ခေတ်ကြီးက အဆီအအိမ့်အစားအသောက်တွေကလည်းများ၊ ဒီကြားထဲ အချိန်မရှိတော့ လေ့ကျင့်ခန်းကလည်း မလုပ်နိုင်။ ဒီတော့ ဟိုကြော်ငြာလေးလို “ချောကလက်လေးတွေ တန်းစီ” မဟုတ်ဘဲ “ဝတုတ်လေးတွေ တန်းစီ” ဖြစ်ကုန်တော့တာပေါ့။ ဒီနေ့ခေတ်လို ခန္ဓာကိုယ်အလေးချိန်လျော့ချနိုင်ဖို့ ငွေကြေးအများအပြား အသုံးပြုနေကြပြီး အဆီကို အမြန်ဆုံးကျစေတဲ့ ဆေးတွေဟာလည်း ဈေးကွက်ထဲမှာပျံ့နှံ့နေတဲ့ အချိန်ဖြစ်ပေမယ့် အမှန်တကယ် အဆီကျစေဖို့အတွက်တော့ ဖြတ်လမ်းမရှိပါဘူး။ ဈေးကွက်ထဲမှာရှိတဲ့ ဆေးတွေကို ရေရှည်သောက်သုံးတဲ့အခါ ကျန်းမာရေး ဆိုးကျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ အလေးချိန်ကျစေတဲ့ အစားအစာများကို စားသုံးခြင်းဖြင့်သာ ခန္ဓာကိုယ်အလေးချိန်ကို အန္တရာယ်ကင်းကင်းနဲ့ လျော့ချနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးထွက် ဆိုးကျိုးမရှိစေဘဲ ခန္ဓာကိုယ်အလေးချိန်ကို လျော့ချပေးမယ့် သဘာဝ အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ သံပုရာရည်နဲ့ ပျားရည်

အဝလွန်ခြင်းအတွက် သံပုရာရည်က အထူးပဲကောင်းမွန်ပါတယ်။ သံပုရာရည်က အစာကျေလွယ်စေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။ အစာကျေတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို နှေးကွေးစေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒါ့ကြောင့် အဆီကျချင်ရင် အစာကျေဖို့လည်း လိုအပ်ပါတယ်။ သံပုရာသီးတစ်ခြမ်း၊ ပျားရည် လဖက်ရည်ဇွန်းတစ်ဇွန်း၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ကို ရေးနွေးပူပူထည့်ထားတဲ့ ဖန်ခွက်ထဲကို ရောပြီး သောက်နိုင်ပါတယ်။ သံပုရာရည်က ခန္ဓာကိုယ်တွင်း PH ပမာဏကို ထိန်းညှိပေးပြီးတော့ ဆာလောင်မှုကို သက်သာစေပါတယ်။ ငရုတ်ကောင်းက အဆီဆဲလ်တွေဖြစ်ပေါ်မှုကို တာဆီးပေးပြီး ပျားရည်ကတော့ အဆီတွေကို မြန်မြန်လောင်ကျွမ်းစေဖို့ ကူညီပါတယ်။ မနက်စာမစားခင် မှန်မှန်သောက်ပေးခြင်းအားဖြင့် အဆီပိုတွေကို လျော့ကျစေနိုင်ပါတယ်။

၂။ ပန်းသီး ရှာလကာရည် (Apple Cider Vinegar)

ပန်းသီးရှာလကာရည်ဟာလည်း ခန္ဓာကိုယ်အလေးချိန်လျော့ချဖို့အတွက် အိမ်သုံးနည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ် ဇီဝဖြစ်စဉ်ကို အားပေးရုံသာမက စုပုံနေတဲ့အဆီတွေကို ချေဖျက်ပေးပြီး အစာချေခြင်းကိုလည်း အားပေးပါတယ်။ ပန်းသီးရှာလကာရည်ထဲမှာ ဆာလောင်မှုကို လျော့ကျစေတဲ့ Pectin ပါဝင်ပါတယ်။ ရေဖြည့်ထားတဲ့ဖန်ခွက်ထဲကို ပန်းသီးရှာလကာရည် ၁-၂ ဇွန်းထည့်ပြီး အစာမစားခင် သောက်ပေးပါ။

 

၃။ ရှားစောင်းလက်ပတ်အချိုရည်

ရှားစောင်းလက်ပတ်အချိုရည်ဟာ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပြီး အစာခြေလမ်းကြောင်းတစ်လျှောက်နဲ့ အူမကြီးမှာ အဆိပ်အတောက်တွေမရှိအောင်တားဆီးပေးပါတယ်။ အစာအိမ်အူလမ်းကြောင်းစနစ်ကို လှုံ့ဆော်ပေးပြီး အဆီပိုတွေကို လောင်ကျွမ်းစေပါတယ်။ ရှားစောင်းလက်ပတ်မှာ ဗီတာမင်၊ သတ္တုဓါတ်၊ အမိုင်နို အက်စစ်၊ ဖက်တီး အက်စစ်နဲ့ အဆီတွေဖြစ်လာတာကို တားဆီးပေးပြီး အစာစားချင်စိတ်ကို လျော့ပါးစေတဲ့ ဗီတာမင် ဘီလည်း ပါဝင်ပါတယ်။ ရှားစောင်းလက်ပတ်ဖျော်ရည်ကို တစ်နေ့သုံးကြိမ်သောက်ခြင်းအားဖြင့် ကောင်းမွန်တဲ့ရလဒ်ကို ရလာမှာပါ။

 

