“လူနာတွေကို စေတနာ၊ မေတ္တာအပြည့်နဲ့ ပြုစုတဲ့သူဟာ ငါဘုရားကို လုပ်ကျွေးတာနဲ့ အတူတူပဲ” လို့တောင် ဂေါတမဘုရားရှင်ဟောကြားခဲ့ပါတယ်။ အနံ့အသက်ပေါင်းစုံ လှောင်ပိတ်နေတဲ့ ဆေးရုံမှာ သွေး၊ ပြည်၊ နှပ်၊ သလိပ်တွေကို မရွံမရှာလုပ်ကိုင်နေကြတဲ့ သူနာပြုဆရာမလေးတွေဆိုတာ တော်ရုံပါရမီမျိုးနဲ့ မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာနဲ့နှိုင်းယှဉ်မယ်ဆိုရင် သူနာပြုဆရာမတစ်ယောက်ဟာ ဘယ်လိုအခွင့်အလမ်းတွေ ရနေပြီလဲဆိုတာ ကြည့်ကြရအောင်။

၁။ လစာမြင့်တယ်။

ကနေဒါနိုင်ငံမှာဆိုရင် သူနာပြုတစ်ယောက်ဟာ အနည်းဆုံးလစာ ဒေါ်လာ ၅၄ဝဝ (၅၄သိန်း) ရပါတယ်။ အမေရိကန်နိုင်ငံမှာတော့ သူနာပြုတစ်ယောက်ဟာ ပျမ်းမျှလစာ ဒေါ်လာ ၅၆၆ဝ (၇၇သိန်း) အထိရပါတယ်။ ဆင်းရဲပါတယ်ဆိုတဲ့ အိန္ဒိယနိုင်ငံမှာတောင် သူနာပြုတစ်ယောက်ကို ပျမ်းမျှလစာ ရူပီး ၅၆၃၄၂ (၁၁သိန်း) အထိပေးပါတယ်။ လူနာကို ပြုစုစောင့်ရှောက်ရခြင်းအတူတူ မြန်မာနိုင်ငံမှာတော့ သူနာပြုတစ်ယောက်ဟာ ၁သိန်း၆သောင်းခွဲပဲ ရတာက ဝမ်းနည်းစရာကောင်းပါတယ်။ မဖြစ်စလောက် လစာလေးနဲ့ ဝါသနာကို အရင်းခံပြီးရပ်တည်နေတာ သူနာပြုတစ်ယောက်ရဲ့ လေးစားဖွယ်စိတ်ဓာတ်ပါပဲ။

၂။ အလုပ်ချိန်နည်းပါးတယ်။

သြစတေးလျနိုင်ငံမှာဆိုရင် သူနာပြုတစ်ယောက်ရဲ့ တစ်ပတ်အလုပ်ချိန်နာရီက ၃၈နာရီသာ ရှိပါတယ်။ သာမန်ဝန်ထမ်းတစ်ယောက်မှာ တစ်ပတ်အလုပ်ချိန်နာရီ ၄ဝအထိရှိတဲ့အတွက် သူနာပြုတွေက အလုပ်ချိန်နည်းတယ်လို့တောင် ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ သူနာပြုတစ်ယောက်ဟာ တစ်လမှာ နားရက် ၈ရက်ရပေမယ့်လည်း ပုဂ္ဂလိကဆေးရုံတွေမှာ အချိန်ပိုင်းအလုပ်တွေကို လုပ်နေရပါသေးတယ်။ လူတိုင်းက နားရက်မှာ အေးအေးဆေးဆေးအနားယူချင်ပေမယ့်လည်း လစာနည်းပါးတဲ့အတွက် စားဝတ်နေရေးလောက်ငှရေးအတွက် မနားဘဲနဲ့ ပင်ပင်ပန်းပန်းလုပ်ကိုင်ရတဲ့ဘဝပါ။

၃။ အလုပ်အကိုင် အခွင့်အလမ်းပေါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေးတိုးတက်လာလေလေ သူနာပြုအလုပ်အကိုင် ပေါများလေလေ ဖြစ်ပါတယ်။ သူနာပြုဆိုတာ သာမန်စိတ်ဓာတ်မျိုးနဲ့ မလုပ်နိုင်တဲ့နေရာဖြစ်တဲ့အတွက် လစာအခွင့်အလမ်းလည်း မြင့်မားနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျောင်းပြီးတာနဲ့ အစိုးရဆေးရုံမှာ လစာ ၁သိန်း၆သောင်းခွဲနဲ့ အနည်းဆုံး၃နှစ် လုပ်ကိုင်ပြီးမှသာ လိုင်စင်ထုတ်ပေးမှာဖြစ်တဲ့အတွက် လိုင်စင်မရသေးတဲ့ ပထမ၃နှစ်အတွင်းမှာ ဘယ်ပုဂ္ဂလိကဆေးရုံမှာ အလုပ်လုပ်ခွင့်မရှိတော့ပါဘူး။

