Caffeine ၏ အကျိုးအပြစ်များ

ကော်ဖီသောက်ရင် စိတ်ရွှင်တယ်၊ အိပ်မငိုက်ဘူး၊ အမြဲတက်ကြွနေတယ်ဆိုတဲ့ ခံစားချက်မျိုးခံစားဖူးပါသလား။ တကယ်တော့ ဒါဟာကော်ဖီထက်စာရင် ကော်ဖီမှာပါဝင်တဲ့ ကာဖိန်း (Caffeine) ဓါတ်ကြောင့်လို့ပြောရင် ပိုပြီးတော့ မှန်ပါလိမ့်မယ်။

Cafffeine ရဲ့သက်ရောက်မှုများ

ကာဖိန်း (Caffeine) ဓါတ်ဟာ ခန္ဓာကိုယ်အပေါ် အကျိုးသက်ရောက်မှု အများကြီးပေးပါတယ်။ Caffeine ကဦးနှောက်မှာရှိတဲ့ Adenosine ဓါတ်ကို ပိတ်ဆို့တားဆီးပေးပါတယ်။ Adenosine ဓါတ်ဆိုတာက ကိုယ်ခန္ဓာကိုပင်ပန်းနွမ်းနွယ်စေတဲ့ ဟော်မုန်းတစ်မျိုးပါ။ သဘာဝအတိုင်း ဦးနှောက်ကို လှုံ့ဆော်မှုပေးတဲ့ Glutamine နဲ့ Dopamine ဓါတ်တွေလို Caffeine က စွမ်းဆောင်နိုင်ပါတယ်။ နောက်ပြီး ကိုကင်း (Cocaine) သုံးစွဲတဲ့အခါမှာရရှိတဲ့ Ephoria စိတ်အခြေအနေတစ်ခု ရရှိအောင်လည်း ဖန်တီးပေးပါတယ်။

ကိုယ်ခန္ဓာကလိုအပ်တဲ့ စွမ်းအင်တွေကို ချေဖျက်တဲ့နေရာမှာ ပုံမှန်ဆိုရင် ပထမဆုံး အဓိကလိုအပ်တဲ့ Glycogen တွေကို ချေဖျက်ပါတယ်။ နောက်တော့မှ အဆီတွေကို ချေဖျက်တာပါ။ ဒါပေမယ့် Caffeine ကတော့ဒီလိုပုံမှန်ဖြစ်စဉ်ကို ပြောင်းပြန်လှန်လိုက်ပါတယ်။ သဘောက အဆီတွေကို အရင်ချေဖျက်စေပြီး Glycogen တွေတော့ နောက်လိုတဲ့အခါမှသုံးဖို့ ကိုယ်ခန္ဓာထဲမှာ သိမ်းထားလိုက်ပါတယ်။ Caffeine ရဲ့စွမ်းဆောင်မှုကြောင့်ကိုယ်ခန္ဓာက အလုပ်တွေကို မပင်ပန်းဘဲ ပြင်းပြင်းထန်ထန်လုပ်ဆောင်နိုင်လာပါတယ်။ ဒါကြောင့်ပဲ Caffeine ဟာ အားကစားသမားတွေရဲ့ အသည်းစွဲဖြစ်လာပြီး သူတို့ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အတွက် အများဆုံးအသုံးပြုတဲ့ အရာဖြစ်လာပါတယ်။

ပင်ပန်းနေပြီလို့ ခံစားရတဲ့အခါ Caffeine ဓါတ်ပေါကြွယ်ဝတဲ့ ကော်ဖီတစ်ခွက်ကို သောက်ကြည့်ပါ။ ပြန်လန်းလာသလို ခံစားရမှာဖြစ်သလို မှတ်ဥာဏ်စွမ်းအားပါတိုးလာပါမယ်။ ကျောင်းသား၊ ကျောင်းသူတွေဆိုရင်တော့ ကျက်ထားတဲ့စာတွေကို အလွယ်တကူပြန်မှတ်မိနေမှာပါ။ နေမကောင်းဘူးလို့ ခံစားနေရရင်လည်း Caffeine ပါဝင်တဲ့ကော်ဖီကိုသာ သောက်လိုက်ပါ။ Caffeine က ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့  Aspirin နဲ့ Acetaminophen ဓါတ်တွေကို အလျင်အမြန်စုပ်ယူနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ Aspirin နဲ့ Acetaminophen ဆိုတာ အကိုက်အခဲဝေဒနာတွေကို သက်သာပျောက်ကင်းစေတဲ့ဓါတ်တွေပါ။ ကျွန်တော်တို့သောက်တဲ့ဆေးဝါးတွေမှာလည်း ဒီဓါတ်တွေ ပါပါတယ်။

