လက်ရှိအချိန် ရွှေရဲ့ပေါက်ဈေးဟာ တစ်အောင်စကို ၁၂၅၀ ပတ်ဝန်းကျင်သာရှိပေမယ့် Bitocoin ရဲ့ဈေးနှုန်းကတော့ တစ်ကွိုင်ကို ဒေါ်လာ ၂၃၀၀ နားအထိရောက်နေပါပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ကမ္ဘာတစ်ဝှမ်းလုံးကို ပျံ့နှံ့ခဲ့ပြီး တရုတ်နဲ့ဂျပန်အထိတောင် ရောက်ခဲ့တဲ့ “WannaCry” Ransomware အကြောင်းမှတ်မိဦးမယ်ထင်ပါတယ်။ ဒီ Ransomware က ကွန်ပြူတာထဲမှာရှိတဲ့ ဒေတာတွေကို အသုံးပြုလို့ မရတော့အောင် Encrypt လုပ်လိုက်ပြီး ပိုက်ဆံပြန်ပေးမှ ပြန်ဖွင့်ပေးတာပါ။ ဒီ Ransomware တောင်းတဲ့ပမာဏကို Bitcoin နဲ့ပေးချေရပါတယ်။

Bitcoin ဆိုတာလူသိအများဆုံး Cryptocurrency တစ်ခုဖြစ်ပြီး လက်ရှိအချိန်မှာတော့ Coin Base နဲ့ Karaken တို့ရဲ့ ငွေလဲလှယ်မှုဈေးနှုန်းအရ တစ်ကွိုင်ကို ဒေါ်လာ ၂၀၀၀ ကျော်ပေါက်ဈေးရှိနေပါတယ်။ 2013 ခုနှစ် လောက်တုန်းက တစ်ကွိုင်ကို ဒေါ်လာ ၁၀၀၀ ပတ်ဝန်းကျင်သာတန်ဖိုးရှိခဲ့ပေမယ့် နောက်ပိုင်းမှာတဖြည်းဖြည်း ဈေးတက်ပြီး ၂၀၁၇ အရောက်မှာတော့ ဒေါ်လာ ၂၀၀၀ ကျော်သွားပါတယ်။Bitcoin ကို အွန်လိုင်းမှာရင်းနှီးမြှုပ်မှုလုပ်ချင်တဲ့သူတွေ၊ ငွေမည်းကနေ ငွေဖြူပြောင်းချင်တဲ့လူတွေနဲ့ အခြား ငွေပေးချေမှုတွေအတွက် အများဆုံး အရောင်းအဝယ်လုပ်ကြပါတယ်။

Bitcoin ကိုစတင်မိတ်ဆက်ခဲ့တဲ့ 2009 ခုနှစ်ကနေအခုအချိန်အထိ Bitcoin ရဲ့တန်ဖိုးကတည်ငြိမ်မှုမရှိခဲ့ပါဘူး။ ဒီဝှက်စာစနစ်အသုံးပြုထားတဲ့ ဒီဂျစ်တယ်ငွေကြေးဟာ ဘယ်လောက်ကြာကြာခံနိုင်မလဲ ဆိုပြီးတောင် ကျွမ်းကျင်သူတွေမေးခွန်းထုတ်ဖူးပါတယ်။ဒီနှစ်အစောပိုင်းတုန်းက တရုတ်အာဏာပိုင်တွေဟာ တိုင်းပြည်ရဲ့ငွေကြေးတရားမဝင်စီးဆင်းမှုကိုဖြစ် စေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ Bitcoin ရောင်းဝယ်မှုကိုနှိမ်နင်းခဲ့ဖူးပါတယ်။ ဒါပေမယ့် Bitcoinရဲ့တန်ဖိုးဟာ ဖြည်းဖြည်းမှန်မှန်တက်နေရာကနေ ဇန်နဝါရီလနောက်ပိုင်းမှာ အတက်ကြမ်းလာခဲ့တာဖြစ်ပါတယ်။