၎။ မိဘတွေကို ပြန်ထောက်ပံ့နိုင်တယ်။

ကမ္ဘာပေါ်မှာ လစာမြင့်တဲ့အလုပ်အကိုင်ထဲမှာ ကျန်းမာရေးဝန်ထမ်း သူနာပြုဆရာမလေးတွေက ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။ တစ်နာရီလုပ်အားခ ဒေါ်လာ ၃၂.၆၆ (၄၅ဝဝဝကျပ်) တောင်ရတဲ့အတွက် မိဘတွေကို ပြန်လည်ထောက်ပံ့ပေးနိုင်တာ အံသြစရာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာတော့ သူနာပြုဘွဲ့တစ်ခုကို ရဖို့အတွက် ၃၊ ၄နှစ် အချိန်ကုန်ခံပြီး ကျောင်းတက်ရပါတယ်။ သားသမီးတွေ သူနာပြုဘွဲ့ရဖြစ်ဖို့အတွက် ရှိတာလေးကို ပေါင်နှံရောင်းချပြီး ကျောင်းထားပေးရတဲ့ မိဘတွေလည်း ဒုနဲ့ဒေးပါ။ ကျောင်းပြီးရင်တော့ လစဉ်တရိပ်ရိပ်တက်နေတဲ့ အတိုးတွေကို ပြန်ပေးဆပ်ဖို့ သူနာပြုလေးတွေအတွက် တာဝန်ရှိပါသေးတယ်။ အစိုးရလစာ ၁သိန်း၆သောင်းခွဲက မိဘတွေကို ပြန်ထောက်ပံ့ဖို့ နေနေသာသာ သူတို့ခမျာ လောက်ငှအောင် မနည်းသုံးစွဲရပါတယ်။

၅။ အမွန်မြတ်ဆုံးအလုပ်အကိုင် ဖြစ်တယ်။

ကမ္ဘာတလွှားမှာ သူများအသက်ကို ကယ်ဆယ်တဲ့ သူနာပြုအလုပ်ဆိုတာ အမွန်မြတ်ဆုံးအလုပ်အကိုင်ဖြစ်ပါတယ်။ လူနာတွေကို အပြုံးတစ်ပွင့်နဲ့ နွေးထွေးကြင်နာစွာ စောင့်ရှောက်ပေးရုံမက ယုယုယယပြုစုပေးလို့ လူတိုင်းရဲ့အချစ်တော်ဖြစ်နေတာပါ။ မြန်မာနိုင်ငံမှာတော့ လူနာကို ပြုစုစောင့်ရှောက်ပေးတာခြင်းအတူတူ ဆရာဝန်တွေလောက် မျက်နှာသာပေးပြီး မခံရတာလည်း အမှန်ပါပဲ။ “မျက်နှာကြီးရာ ဟင်းဖတ်ပါ” ပြီးတော့ “မြေနိမ့်ရာ လှံစိုက်” ချင်ကြတဲ့ လူတွေရဲ့စိတ်ဓာတ်ကိုလည်း အံ့သြဖို့ ကောင်းပါတယ်။ ရိုက်ချက်ပြင်းတဲ့ လောကဓံလှိုင်းအပုတ်ကို ကြံ့ကြံ့ခံအံတုရင်း အနစ်နာခံပေးဆပ်နေတဲ့သူတွေဟာ ဘယ်သူလဲလို့မေးလာရင် သူနာပြုဆရာမလေးတွေပါ။

Stop- Oppressing Nursing Zone

ဘယ်လိုပဲ တားဆီးမှုတွေ ရှိနေပါစေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိနေပါစေ ဘယ်လိုမှ စိတ်ဓာတ်မကျပါနဲ့ သူနာပြုလေးတွေရေ။ သူနာပြုဆိုတာ ကဗျာမှာလည်း ရှိတယ်၊ စာမှာလည်း ရှိတယ်၊ သမိုင်းထဲမှာလည်း ရှိတယ်။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကလည်း သူနာပြုပဲ။ ဖလောရင့် နိုက်တင်ဂေးလ်  ကလည်း သူနာပြုတစ်ယောက်ပါပဲ။ တကယ်တော့ ဒီကမ္ဘာမှာ သူနာပြုတွေ ပျောက်ကွယ်သွားရင် ငိုသံတွေ ဖုံးလွှမ်းရုံမက ကမ္ဘာကြီးဟာ ဒဏ်ရာတွေအပြည့်နဲ့ ရင်ကွဲပက်လက်ကျန်ရစ်နေမှာပေါ့။ ဓာတ်ပုံပိုင်ရှင် – မောက်ခမ်းဝါ

ကျော်စိုးအောင် (အခရာ)

www.akhayar.com