သမီးရည်းစားဘဝမှာ ရန်တကျက်ကျက်ဖြစ်နေလို့များ ငါတို့တွေလက်ထပ်လို့ဖြစ်ပါ့မလား မတွေးလေနဲ့။ ရန်ဖြစ်နေကျ အတွဲတွေက အိမ်ထောင်ပိုခိုင်မြဲသလို ကျန်းမာရေးလည်းကောင်းစေတယ်တဲ့နော်။ ဘာကြောင့် ဘယ်လိုဆိုတာကို ဒီမှာသက်သေသာဓက အပြည့်အစုံနဲ့ဖတ်ကြည့်ပါဦးနော်။

နားလည်မှုတိုးတယ်

“ ဟိုနေ့က နင့်အချိုးက ဘယ်လိုလေ…ငါ အဲလိုအချိုးမျိုး လုံးဝမကြိုက်ဘူး…ဆူလိုက်ရင် ရုပ်ကတမျိုး’’ အဲ …အတွဲတွေကြား အဲလိုလေးတွေ ကြားရလို့ စိတ်မပျက်မိစေနဲ့။ ဒီလို ကိုယ်ကြိုက်တာ မကြိုက်တာကို အော်ဟစ်ပြောဆိုပြီး ရန်ဖြစ်တဲ့အခါ သူဘာမကြိုက်ဘူးလဲ ကိုယ်ဘာမနှစ်သက်ဘူးလဲ ပွင့်ပွင့်လင်းလင်းသိလာရပါတယ်။ ဘာဖြစ်မှန်းမသိ စိတ်ကောက်သွား ဘာဖြစ်မှန်းမသိဘဲ စိတ်တိုသွားတဲ့ ချစ်သူတွေဟာ တကယ့်တကယ်တမ်းကျတော မကျေနပ်ချက်ကိုဖွင့်မပြောဘဲ ရင်ထဲမှာအစိုင်အခဲကြီးလာပြီး နောက်ဆုံးပြတ်တဲ့အဆင့်ရောက်သွားပါတော့တယ်။ သမီးရည်းစား ဘဝမှာရန်တကျက်ကျက်ဖြစ်သူတွေက နားလည်မှုတွေ သည်းခံမှုတွေနဲ့ အသားကျလာပြီး အိမ်ထောင်လည်းကျသွားရော အရမ်းအဆင်ပြေအေးချမ်းနေကြတာ အမှန်ချည်းပါ။

စိတ်ပိုရှင်းတယ်

ရန်ဖြစ်လေ့ရှိကြတဲ့ ချစ်သူတွေဟာ ဟန်ဆောင်မှုဆိုတာ သိပ်မထားကြပါဘူး။ ဒီတော့တစ်ယောက်စူပုပ်နေတာ တစ်ယောက်ကမြင်ရုံနဲ့ ဘာမှားသွားလဲ ဘာအလိုမကျဘူးလဲ သိနိုင်ကြပါပြီ။ သိမှလည်းချော့တာ တောင်းပန်တာလုပ်ပြီး မြန်မြန်ပြန်ပြေလည်နိုင်တာပါ။ ဘာအလိုမကျတာလဲဆိုတာ ရှည်ရှည်ဝေးဝေးတွေးနေစရာမလို ခေါင်းစားစရာမလိုတာမို့ စိတ်ဆင်းရဲနေရတာမျိုးတွေမရှိတော့ပါဘူး။ ကိုယ်ပြောချင်တာ ပြောလိုက်ရတဲ့အတွက် စိတ်ထဲပေါ့သွားတာကြောင့် နေလို့ထိုင်လို့ကောင်းစေတာအမှန်ပါနော။

You May Also Like: အိမ်ထောင်ရေးသုခပြည့်စုံမယ် ဒီလိုနေကွယ်

ရန်ဖြစ်ပြီးပြန်ချစ်ကြတယ်

တချို့တွေများ ရန်မဖြစ်ဖြစ်အောင် စ ၊ မရှိရှိတာ စိတ်ကောက်တောင် လုပ်ကြသေးတာနော်။ ဘာလို့လဲဆို မုန်တိုင်းထန်ပြီး လေပြည်လာတဲ့အချိန်က အရင်ထက်ပိုသာယာလို့ပါပဲ။ အကြီးအကျယ်ရန်ဖြစ်ပြီးမှ အရင်ထက်ပိုချစ်သွားကြ ပိုတွယ်တာသွားကြတယ်ဆိုတာ စုံတွဲလေးတွေသိကြမှာပါ။ တခါတလေ အချစ်နလန်ထတယ်လို့ ဘေးလူတွေတောင်မြင်ပြင်းကတ်ရတာမျိုး ရှိကြသေး။ ဒါကြောင့် ရန်ဖြစ်လွန်းတဲ့ ငါတို့ပါလားဆိုပြီး စိတ်ဓာတ်မကျဘဲ အချစ်တွေပိုတိုးဖို့ အခွင့်အရေးပါလားလို့ မြင်တတ်ပါစေနော။

ချစ်စိတ်ပိုနိုးထစေတယ်

အိမ်ထောင်သည်တွေကြားမှာဆိုရင် ရန်ဖြစ် စကားများခြင်းက ချစ်စိတ်ကိုပိုနိုးကြားစေတယ်လို့ လေ့လာမှုတွေကဆိုထားပါတယ်။ တစ်ဖက်ကကြည့်ရင် အိမ်ထောင်ရှင်တွေကြားမှာတော့ ဒါကကောင်းတဲ့အချစ်ပါ။ ဒါကြောင့်လည်း အရိုးကွဲအောင်ရိုက်လို့ အသည်းစွဲအောင်ချစ်တာမျိုးတွေ၊ တကျက်ကျက်ရန်ဖြစ်နေပြီး ကလေးတစ်ယောက်ပြီးတစ်ယောက်ထွက်လာတာမျိုးတွေ ရှိနေတာထင်ပါတယ်…ဟီး။ ဟုတ်မဟုတ်တော့ ကိုယ့်ဘာသာတွေးပြီးမှ ယုံလေနော်။

ဒါကြောင့်လည်း ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ရည်းစားသက်တမ်းရှည်ကြာလာတဲ့ အတွဲတွေ စိတ်ဓာတ်မကျဘဲ အော်မြဲအော်ကြပါ ချစ်မြဲချစ်ကြပါလို့ အားပေးလိုက်ပါရစေ…။

ဂျူဂျူး (အခရာ)

www.akhayar.com