Caffeine ရဲ့ ဆိုးကျိုးများ

ဒါပေမယ့် Caffeine မှာဆိုးကျိုးတွေလည်း ရှိပါတယ်။ ကိုယ်ခန္ဓာအတွက် Caffeine ဓါတ်အလွန်အကြူးမှီဝဲမယ်ဆိုရင် ရေရှည်မကောင်းပါဘူး။ သဘောက တစ်နေ့ထဲမှာ ကော်ဖီလေး၊ ငါးခွက်သောက်မိသလိုပေါ့။

ကိုယ်ခန္ဓာမှာ Caffeine ဓါတ်များလာလေလေ Adenosine ဓါတ်တွေကို တားဆီးနိုင်လာလေလေဖြစ်ပါတယ်။ Adenosine ဓါတ်တွေကို မတားနိုင်တဲ့အချိန်ရောက်ရင် ပင်ပန်းနွမ်းနယ်နေသလိုခံစားရမှာဖြစ်သလို Adenosine ဓါတ်တွေကို တားဆီးဖို့ Caffeine ဓါတ်ကို ပိုမိုတောင့်တလာပါမယ်။ နောက်ပြီတော့ Caffeine ဓါတ်က အစာအိမ်က အစာခြေရည် အများအပြားထုတ်ဖို့တွန်းအားပေးပါတယ်။ အဲ့ဒီတော့ အစာသာမရှိခဲ့ဘူးဆိုရင် ရင်ဘတ်ထဲမှာ ပူနေသလို ခံစားရမှာပါ။ Caffeine ဓါတ် အလွန်အကြူးသုံးစွဲမိရင် ဂနာမငြိမ်တော့ပါဘူး။ ဟိုဟာလိုနေသလို၊ ဒီဟာလိုနေသလိုနဲ့ စိုးရိမ်ကြောင့်ကြမှုများ လာတတ်ပါတယ်။ ဒီလိုမျိုးဖြစ်ရတာက Caffeine က ဦးနှောက်ဆဲလ်တွေကို လှုံ့ဆော်တဲ့အခါ ကိုယ်ခန္ဓာက စိုးရိမ်ကြောင့်ကြမှုကို ဖြစ်စေတဲ့ Adrenaline ဓါတ်တွေကို ထုတ်လိုက်လို့ပါ။

နောက်ထပ်ဆိုးကျိုးတစ်ခုက Caffeine က ဆေးလိပ်မှာ ပါဝင်တဲ့ Nicotine ဓါတ်လိုပဲ လူကိုစွဲလမ်းမှုကိုဖြစ်စေ ပါတယ်။ ရုတ်တရက် Cafeine ဓါတ်ကိုဖြတ်လိုက်မယ်ဆိုရင်လည်း ကိုယ်ခန္ဓာက ခေါင်းမူးခေါင်းကိုက်ဖြစ်ပြီး မအီမသာခံစားရပါမယ်။ ကော်ဖီတစ်ခါသောက်ပြီးရင်တောင်မှ Caffeine ရဲ့သက်ရောက်မှုက လေးနာရီကနေ လေးနာရီခွဲလောက်အထိ ကြာတတ်ပါတယ်။ ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတဲ့စကားရှိတာကြောင့် ကော်ဖီသောက်ရတာနှစ်သောက်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုရင်တောင် အလွန်အကျွံမသောက်သုံးဖို့ အကြံပြုပါရစေ။

မင်းသုခ (အခရာ)

www.akhayar.com