ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှာ မက်ဆီ Lionel Messi က မရှိမဖြစ်ကစားသမားဆိုတာ အားလုံးအသိဖြစ်ပြီး ဇာဗီ Xavi ၊ အင်နီယေစတာ Iniesta တို့ မရှိတော့တဲ့နောက်ပိုင်း မက်ဆီဟာ ကွင်းလယ်တိုက်စစ်အတွက်ပါ အရေးပါတဲ့ ကစားသမားဖြစ်လာခဲ့တယ်။ မက်ဆီ မပါရင် ဘာစီလိုနာ ရုန်းကန်ရတာက အမှန်တရားတစ်ခုဖြစ်လာပြီး ဒီရာသီအစပိုင်းမှာ ခြေသလုံးဒဏ်ရာကြောင့် မက်ဆီ အနားယူနေရတဲ့အချိန်မှာ ဘာစီလိုနာအသင်း ရလဒ်တွေ မတည်မငြိမ်ဖြစ်နေပါပြီ။ ပိုဆိုးတာက မက်ဆီ မပါရင် သူ့နေ့မှာ အစားဝင်နိုင်မယ့် ကစားသမား မရှိသေးတာပါပဲ။ ဘာစီလိုနာအသင်းဟာ ဒီရာသီလာလီဂါမှာ (၃)ပွဲကစားခဲ့ပြီးပါပြီ။ အဖွင့်ပွဲမှာ ဘီလ်ဘာအိုကို ရှုံး၊ ဘက်တစ်ကို နိုင်၊ ပြီးခဲ့တဲ့တစ်ပတ်က အိုဆာဆူနာနဲ့ သရေကျခဲ့ပါတယ်။

၂၀၁၈၊ နိုဝင်ဘာလက စလို့ ဘာစီလိုနာအသင်းအတွက် မက်ဆီ မကစားနိုင်ခဲ့တာက စုစုပေါင်း(၈)ပွဲရှိခဲ့ပြီး ဒီရာသီမှာ ဘက်တစ်ကို (၅-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲကလွဲရင် ကျန်တဲ့(၇)ပွဲမှာ (၃)ပွဲသရေ၊ (၄)ပွဲရှုံးနိမ့်ခဲ့ပါတယ်။ ဘီလ်ဘာအိုနဲ့ ရာသီအစပွဲမှာ ဘာစီလိုနာဟာ ဘောလုံးပိုင်ဆိုင်မှု (၇၂%)အထိရှိခဲ့ပေမယ့် ပြိုင်ဘက်ကို ဖြိုခွဲနိုင်ခဲ့ခြင်း မရှိဘဲ ၀ါရင့်တိုက်စစ်မှူး အဒူရစ်ဇ်ရဲ့သွင်းဂိုးကြောင့် အရှုံးပေးခဲ့ရတယ်။ ဘက်တစ်နဲ့ပွဲမှာတော့ ကစားသမားသစ် ဂရစ်ဇ်မန်း Antoine Griezmann ရဲ့ ခြေစွမ်းပြမှုကြောင့် အနိုင်ရခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့တစ်ပတ်က အိုဆာဆူနာနဲ့ပွဲမှာ (၂-၁)ဂိုးနဲ့ ဦးဆောင်ပြီးမှ ချေပဂိုးပြန်ပေးခဲ့ရလို့ သရေကျခဲ့ပြန်တယ်။ အဲဒီ(၃)ပွဲစလုံးမှာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်စွမ်းဆောင်ရည်က အားနည်းချက်တွေရှိခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးဟောင်း နေမာ Neymar ကို ပြန်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခုလောလောဆယ် မက်ဆီရဲ့ ဒဏ်ရာက ဘယ်အချိန်ပြန်ကောင်းလာမလဲဆိုတာ အတိအကျ မသိရသေးပေမယ့် အခုတစ်ပတ်မှာ နိုင်ငံတကာပွဲတွေကြောင့် ကလပ်အသင်းပွဲတွေ ခဏရပ်နားမှာဖြစ်လို့ ဒီရက်ပိုင်းအတွင်းမှာ မက်ဆီ ကြံ့ခိုင်မှုပြည့်ဝလာဖို့ မျှော်လင့်ရတာပါပဲ . .

မက်ဆီ မပါနိုင်တဲ့ပွဲတွေမှာ ဘာစီလိုနာအသင်းရဲ့ ရလဒ်များ

November 6th, 2018 – Inter Milan 1-1 Barcelona
January 10th 2019 – Levante 2-1 Barcelona
January 23th 2019 – Sevilla 2-0 Barcelona
April 13th 2019 – Huesca 0-0 Barcelona
May 4th 2019 – Celta Vigo 2-0 Barcelona
August 16th 2019 – Athletic Bilbao 1-0 Barcelona
August 25th 2019 – Barcelona 5-2 Real Betis
August 31st 2019 – Osasuna 2-2 Barcelona

REF:sportbible
Photo:PA,
Naing Linn(Akhayar)
www.akhayar.com