Bitcoin ဆိုတာဘာလဲ

Bitcoin ဆိုတာ အွန်လိုင်းပေါ်မှာသုံးစွဲနိုင်တဲ့ ဒီဂျစ်တယ်ငွေကြေးစနစ်တစ်ခုပါ။ ကမ္ဘာ့နိုင်ငံတွေမှာသုံးနေတဲ့ငွေကြေးတွေမှာ တန်ဖိုးရှိသလိုမျိုးပဲ Bitcoin မှာလည်းတန်ဖိုးရှိပါတယ်။ ဥပမာ ၁ ဒေါ်လာကို မြန်မာငွေ ၁၃၆၀ နဲ့ညီသလိုမျိုးပေါ့။ 1 Bitcoin ကို မြန်မာငွေဘယ် နှစ်ကျပ်နဲ့ညီတယ်ဆိုပြီး ရှိပါတယ်။ ရောင်းလိုအား၊ ဝယ်လိုအားပေါ်မူတည်ပြီး ငွေဈေးအတက်အကျ ရှိသလို Bitcoin မှာလည်း အတက်အကျရှိပါတယ်။

ပုံမှန်ဆိုရင်တော့ သက်ဆိုင်ရာငွေကြေးကို နိုင်ငံအလိုက်အစိုးက ရိုက်ထုတ်ပါတယ်။ Bitcoin ကတော့အနည်းငယ်ကွာခြားမှုရှိပါတယ်။ နားလည်လွယ်အောင် ရွှေတူးတာနဲ့ဥမာပေးပြီးပြောပြပါမယ်။ ပထမဆုံးရွှေဆိုတာက အကန့်အသတ်ရှိတဲ့သယံဇာတပစ္စည်း (Resource Limit) တစ်ခုပါ။ ရွှေတွင်းမှာရွှေတူးမယ်။ ရလာတဲ့ရွှေကို သွားရောင်းရင်ရင်း၊ မရောင်းရင် တန်ဖိုးတူတဲ့ အခြားအရာတစ်ခုခုနဲ့လည်းလို့ရပါတယ်။ ဒီနေရာမှာ ရွှေအထွက်များပြီး ဝယ်လိုအားနည်းနေရင်ဈေးကျမှာဖြစ်သလိုရွှေအထွက်နည်းတဲ့အချိန် ဝယ်လိုအားများခဲ့ရင် ဈေးတက်မှာပါ။Bitcoin ကလည်း ဒီသဘောပါပဲ။ Bitcoin ကိုလိုချင်ရင်တူးရပါမယ်။ ဒါကို mining လုပ်တယ်လို့ခေါ်ပါတယ်။ တကယ်သွားတူးစရာတော့မလိုပါဘူး။ ကွန်ပြူတာကနေ ခက်ခဲတဲ့ ဂဏန်း ၆၄ လုံးပါ သချာင်္ညီမျှခြင်း ကိုဖြေရှင်းရမှာပါ။ ဒီလိုဖြေရှင်းနိုင်တိုင်း Bitcoin တစ်ခုရမှာဖြစ်ပါတယ်။

အရမ်းခက်ခဲတဲ့အတွက်ရိုးရိုးကွန်ပြူတာနဲ့တော့မရပါဘူး။ အထူးပြုလုပ်ထားတဲ့ စူပါကွန်ပြူတာတွေနဲ့မှရမှာပါ။အဲဒီလို စူပါကွန်ပြူတွေကိုဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေရှိပါတယ်။  ဒီလိုရလာတဲ့ Bitcoin တွေကို အရောင်းအဝယ်လုပ်နိုင်သလို အွန်လိုင်းငွေပေးချေမှုတွေမှာလည်း အသုံးပြုလို့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ သိပ်ခေတ်မစားသေးပါဘူး။ လက်ရှိအချိန်မှာတော့ ဈေးကွက်ထဲမှာ  Bitcoin ၁၅ မီလီယံနီးပါးလောက်ရှိနေပါပြီ။

Ref: www.bbc.com, www.coindesk.com, www.techcrush.com

မင်းသုခ (အခရာ)

(www.akhayar.com)