Bibiana Steinhaus ကတော့ ဘွန်ဒက်စ်လီဂါ သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဒိုင်လူကြီး အဖြစ် တရားဝင်ခန့်အပ်ခံခဲ့ရပါပြီ။  အသက် ၃၈နှစ်ရှိပြီဖြစ်တဲ့ Bibiana ဟာ ဟန်နိုဗာမြို့က ရဲအရာရှိဟောင်းတစ်ဦးဖြစ်ပြီး ဂျာမန်ဘောလုံးအဖွဲ့ချုပ်က နောက်လာမယ့် ဘောလုံးရာသီအတွက် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

 

Bibiana ဟာ ၂၀၁၁ တည်းက ဘွန်ဒက်စ်လီဂါ ၂  ပွဲစဉ်တွေကို ကိုင်တွယ်နေခဲ့တာပါ။Bibiana ဟာ ၂၀၁၂ ခုနှစ်ကလည်း လန်ဒန်အိုလံပစ် အမျိုးသမီးဘောလုံးပွဲ ရွှေတံဆိပ်လုပွဲမှာ ဂျပန်နဲ့ United States ကန်တဲ့ပွဲကို ဒိုင်လူကြီးအဖြစ် ကြီးကြပ်ခဲ့ရပါသေးတယ်။ ဒါပေမယ့် ဘယ်လိုပဲ အဲဒီလို ပွဲကြီးတွေ ကြီးကြပ်ရပါစေ၊ ဂျာမန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ခုလို ကြေငြာချက်ထွက်တဲ့အခါမှာ သူဟာ အရမ်းကို အံ့သြဝမ်းသာဖြစ်ခဲ့ရသူပါ။

Bibiana Steinhaus

 

ဒီအကြောင်းကိုလည်း သူက “ ဂျာမန်ဒိုင်လူကြီးအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Lutz Michael Frohlich က ဒီအကြောင်း ကျွန်မကို လှမ်းပြောတဲ့အခါ ကျွန်မ ဘာစကားမှကို မပြောနိုင်အောင် ဖြစ်ခဲ့ရတာပါ”လို့ DFB Website ကို ပြောကြားခဲ့ပါတယ်။

“ကျွန်မ မယုံကြည်နိုင်လည်း ဖြစ်၊ပျော်လည်း ပျော်၊ အံ့အားလည်း သင့်ခဲ့ရပြီး တကယ့်ကို Roller-Coaster စီးရသလိုပဲ ခံစားချက်အစုံဖြစ်ရတာပါ၊ ဘွန်ဒက်စ်လီဂါမှာ ဒိုင်လုပ်ရဖို့ဆိုတာ ကျွန်မဘဝရဲ့ အိပ်မက်တစ်ခုပါပဲ။ နောက်ဆုံးမှာတော့ ဒီအိပ်မက် တကယ်ဖြစ်လာခဲ့ပြီလေ ။ ဒါဟာ ကျွန်မရဲ့ အလုပ်ကြိုးစားမှုကို အသိအမှတ်ပြုနေရာပေးတာဖြစ်သလို တစ်ဖက်မှာလည်း နောက်ထက်ထပ်ပြီး အလုပ်ကြိုးစားဖို့ ကြီးမားတဲ့ မက်လုံးတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။” လို့ ပြောကြားသွားပါသေးတယ်။

 

You May Also Like : “ပရီးမီးယားလိဂ်နည်းပြများနှင့် သူတို့ဝတ်ဆင်သောနာရီများ

 

ဒါပေမယ့်လည်း သိတဲ့အတိုင်းပေါ့လေ.. အမျိုးသမီး ဒိုင်လူကြီးဆိုတော့ ထိမိ ခိုက်မိ အလိုမရှိဆိုတာလေးတွေလည်း ကြားရတာပေါ့။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ၇နှစ်လောက်တုန်းက ဟာသာဘာလင် ခံစစ်မှုး Peter Niemeyer ဟာ Bibiana ရဲ့ ဘယ်ဘက်ရင်သားကို မတော်တဆထိမိပုံဟာ ကင်မရာထဲမှာ အမိအရဖမ်းယူရရှိခဲ့ပြီး သတင်းဖြစ်သွားခဲ့ပါသေးတယ်။

နောက်ထပ် Bibiana ရဲ့ စိတ်ဝင်စားစရာအချက်ကတော့ ကျွန်တော်တို့ရဲ့ ပရီးမီးယားလိဂ်မှာ တွေ့နေကျ ဒိုင်လူကြီးဟောင်း Howard Webb နဲ့ Dating လုပ်နေတဲ့ အချက်ပါပဲ။ Howard Webb ဆိုတာကတော့ ၂၀၁၀ခုနှစ် ကမ္ဘာ့ဖလားဖိုင်နယ် ဟော်လန်နဲ့ စပိန်ပွဲကို ကြီးကြပ်ခဲ့တဲ့ သူပါ။ ၁၉၇၄ခုနှစ် ဟော်လန်က အနောက်ဂျာမဏီကို ရှုံးခဲ့ရတဲ့ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲကို ကိုင်တွယ်ခဲ့ရသူ Jack Taylor (ဂျက်တေလာ) ပြီးရင် သူဟာ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲကို ကြီးကြပ်ရတဲ့ ဒုတိယမြောက် အင်္ဂလိပ်လူမျိုး ဒိုင်လူကြီးပါ။

Bibiana-Steinhaus-howard-webb

 

အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ Webb ဟာ သူ့ဇနီးဟောင်းနဲ့ ကွာရှင်းအပြီးမှာ Bibiana နဲ့ နေထိုင်ဖို့အတွက် နိုင်ငံရပ်ခြားကို ပြောင်းရွှေ့အခြေချလာခဲ့သူပါ။ ထူးဆန်းတာတစ်ခုက Webb ဟာလည်း South Yorkshire ရဲ့ ရဲအရာရှိဟောင်းတစ်ဦးဖြစ်နေခဲ့တာပါပဲ.. ဒါကြောင့်ပဲ Webb နဲ့ Bibiana ဟာ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်တာ ဖြစ်မှာပါ။

 

ရိုးလူ (အခရာ)

www.akhayar.com