[Zawgyi]

လေလံတင်ရောင်းချတော့မယ့် အော်စကာရုပ်တု (၂) ခု

အမေရိကန်နိုင်ငံ အခြေစိုက်နာမည်ကျော်လေလံပွဲရုံ Profiles in History ကနေ အော်စကာရုပ်တု (၂) ခုကို ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ ရောင်းချတော့မှာဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ Mutiny on the Bounty (1935) နဲ့ Gentleman’s Agreement (1947) တွေမှာ အကောင်းဆုံးဇာတ်ကားဆုရရှိခဲ့တဲ့ အော်စကာရုပ်တုတွေ ဖြစ်ပါတယ်။

Mutiny on the Bounty (1935) မှာ အကောင်းဆုံးဇာတ်ကားဆုကို ရရှိခဲ့တဲ့ ထုတ်လုပ်သူ Irving Thalberg ရဲ့မျိုးဆက်တွေဟာ ရုပ်တုကို ဒေါ်လာနှစ်သိန်းနဲ့ သုံးသိန်းကြားမှာ ရောင်းချဖို့ ရည်ရွယ်ထားပါတယ်။ Gentleman’s Agreement (1947) ရဲ့ အော်စကာရုပ်တုကိုတော့ ဒေါ်လာတစ်သိန်းခွဲနဲ့ နှစ်သိန်းကြားမှာ ရောင်းချဖွယ်ရှိပါတယ်။

၁၉၂၉ခုနှစ် မေလ (၁၆) ရက်နေ့မှာ စတင်ပေးအပ်ခဲ့တဲ့ အကယ်ဒမီဆုကို အနုပညာရှင်တွေက ငြင်းပယ်ပိုင်ခွင့်ရှိပြီး လက်မခံလိုရင် အကယ်ဒမီအဖွဲ့အစည်းက ပြန်လည်ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ခံထားတဲ့ အကယ်ဒမီဆုကိုတော့ အနုပညာရှင်တွေရော သူ့ရဲ့အမွေဆက်ခံသူတွေဟာ ရောင်းချခွင့်မရှိဘဲ (တကယ်လို့) ရောင်းချလိုရင်လည်း အကယ်ဒမီအဖွဲ့အစည်းကို တစ်ဒေါ်လာနဲ့ ပြန်လည်ရောင်းချနိုင်ပါတယ်ဆိုတဲ့ စည်းမျဉ်းကို ၁၉၅ဝခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။ (၁၉၅ဝခုနှစ် နောက်ပိုင်းမှာရခဲ့တဲ့ အကယ်ဒမီရုပ်တုတွေကို ရောင်းချမယ်ဆိုရင် တရားဥပဒေနဲ့ ညိစွန်းတဲ့သဘောပါ။)

ဒါ့ကြောင့် ၁၉၅ဝခုနှစ်အရင်တုန်းက ရရှိခဲ့တဲ့ အော်စကာဆုရှင်တွေဟာ ရုပ်တုကို ပြန်လည်ရောင်းချခွင့်ရှိတဲ့အတွက် သူတို့မျိုးဆက်တွေဟာ ငွေကြေးအရ ရောင်းချကြတာဖြစ်ပါတယ်။ ဒါ့အပြင် Orson Welles ၊ Harold Russell ၊ Ronald Colman ၊Norman Taurog နဲ့ Fox Film Corporation တို့ဟာ သူတို့ရရှိထားတဲ့ အော်စကာရုပ်တုကို ရောင်းချခဲ့တဲ့ သမိုင်းတွေ ရှိခဲ့ပါတယ်။ ဆုတံဆိပ်ဆိုတာ ငွေကြေးကြွယ်ဝတုန်းမှာ ဂုဏ်ယူစရာဖြစ်ပေမယ့် အဆင်မပြေတဲ့အခါ ဝမ်းစာဖြစ်သွားရတာ အော်စကာရုပ်တုက သက်သေပါပဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com