ဆံပင်တိုကိုထားဖူးတယ်ရှိအောင် ထားသင့်တဲ့ အကြောင်းပြချက်တွေ

မြန်မာမိန်းကလေးတော်တော်များများဟာ ဆံပင်အရှည်ကိုနှစ်သက်မြတ်နိုးကြပါတယ်။ ဆံပင်ရှည်တဲ့မိန်းကလေးမှသာ ကျက်သရေရှိတာ မိန်းမပီသတာဆိုပြီး လွဲမှားတဲ့အယူတွေကိုလက်ခံနေတဲ့သူတွေလည်းရှိပါတယ်။ ဆံပင်ရှည်ရှည်မရှည်ရှည်အမျိုးသမီးအင်္ဂါပါရင် မိန်းမစစ်တယ်ဆိုတာကို လက်ခံနိုင်ဖို့ကအရေးကြီးပါတယ်။ ဒါ့အပြင်ဆံပင်အတိုထားလိုက်လို့ မိန်းမ မပီသဘဲ နေရင်းထိုင်ရင်းကနေ ယောင်္ကျားဘဝပြောင်းသွားတယ်ဆိုတာ မရှိပါဘူး။ ဆံပင်အတိုထားတာမှာ ကောင်းတဲ့အချက်တွေတောင်ရှိပါသေးတယ်။ ဒါကြောင့် Akhayar စာရေးသူကနေ ပရိသတ်ကြီးအတွက် မိန်းကလေးတွေဆံပင်အတိုထားရင် ရနိုင်မယ့်ကောင်းကျိုးလေးတွေကို ဝေမျှပေးသွားပါမယ်။

ဆံပင်အတွက်အပင်ပန်းခံထိန်းသိမ်းစရာမလိုတော့ဘူး

ဆံပင်တိုတဲ့အတွက်ကြောင့်မို့ ဆံကေသာကျန်းမာရေးအတွက် တစ်ပတ်မှာနှစ်ရက်လောက်ဆိုင်ကို သွားပေါင်းရတာတို့ ဆံပင်ကိုအမြဲဘီးဖီးပေးရတာတို့ ဆံပင်မကျိုးအောင်ဘယ်လိုစီးရတာတို့ ဆံပင်နှစ်ခွမဖြစ်အောင်ဘာလုပ်ရတာတို့ ဘာတို့ညာတို့လို ကိစ္စတွ လုပ်စရာမလိုတော့ဘူး။ ဆံပင်တိုတဲ့အတွက်ရှင်းတယ်၊ ခေါင်းကိုနှစ်ရက်ခြားတစ်ခါမလျှော်လည်းဖြစ်တယ်။ အနံ့ထွက်မှာတွေ အဆီပြန်မှာတွေတွေးပူစရာမလိုဘူး။

အစာစားရင် သောကမရောက်ဘူး

ဆံပင်ရှည်တဲ့မိန်းကလေးတိုင်းကြုံရတဲ့ ပြဿနာက အစာစားနေရင်း ဆံပင်ကိုပါ စားမိတာတွေ။ အစာစားနေတာကို မျက်နှာရှေ့ဆံပင်က ကန့်လန့်ကန့်လန့်လာရှုတ်နေလို့ စားရသောက်ရ အဆင်မပြေတာတွေမရှိတော့ဘူး။

 

 

မိုးလင်းလာလို့ဆံပင်တွေညှိတဲ့ ပြဿနာဆိုတာ ဘာမှန်းတောင်သိတော့မှာမဟုတ်ဘူး

ဆံပင်တိုတဲ့အတွက်ကြောင့်မို့လို့ မနက်မိုးလင်းလာရင် ဆံပင်တွေညှိနေတာမျိုး မဖြစ်တော့ဘူး။ အိပ်ရာထလာပြီး ခေါင်းမဖီးဘဲ ရပ်ကွက်နှစ်ပတ်လောက်ပတ်လိုက်လို့တောင်ရတယ်။ ဆံပင်ကိုဘီးဖီးစရာမလိုဘူး၊ လက်နဲ့ပုံကျအောင်သပ်လိုက်ရင်ရပြီ။ ဒီတိုင်းရှုတ်ရှုတ်ပွပွလေးတောင်နေလို့ရတယ်။ ပိုတောင်မှ ဂေါ်သေးတယ်။