၎။ ပျားရည်သစ်ကြံပိုးဖျော်ရည်

ပျားရည်ရောထားတဲ့ သစ်ကြံပိုးဖျော်ရည်ဟာ သွေးထဲမှာရှိတဲ့ သကြားဓါတ်ကို ထိန်းညှိပေးပါတယ်။ ပုံမှန်သောက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို မှန်ကန်စေရုံသာမက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး စိတ်ဖိအားများကို လျော့ကျစေပါတယ်။ ရေဖန်ခွက်ထဲသို့ သစ်ကြံပိုးအမှုန့် လဖက်ရည် ဇွန်း ၁/၂ ထည့်ပြီး ဆယ်မိနစ်ခန့် ပျော်အောင်မွှေပေးပါ။ ပျားရည် တစ်ဇွန်းထည့်ပြီး ရောမွှေပါ။ မနက်တိုင်း အစာမစားခင် ပျားရည်သစ်ကြံပိုးဖျော်ရည်ကို သောက်ပါ။

 

၅။ ရေနွေးကြမ်း

ရေနွေးကြမ်းသောက်ခြင်းဟာလည်း ခန္ဓာကိုယ်အလေးချိန်ကျစေဖို့ နည်းလမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။ ရေနွေးထဲမှာ အဆီတွေကို မြန်မြန်ချေဖျက်ပေးတဲ့ Epigallocatechin-3-gallate (EGCG)လို့ ခေါ်တဲ့ ဇီဝဒြပ်ပေါင်းပါဝင်ပြီး အဆီလောင်ကျွမ်းရာမှာ အားပေးတဲ့ ကဖင်း (Caffeine)လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ရေနွေးကြမ်းထဲမှာ တခြား ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်ပါသေးတယ်။ တစ်နေ့ ၂ – ၃ ကြိမ်လောက် ရေနွေးကြမ်းသောက်ပေးရင် ခန္ဓာကိုယ်အလေးချိန် လျော့ကျဖို့အတွက် အထောက်အကူဖြစ်စေပါလိမ့်မယ်။

 

၆။ ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်မှာ ခန္ဓာကိုယ်ထဲက အဆီတွေ စုပုံခြင်းကို ကာကွယ်ပေးတဲ့ အီစထရိုဂျင်(Estrogen) ဟော်မုန်း ပါဝင်ပါတယ်။ ခန္ဓာကိုယ်ထဲက သကြားနဲ့ ကာဗိုဟိုက်ဒရိတ်တွေကို အဆီအဖြစ်ပြောင်းလဲခြင်းကို တားဆီးပေးတဲ့ Tartaric အက်စစ်လည်းပါဝင်ပါတယ်။ ဒါ့အပြင် ဂေါ်ဖီထုပ်ထဲမှာ အမျှင်ဓါတ်၊ ဗီတာမင် စီနဲ့ ရေဓါတ်များစွာပါဝင်ပြီး ကယ်လိုရီပမာဏအနည်းငယ်သာပါဝင်ပါတယ်။ ဒါ့ကြောင့် ဂေါ်ဖီကို ပြုတ်ပြီးတော့ ဖြစ်ဖြစ် အစိမ်းအတိုင်းဖြစ်ဖြစ် ထမင်းစားတဲ့အခါ စားသုံးပေးသင့်ပါတယ်။

 

၇။ သခွားသီး

သခွားသီးမှာ ရေဓါတ် ၉၀% ပါဝင်ပြီး ကယ်လိုရီပမာဏ အရမ်းနည်းပါတယ်။ သခွားသီးဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အဆီဆဲလ်တွေကို ချေဖျက်ပေးပါတယ်။ သခွားသီးကို အစိမ်းစားခြင်းဖြင့် ဗီတာမင် အေ၊ စီ၊ အီးတို့ကို ရရှိစေပြီး ခန္ဓာကိုယ်ကို ပေါ့ပါးသွက်လက်စေပါတယ်။

 

၈။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာလည်း သခွားသီးလိုပဲ ကယ်လိုရီပမာဏနည်းပါးပြီး ဗီတာမင် အေ၊စီ၊ အမျှင်ဓါတ်နဲ့ ရေပမာဏ များစွာ ပါဝင်တာကြောင့် ကယ်လိုရီနည်းနည်းနဲ့ ဗိုက်ပြည့်စေပြီး အဆီပိုတွေကို ကျစေပါတယ်။ ထမင်းမစားခင် ခရမ်းချဉ်သီးကိုစားပေးပါ။

 

၉။ နှင်းဆီပွင့်ဖတ် ဖျော်ရည်

နှင်းဆီပွင့်ဖတ်ဖျော်ရည်ဟာ ဆီးရွှင်စေပြီး ဆီးထဲကို ဆားပမာဏအလွန်အကျွံမရောက်စေဖို့ ကျောက်ကပ်ကို ကာကွယ်ပေးပါတယ်။ သွေးထဲက ပိုနေတဲ့ အရည်တွေကို ဖယ်ရှားပေးတာကြောင့် ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ နှင်းဆီပန်းပွင့်ဖတ်လေးတွေကို ရေမြှပ်အောင်ထည့်ပြီး မိနစ် ၂၀ခန့် ပြုတ်ပါ။ ခန္ဓာကိုယ်အလေးချိန်လျော့ကျစေဖို့ ၄င်းဖျော်ရည်ကို မနက်တိုင်း သောက်ပေးပါ။

 

ဒီလောက်ဆိုရင် လွယ်ကူသက်သာ ဘေးကင်းစေတဲ့ သဘာဝနည်းလေးတွေနဲ့ အဆီကျကျ၊ သွယ်လျတဲ့ ခန္ဓာကိုယ်လှလှလေး ပိုင်ဆိုင်နိုင်ကြပါစေ။

 

www.akhayar.com