လက်ရှိမှာတော့ လာလီဂါပြိုင်ပွဲဟာ ပြန်စနေပြီဖြစ်သလို ပွဲစဉ်(၁)မှာပဲ ရင်ခုန်စရာ အခြေအနေတွေကို ခံစားနေရတာက စိတ်ကျေနပ်စရာပါပဲ။ ခြေစမ်းပွဲ အနေအထားတွေကြောင့် ဝေဖန်မှုတွေ ခံနေရတဲ့ ရီးယဲလ်အသင်းဟာ စိတ်ကျေနပ်စရာ ခြေစွမ်းနဲ့ အဖွင့်လှခဲ့ပေမယ့် ပရိသတ်တွေ မျှော်လင့်ချက်ကြီးကြီးထားထားတဲ့ ဘာစီလိုနာအသင်းကတော့ ဘီလ်ဘာအိုအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ အခု ဒီ Article မှာတော့ ဘီလ်ဘာအို ( ၁ – ၀ ) ဘာစီလိုနာပွဲစဉ်က ပြောစရာအကြောင်းအရာတွေကို ဖော်ပြပေးသွားမှာဖြစ်တာကြောင့် ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင် …

ဘီလ်ဘာအိုအသင်းကို အဝေးကွင်းပွဲစဉ်တွေမှာ အထင်သေးကောင်းသေးနိုင်ပေမယ့် သူတို့ရဲ့ အိမ်ကွင်းဖြစ်တဲ့ ဆမ်မာမီးမှာ ကစားမယ့်ပွဲဆိုရင်တော့ လုံးဝကိုလျော့တွက်လို့ မရတဲ့ အသင်းဆိုတာ အားလုံးအသိပါပဲ။ ဘီလ်ဘာအိုအသင်းဟာ ဆမ်မာမီးမှာ ဘယ်အသင်းကိုမဆို အကောင်းဆုံး ဒုက္ခပေးနိုင်စွမ်းရှိပြီး အခုဆိုရင်လည်း ဘာစီလိုနာအသင်းကို အနိုင်ယူခဲ့ပါပြီ။ ဘီလ်ဘာအိုအသင်း အနေနဲ့ အိမ်ကွင်းမှာပြသနေတဲ့ ခြေစွမ်းမျိုး အဝေးကွင်းမှာသာပြသနိုင်ရင်တော့ အသင်းရဲ့ အဆင့်အတန်းက အခုထက်ပိုပြီး တန်းတစ်ခုမြင့်လာမှာ အသေအချာပါပဲ။

ဘီလ်ဘာအို ( ၁ – ၀ ) ဘာစီလိုနာပွဲစဉ်မှာ ဘာစီလိုနာကစားသမားသစ်တွေဖြစ်တဲ့ ဒီယွန်း Frenkie de Jong နဲ့ ဂရစ်ဇ်မန်း Griezmann တို့ရဲ့လိုအပ်ချက်တွေကို တွေ့ခဲ့ရပါတယ်။ အဓိကကတော့ ဒီကစားသမား (၂)ဦးဟာ အသင်းနဲ့ အံဝင်မှုမရှိသေးတာဖြစ်ပြီး သူတို့အတွက် အချိန်ပေးဖို့လိုတယ်လို့ ထင်မိပါတယ်။ ဒီပွဲစဉ်မှာ ကွင်းလယ်လူ ဒီယွန်း ဟာ ဘာဆိုဘာမှလုပ်ပြနိုင်ခြင်းမရှိခဲ့သလို ဂရစ်ဇ်မန်း ကလည်း အသင်းဖော်တွေနဲ့ တွဲဖက်ကစားတဲ့နေရာမှာ တစ်ယောက်အထာ တစ်ယောက်မသိသေးတာကြောင့် အခက်အခဲတွေများခဲ့ပြီး တိုက်စစ်ပိုင်းမှာ ရုန်းကန်ခဲ့ရပါတယ်။

မက်ဆီ Messi မပါရင် ဘာစီလိုနာတိုက်စစ်ပိုင်းက ရုန်းကန်ရတာ အားလုံးအသိပါပဲ။ ဒီလိုအချိန်မှာ ဆွာရက်ဇ် Suarez ကပါ ဘီလ်ဘာအိုနဲ့ ပွဲပထမပိုင်းမှာ ညာဘက်ခြေသလုံး ဒဏ်ရာရရှိခဲ့တာကြောင့် တိုက်စစ်ပိုင်းက ဦးဆောင်သူကင်းမဲ့ခဲ့ပြီး အထိန်းအကွပ်မဲ့ ဖြစ်ရပါတယ်။ ဆွာရက်ဇ် ရဲ့ ဒဏ်ရာပြဿနာက ဘာစီလိုနာအသင်းရဲ့ ရှုံးပွဲအတွက် အဓိကကျတဲ့ အချက်တစ်ချက် အဖြစ်လည်း ရှိခဲ့ပါတယ်။ လက်ရှိ အခြေအနေအရ ဂရစ်ဇ်မန်း ကလည်း ဘာစီလိုနာတိုက်စစ်ပိုင်းကို ဦးဆောင်ဖို့ဆိုတာ မလွယ်သေးတာကြောင့် ဒဏ်ရာရနေတဲ့သူတွေ အမြန်ဆုံးပြန်လာဖို့ လိုအပ်နေပါပြီ။

ဘာစီလိုနာတိုက်စစ်ပိုင်းက မက်ဆီ မပါရင် အမြဲတမ်း ရုန်းကန်ရတာ အစဉ်အလာတစ်ခုလိုဖြစ်နေပေမယ့် အခု ဘီလ်ဘာအိုနဲ့ ပွဲမှာတော့ ဒီအစဉ်အလားဆိုးကနေ ဖောက်ထွက်နိုင်မလားလို့ မျှော်လင့်မိခဲ့ပါတယ်။ လက်တွေ့မှာတော့ မျှော်လင့်ချက်တွေက သဲထဲရေသွန်ဖြစ်ခဲ့ရပြီး ဒုံရင်းက ဒုံရင်း အခြေအနေမှာပဲ ရှိနေပါတယ်။ မက်ဆီ မပါတဲ့ ဘာစီလိုနာတိုက်စစ်ဟာ ဖန်တီးမှုမရှိ စွဲမက်စရာမရှိခဲ့ဘဲ စိတ်ပျက်စရာသာဖြစ်ခဲ့ရပါတယ်။

ဘီလ်ဘာအိုတိုက်စစ်မှူး အဒူရစ်ဇ် Aduriz ကတော့ သူမအိုသေးဘူးဆိုတာကို ပြခဲ့တဲ့ ပွဲစဉ်တစ်ပွဲလို့ မြင်မိပါတယ်။ ဒီပွဲမှာ အဒူရစ်ဇ် ဟာ ပွဲကို အလှည့်အပြောင်းလုပ်ခဲ့တဲ့ ကစားသမားဖြစ်ပြီး လူစားဝင်ကစားခဲ့တဲ့ အချိန်တစ်မိနစ်အကြာမှာပဲ ဘီလ်ဘာအိုအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီဂိုးက တကယ့်ကို လှပသေသပ်ခဲ့သလို ပြီးပြည့်စုံမှုလည်းရှိခဲ့ပြီး ရင်သပ်ရှုမောဖြစ်ခဲ့ရတဲ့ သွင်းဂိုးတစ်ဂိုးပဲဖြစ်ပါတယ်။

Photo: Athletic Club Twitter , Voice of Nigeria , Stadium Astro , Origo , Bleacher Report
Ko Kyue(Akhayar)
www.akhayar.com