မိန်းကလေးဖြစ်လာပြီဆိုကတည်းက အနည်းနဲ့ အများတော့ ယောက်ျားလေးတွေအပေါ် ဆွဲဆောင်နိုင်ဖို့ လိုအပ်သေးတာပေါ့နော်။ Sexy ကျနေမှ၊ ပိုက်ဆံတွေသုံးပြနိုင်မှ ကောင်လေးတွေက ကြိုက်ကြမှာမဟုတ်ပါဘူး။ ရိုးရိုးလေးပဲတွေးကြည့်ပါ။ မိန်းကလေးတစ်ယောက်အနေနဲ့ ယောက်ျားလေးတစ်ယောက်ကို ဆွဲဆောင်နိုင်ဖို့ ဘာတွေလိုအပ်လဲဆိုတာကို။

ကြင်နာပါ

ကြင်နာမှုလောက် ဆွဲဆောင်နိုင်တဲ့အရာမျိုး ကျွန်မ မတွေ့ဘူးသေးပါဘူး။ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကြင်နာတတ်တဲ့သူတိုင်းဟာ ဆွဲဆောင်မှုရှိကြတာချည်းပါပဲ။ မေတ္တာထားပါ။ ဂရုစိုက်ပြီး ကြင်နာမှုပေးပါ။ အရာရာတိုင်းမှာ အသွားအပြန်ရှိတာ သေချာတယ်ဆိုရင် သူလည်း သင့်အပေါ် တဖြည်းဖြည်းချင်း ပြန်လည်ကြင်နာတတ်လာပါလိမ့်မယ်။

ပျော်တတ်ပါ

သူ ပြောပြတဲ့ ဟာသလေးတွေကို ရယ်မောတတ်လာရာကစလို့ သူနဲ့အတူတူ ပျော်ရွှင်ရယ်မောနေတတ်အောင် ကြိုးစားပါ။ ယောက်ျားလေးတွေက Drama တွေ အမြဲတမ်းချိုးနေတဲ့ မိန်းကလေးတွေထက် အမြဲတမ်း ရွှင်လန်းတက်ကြွပြီး ပျော်ရွှင်ရယ်မောနေတဲ့မိန်းကလေးတွေကို ပိုပြီး နှစ်သက်လေ့ရှိပါတယ်။ Drama တွေခင်းပြပြီး သနားလို့ မေတ္တာသက်ဝင်လာအောင် ကြိုးစားတဲ့နည်းလမ်းက ၂၀ရာစုမှာ ကျန်ခဲ့ပါပြီနော်။

အကောင်းမြင်ပါ

ပတ်ဝန်းကျင်က လူတွေအပေါ် အမြဲတမ်း အတင်းပြောပြီး အဆိုးမြင်နေတဲ့ မိန်းကလေးတစ်ယောက်ကို တည်ကြည်ခန့်ညားတဲ့ ဘယ်ယောက်ျားလေးမှ သဘောမကျပါဘူး။ လူတိုင်းအပေါ်လည်း သနားကြင်နာတတ်ပြီး အကောင်းမြင်တတ်တဲ့ မိန်းကလေးတွေကိုကျတော့ အထင်ကြီးပြီး သဘောကျတတ်ကြပါတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ ယောက်ျားလေးတစ်ယောက်က နှစ်သက်အောင်ထက် အထင်ကြီးအောင် နေထိုင်သင့်ပါတယ်။

ပိုက်ဆံသုံးပါ

ကိုယ့်အတွက် ကိုယ်သုံးတာလောက်တော့ နှမြောနေဖို့မကောင်းပါဘူး။ အလှအပအတွက်၊ ကိုယ်ရည်ကိုယ်သွေးအတွက် အမြဲ ပိုက်ဆံသုံးနေတဲ့ မိန်းကလေးတစ်ယောက်ဟာ ဖြစ်သလိုနေ၊ ဖြစ်သလိုစားတဲ့ မိန်းကလေးတစ်ယောက်ထက်တော့ အများကြီး ဆွဲဆောင်မှုရှိပါတယ်။ ပိုက်ဆံတွေ တောင်လိုပုံအောင် ရှာပြီး ကိုယ့်ကိုယ်ကိုယ်အတွက်မှ မသုံးဘဲ မနေပါနဲ့။ မိန်းကလေးဆိုတာ အချိန်တိုင်း ဆွဲဆောင်မှုရှိနေရမယ်လေ။

လိုက်လျောညီထွေရှိပါ

မိန်းကလေးမို့လို့ ဒါတော့ မလုပ်နိုင်ဘူး၊ ဒီနေရာတော့ မသွားဘူးဆိုတာထက် အရာရာနဲ့ လိုက်လျောညီထွေရှိတဲ့ မိန်းကလေးတွေက လူဝင်ပိုဆံ့ပြီး လူပိုချစ်ပါတယ်။ အရက်ဝိုင်းမှာ ၀င်ထိုင်နေမိမှာတော့ အရက်တစ်ခွက်လောက်တော့ သောက်ရတော့မှာပါပဲ။ အစည်းအဝေးထဲရောက်နေရင်လည်း သူများနည်းတူ အာရုံစိုက်ပြီး ဆွေးနွေးငြင်းခုံနိုင်ရပါမယ်။ ထက်မြတ်ပြီး လိုက်လျောညီထွေရှိပါစေနော်။

ဆွဲဆောင်မှုရှိပါစေ

ဒါနောက်ဆုံးအချက်ပါပဲ။ ဆွဲဆောင်မှုရှိအောင် ဘယ်လိုနေရမလဲဆိုတာ အကြံပေးခါမှ ဆွဲဆောင်မှုရှိပါစေဆိုတော့ နည်းနည်းတော့ အူကြောင်ကြောင်ဖြစ်မိကြမှာပါ။ ဒါပေမယ့် ဟုတ်ပါတယ်။ အကြည့်တွေ၊ အပြုံးတွေနဲ့ နေထိုင်ပြုမှုပုံတွေက တခြားမိန်းကလေးတွေနဲ့ မတူဘဲ ကိုယ်ပိုင်အမူအရာပုံစံလေးတွေကို တည်ဆောက်ပါ။ ကိုယ့်ရဲ့ ဖျက်ခနဲအကြည့်တွေကအစ ညှို့ငင်အားပြင်းနေပါစေ။

ဒီလိုအချက်တွေနဲ့ ပြည့်စုံနေတဲ့ မိန်းကလေးတစ်ယောက်ကို စိတ်မ၀င်စားတဲ့ ယောက်ျားလေးရှိရင်တော့ လာခေါ်ပြလှည့်ပါနော်။ ကောင်မလေးတို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ။ အချိန်တိုင်း ထက်မြတ်လှပပြီး ဆွဲဆောင်မှုရှိအောင် နေပါ။ ဒီဆွဲဆောင်မှုတွေဟာ အချစ်ရေးတစ်ခုတည်းအတွက်ပဲ ပြောနေတာမဟုတ်ပါဘူး။ စီးပွားရေး၊ လူမှုရေးတွေကအစ ကိုယ်က သူများထက် ပိုပြီး အခွင့်အရေးရနေတော့မှာပါ။

Moethaesay (Akhayar)

www.akhayar.com