ကာတွန်းကားတွေကို Crazy တိုင်း Stop Motion က ဘာလဲဆိုတာ သိပြီးဖြစ်မှာပါ။ အရုပ်ကလေးတွေက ဇက်တောက်ဇက်တောက်နဲ့ သက်ဝင်လှုပ်ရှားမှုရှိနေတဲ့ ကာတွန်းတွေလို့ အလွယ်ပြောရင် မှားမယ်မထင်ပါဘူး။ အခရာက ဖော်ပြပေးမယ့် ကာတွန်းကားတွေကို ကြည့်ကြည့်လိုက်မယ်ဆိုရင်ပဲ Stop Motion ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ခြုံငုံမိမှာပါ။  ကာတွန်းကား Crazy တွေအတွက်လည်း ကိုယ်မကြည့်ရသေးတဲ့ ဇာတ်ကားတွေပါ ပါကောင်း ပါနိုင်ပါတယ်နော်။

The Adventures of Prince Achmed (1926)

လေ့လာကြည့်မိသလောက် Stop Motion လို့ ဆိုရာမှာ Cutout Animation ၊ Clay Animation ၊ Stereoscopic Stop Motion နဲ့ Go Motion ဆိုပြီး အမျိုးအစား (၄) ခု ရှိပါတယ်။ ခုပြောပြပေးမယ့် ဒီကားလေးကတော့ Cutout အမျိုးအစားထဲ ပါပါတယ်။ ပိတ်ကားနောက်ကွယ်မှာ စက္ကူကို အရုပ်ပုံဖော်ပြီး တုတ်ထိုးအရုပ်တွေရဲ့ ပြကွက်ကို တရုတ်ကားတွေထဲမှာ မြင်ဖူးကြမှာပါ။ အဲ့ဒီလိုပုံစံအတိုင်းကိုပဲ ကာတွန်းအဖြစ် ဖန်တီးထားတာကို ဒီကားမှာ တွေ့ရမှာပါ။  ဒဏ္ဍာရီလာပုံပြင်ကို အခြေခံထားတဲ့ ဂျာမန် Animation ကားကို ပရိသတ်ကြီး ကြည့်ရှုရမှာပါ။

Rudolph the Red-Nosed Reindeer (1964)

ခရစ်စမတ်ကားလေးဖြစ်တဲ့ Rudolph the Red-Nosed Reindeer ကိုကြည့်လိုက်ရင်ပဲ ဒီထဲက အရုပ်လေးတွေကို လိုချင်တဲ့အထိ တပ်မက်စိတ်တွေဖြစ်လာပါစေလိမ့်မယ်။ ဘာလို့လဲဆိုတော့ အတော်လေး ချစ်ဖို့ကောင်းလို့ပါ။ ၁၉၆၄ ကတည်းက ထွက်ထားပေမယ့် အခုထိ လူကြိုက်များနေတဲ့အကြောင်းက အလကားသက်သက် မဟုတ်ဘူးဆိုတာ Trailer ကြည့်ပြီး သိနိုင်ပါတယ်။

Coraline (2009)

အင်္ဂလိပ်နာမည်တွေထဲမှာ အပေးများတဲ့ Caroline ကို အသားကျရာက Coraline ဆိုတဲ့ နာမည်ကို ခေါ်ဖို့အတွက် အတော်လေး လျှာထောက်ခဲ့တာ အမှန်ပါ။ အိမ်အသစ်ကို ပြောင်းလာတဲ့ Coraline တို့မိသားစုကတော့ ကြယ်သီးပုံသော့နဲ့ ဖွင့်ဝင်ရတဲ့ တံခါးကို ရှာဖွေသွားချိန်မှာတော့ ခြောက်ခြားစရာတွေရော၊ အံ့သြတုန်လှုပ်စရာတွေပါ ဖြစ်လာပါတော့တယ်။ Coraline ကာတွန်းကားက ကြောက်ဖို့ကောင်းတဲ့အထဲတော့ နည်းနည်းပါပေမယ့် နောက်တစ်ခါပြန်မကြည့်ချင်တာမျိုးတော့ ဖြစ်မှာမဟုတ်ပါဘူး။

The Nightmare Before Christmas (1993)

သာမန်မဟုတ်တဲ့ ကမ္ဘာတစ်ခုက သင့်ကိုကြိုဆိုပါလိမ့်မယ်။ လှည့်စားခြင်းတွေရော ထူးဆန်းတဲ့အရာတွေရော အဲ့ဒီကမ္ဘာကြီးမှာ ပြည့်နှက်နေပါတယ်။ ၁၉၉၃ ခုနှစ်က ကာတွန်းကားပေမယ့် ကာတွန်းဇာတ်ကောင်တွေရဲ့ သွင်ပြင်က ခေတ်နောက်ကျ မကျန်ခဲ့ပါဘူး။ ကာလာအရည်အသွေးကြောင့်သာ ဒါ ၁၉၉၃ က ထွက်ရှိထားတယ်ဆိုတာ ယုံနိုင်တာပါ။

Corpse Bride (2005)

အရိုးခြောက်ကောင်မလေးနဲ့ မင်္ဂလာဆောင်တဲ့ ကောင်လေး ကာတွန်းကားဆိုရင်ပဲ Corpse Bride ကို လူတော်တော်များများ သိကြမှာပါ။ The Nightmare Before Christmas နဲ့ Corpse Bride တို့ဟာ ကာတွန်းပုံစံချင်း ဆင်တူပါတယ်။ ဒီလိုတူတာကလည်း တခြားကြောင့် မဟုတ်ပါဘူး။ Worldwide Box Office မှာ ရှစ်ယောက်မြောက်ဝင်ငွေအများဆုံးဖြစ်တဲ့ စာရေးဆရာ၊ ဒါရိုက်တာ၊ Animator ဖြစ်သူ Tim Burton ရဲ့ လက်ရာတွေမို့လို့ပါပဲ။

Wallace & Gromit: The Curse of the Were – Rabbit (2005)

Wallace & Gromit ကတော့ Clay Animation အမျိုးအစားထဲကပါ။ အိမ်ထောင်မှုနိုင်နင်းတဲ့ Gromit ကတော့ တေမိဝင်စားတဲ့စတိုင်နဲ့ ဘာစကားမှပြောမှာ မဟုတ်ပါဘူး။ သောင်းကျန်းလွန်းတဲ့ ယုန်တွေကိုလည်း ထိန်းကျောင်းရသေးတဲ့ Gromit ရဲ့ ဒုက္ခက မသေးလှပါဘူး။

Wallace ကတော့ အကုန်လုံးကို ဘာမှမလုပ်ရဘဲ အရာအားလုံးအသင့်အနေအထားရအောင် လုပ်ထားပေမယ့် သူ့မှာလွဲတာတွေတော့ ရှိနေပါသေးတယ်။

Photo Credit

Reference: Wikipedia

NSC (Akhayar)

www.akhayar.com