လေတိုက်လို့ဆံပင်ပုံပျက်တာဆိုတာဘာလဲ

ဆံပင်ရှည်တဲ့ကောင်မလေးတွေက ဆံပင်ချထားတာများတယ်၊ ချထားမှပိုလှတာကိုး။ ဒါပေမယ့်အဲ့လိုချပြီး ဂေါ်ချင်တဲ့ကိုယ့်မှာ လေများတိုက်လိုက်လို့ကတော့ ရစရာကိုမရှိပုံပျက်သွားရော။ လမ်းမှာသွားရင်းလာရင်းအဲဒီလိုသာဖြစ်ကြည့် အိတ်ထဲကဘီးထုတ်ပြီးကောက်ဖီးလို့လဲမရဘူး။ အလှတွေပျက်ကုန်ပါလေရော။ အဲဒီမှာ ဆံပင်တိုတဲ့စော်လေးတွေအတွက်ကတော့ ဘာကွိုင်မှကိုမရှိတော့ဘူး။ ဆံပင်ကတိုတော့ လေလည်းကြိုက်သလောက်တိုက် တိုက်ချင်သလောက်တိုက် ဒီပုံအတိုင်းပဲပြန်ကျလာတာ ဆံပင်က။ ဘာမှကိုပူစရာမလိုတော့တာပဲ။

Hair Dryer မဝယ်လည်းရတယ်၊ ဆံပင်အခြောက်မြန်တယ်

ဆံပင်တိုတဲ့သူတွေအတွက် ဆံပင်မခြောက်သေးဘူးဆိုတဲ့ စကားက မပြောဖြစ်တော့လို့ မေ့တေ့တေ့တွေဖြစ်ကုန်တဲ့အထိပဲ။ ဆံပင်တိုတဲ့သူတွေအတွက်က အခုခေါင်းလျှော်တယ် အိမ်ပေါ်တက်လာတယ် ကိုယ်သုတ်ပြီးအဝတ်လဲပြီးရော ဆံပင်ကလည်းခြောက်သွားရော၊ အေးရောပဲ။ ဆောင်းတွင်းဆို ဆံပင်ရှည်တာကြောင့် ဆံပင်မခြောက်လို့ အအေးပတ်တယ်ဆိုတာမရှိတော့ဘူး။ ကျန်းမာရေးတောင်ကောင်းသေး။ ကုန်ကုန်ပြောရရင် ဆံပင်အခြောက်မြန်လို့ Dryer ဖိုးလည်းသက်သာတယ်ကွာ။

နွေရာသီမှာ စတိုင်မပြတ်လန်းနိုင်သူတွေ

ဆံပင်တိုတဲ့မိန်းကလေးတွေက နွေရာသီရဲ့အခွင့်ထူးခံ လူတန်းစားတွေပါ။ ဆံပင်ရှည်လို့ နွေပူပူမှာ ချွေးသံတလုံးလုံးနဲ့ အပူများနေရတဲ့သူတွေလိုမဟုတ်ဘူး၊ ဆံပင်တိုတဲ့မိန်းကလေးတွေကတော့ နွေလေလေးကို သာသာယာယာခံစားရင်း လှလှပပနေလို့ရတယ်။ ဆံပင်မှာချွေးတွေကြီးပဲဆိုပြီး တိုင်ပတ်နေရတာမျိုး လုံးဝလုံးဝမရှိဘူး။ ဘယ်လောက်တောင်သာယာလိုက်လဲ။

ဆံပင်တိုတဲ့သူတွေသာ ရုပ်နုတာ

ယုံရင်ယုံ မယုံရင်လည်းသုတသနလုပ်ကြည့် ဆံပင်တိုထားတာက ရုပ်ကိုပိုပြီးနုစေတယ်တဲ့။ ဆံပင်ရှည်တဲ့လူတွေက အလိုလိုနေရင်းကို ရုပ်ရင့်နေတာ။ ဆံပင်ရှည်နဲ့ကောင်မလေးတွေကိုဆိုရင် မြင်လိုက်တာနဲ့ အသက်ကြီးတယ်လို့ထင်တတ်ကြပြီး ဆံပင်တိုတဲ့မိန်းကလေးတွေကိုဆိုရင် ဆယ်ကျော်သက်လေးတွေလို့ မြင်တတ်တာ လောကနိယာမပဲ။ ပြီးတော့ဆံပင်တိုညှပ်တာက ကိုယ့်မျက်နှာကို ပိုပေါ်စေတယ်။ ဆံပင်ရှည်တဲ့သူတွေက ထိုင်းထိုင်းမှိုင်းမှိုင်းပုံပေါက်နေချိန်မှာ ဆံပင်တိုရင် လုံးဝ Fresh ဖြစ်တဲ့ပုံပေါက်တယ်။

ဒါကြောင့်မိန်းကလေးတွေ တသက်မှာတစ်ခါလောက်တော့ ဆံပင်အတိုထားကြည့်သင့်တယ်။ အပြောင်းအလဲဖြစ်သွားအောင်ပေါ့။ နဂိုထဲကဆံပင်တိုပြီးသားဆိုရင်လည်း သူများတွေဖဲ့လို့ အားမငယ်ပါနဲ့။ ဆံပင်တိုတာလည်းသူ့ဟာနဲ့သူကောင်းပါတယ်။ ပရိသတ်ကြီးတို့ရော ဆံပင်တိုတာကိုပိုသဘောကျလား ဆံပင်ရှည်တာကိုပိုသဘောကျလား။

Piki (Akhayar)

www.akhayar.com