ဒီခေါင်းစဉ်ကြောင့် နည်းနည်းလေးတော့ ရှုပ်သွားနိုင်ပါတယ်။ နည်းပြဆိုတာ အသင်းအတွက် အရာရာအားလုံးကောင်းအောင်လုပ်ပေးရတဲ့သူမို့လို့ပါပဲ။ ဒါပေမဲ့ နည်းပြတစ်ဦးဟာ အသင်းတစ်သင်းကို တာဝန်ယူပြီဆိုရင် အဲဒီအသင်းမှာ အာဏာကုန်ရသွားခဲ့တာဖြစ်ပြီး သူ့မှန်တယ်လို့ ယူဆတဲ့ အရာအားလုံးကို လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒီလိုမျိုးကြောင့် ကစားသမားကောင်းတွေကို ဆုံးရှုံးခဲ့ရတဲ့ ကလပ်အသင်းတွေရှိပါတယ်။ အခု ဒီ Article မှာတော့ နည်းပြကြောင့် ကစားသမားကောင်းတွေကို ဆုံးရှုံးခဲ့ရတဲ့ မန်ယူအသင်း အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Ferguson Vs Stam

မန်ယူအသင်းရဲ့ အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးဖြစ်တဲ့ စတမ်း Stam ဟာ မန်ယူအသင်းနဲ့ အတူ အောင်မြင်မှုတွေများစွာရရှိခဲ့သူပဲဖြစ်ပါတယ်။ ဒါပေမဲ့ စတမ်းဟာ သူ့ရဲ့ Biography စာအုပ်မှာ နည်းပြဖာဂူဆန် Ferguson ကို ဝေဖန်ထားတာကြောင့် ဖာဂူဆန်ရဲ့ အမျက်ဒေါသကိုခံခဲ့ရပြီး လာဇီယိုအသင်းဆီ ရောင်းချခံခဲ့ရပါတယ်။

Ferguson Vs David Beckham

ဘောလုံးပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ် David Beckham ဟာလည်း ဖာဂူဆန်ရဲ့ ဒေါသစက်ကွင်းကနေ မလွတ်မြောက်ခဲ့ပါဘူး။ သူတို့ (၂)ယောက်ရဲ့ ဇာတ်လမ်းအစကတော့ ၂၀၀၂ – ၂၀၀၃ ဘောလုံးရာသီ FA Cup ပြိုင်ပွဲမှာ စတင်ခဲ့တာပါ။ အဲဒီပွဲစဉ်မှာ မန်ယူအသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အ၀တ်လဲခန်းထဲမှာ ဖာဂူဆန်ဒေါသပေါက်ကွဲခဲ့ပြီး ဒေးဗစ်ဘက်ခမ် ရဲ့ ကစားပုံကိုလည်း ဝေဖန်ခဲ့ပါတယ်။ နောက်ပိုင်းကိုတော့ အားလုံးသိတဲ့အတိုင်း ဖာဂူဆန်ကန်လိုက်တဲ့ ဖိနပ်ဟာ ဒေးဗစ်ဘက်ခမ်ရဲ့ မျက်ခုံးကို ကွဲခဲ့တဲ့အထိပါပဲ။ ဒီလိုနဲ့ ရာသီကုန်မှာတော့ ဒေးဗစ်ဘက်ခမ် လည်း ရီးယဲလ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

Ferguson Vs Roy Keane

တကယ့်ကို စိတ်ဓာတ်ပြင်းထန်တဲ့ သူ(၂)ယောက်နဲ့ ထိပ်တိုက်တွေ့ဆုံမှုပါ။ တစ်ဦးကနည်းပြ ၊ တစ်ဦးက အသင်းခေါင်းဆောင်ဖြစ်သလို ဆတ်ဆတ်ထိမခံကြတဲ့ သူအချင်းချင်း ထိပ်တိုက်တွေ့ခဲ့တာကြောင့်လည်း ပွဲက ပုံမှန်ထက်ပိုဆူခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ရွိုင်ကိန်း Roy Keane က ဖာဒီနန် Ferdinand အပါအ၀င် အသင်းရဲ့ လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းကို ဝေဖန်ခဲ့တာဖြစ်ပြီး ဒီအရာဟာ ဖာဂူဆန် လက်မခံနိုင်ခဲ့တဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ ဒီအနေအထားတွေကြောင့်ပဲ ရွိုင်ကိန်း လည်း မန်ယူအသင်းကနေ ထွက်ခွာခဲ့ရပါတယ်။

Ferguson Vs Nistelrooy

စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ နစ္စတယ်ရွိုင်း Nistelrooy တို့ရဲ့ လေ့ကျင့်ရေးကွင်းက ရန်ပွဲ ၊ ဖာဂူဆန်နဲ့ ၂၀၀၆ လိဂ်ဖလား ဗိုလ်လုပွဲက ဖြစ်ရပ်တွေဟာ နစ္စတယ်ရွိုင်း ရဲ့ မန်ယူကစားသမားဘ၀ အဆုံးသတ်အခြေအနေတွေဖြစ်ခဲ့ပါတယ်။ လိဂ်ဖလားဗိုလ်လုပွဲစဉ်မှာ နစ္စတယ်ရွိုင်း ဟာပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့ပေမယ့် ဖာဂူဆန်က လူစားဝင်အသုံးပြုမယ်လို့ ကတိပေးထားခဲ့ပါတယ်။ တကယ့်လက်တွေ့မှာတော့ နစ္စတယ်ရွိုင်း ကိုပွဲကစားခွင့် မပေးခဲ့တာကြောင့် အရန်ခုံမှာ နစ္စတယ်ရွိုင်း ဒေါသပေါက်ကွဲခဲ့ပါတယ်။

အခုဖော်ပြပေးခဲ့တာကတော့ နည်းပြကြောင့် ကစားသမားကောင်းတွေကို ဆုံးရှုံးခဲ့ရတဲ့ ကလပ်အသင်းများ အပိုင်း( ၂ )ဖြစ်ပါတယ်။ အပိုင်း(၃)ကို ဖော်ပြပေးသွားဦးမှာဖြစ်လို့ ဆက်လက် စောင့်မျှော်အားပေးကြပါဦး …

Photo: The Mirror , GiveMeSport , Goal.com , FootballTube , SPORTbible
Ko Kyue(Akhayar)
www.akhayar.com