လာလီဂါထိပ်သီး ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ဂန္ထ၀င် ယိုဟန်ခရိုက်ဖ် Johan Cruyff ရဲ့ ရုပ်တုကို နူးကမ့်ကွင်းပြင်ပမှာထားပြီး ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဂုဏ်ပြုမှုတွေဟာ ဘောလုံးလောကမှာ မြင်တွေ့နေကြဖြစ်ပြီး အေဂျက်စ်အသင်းကလည်း ယိုဟန်ခရိုက်ဖ် ကို ဂုဏ်ပြုတဲ့ အနေနဲ့ သူတို့ရဲ့ကွင်းကို Johan Cruyff Arena ဆိုပြီး နာမည်ပြောင်းလဲ သတ်မှတ်ထားပါတယ်။ ယိုဟန်ခရိုက်ဖ် ဟာ ဘာစီလိုနာအသင်းမှာ ကစားသမားဘ၀မှာရော နည်းပြဘ၀မှာပါ အောင်မြင်ခဲ့သူဖြစ်ပြီး ကစားသမားဘ၀မှာတော့ ၁၉၇၃ ခုနှစ်ကနေ ၁၉၇၈ ခုနှစ်ထိကစားခဲ့သလို လာလီဂါနဲ့ စပိန်ဘုရင့်ဖလား ချန်ပီယံဆုတွေကို (၁)ကြိမ်စီရရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာ ကစားနေတဲ့ အချိန်ကာလအတွင်းမှာ ယိုဟန်ခရိုက်ဖ် ဟာ Ballon d’Or ဆုကို ၁၉၇၃ ခုနှစ်နဲ့ ၁၉၇၄ ခုနှစ်တွေမှာ (၂)နှစ်ဆက်ရရှိခဲ့ပါတယ်။

ယိုဟန်ခရိုက်ဖ် ဟာ ဘာစီလိုနာအသင်းမှာ ကစားသမားဘ၀ထက် နည်းပြဘ၀မှာအောင်မြင်ခဲ့သလို ဘာစီလိုနာအသင်း လက်ရှိအချိန်ထိ အောင်မြင်မှုတွေ စဉ်ဆက်မပြတ်ရနေဖို့အတွက် လမ်းကြောင်းချပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနည်းပြဘ၀မှာတော့ ယိုဟန်ခရိုက်ဖ် ဟာ လာလီဂါ(၄)ကြိမ် ၊ ချန်ပီယံလိဂ်(၁)ကြိမ်အပါအ၀င် ဆုဖလားပေါင်း(၁၁)လုံးထိ ရရှိအောင်စွမ်းဆောင်ပေးခဲ့သူပဲဖြစ်ပါတယ်။

ယိုဟန်ခရိုက်ဖ် ရဲ့ ရုပ်တုကို နူးကမ့်ကွင်းပြင်ပမှာထားပြီး ဂုဏ်ပြုခဲ့တဲ့ အနေအထားနဲ့ ပတ်သက်ပြီး သူ့ရဲ့သား ယော်ဒီခရိုက်ဖ် Jordi Cruyff က အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ယော်ဒီခရိုက်ဖ် က ” ဒီဂုဏ်ပြုမှုက ၀မ်းမြောက်မှုနဲ့ ဂုဏ်ယူမှုတွေကို မိသားစုတစ်ခုလုံးအတွက် ယူဆောင်လာတာပါပဲ။ ဒီလိုမျိုးဖြစ်လာအောင် ဖန်တီးပေးခဲ့တဲ့သူတွေအားလုံးကိုလည်း ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဒီနေရာက ကျွန်တော်အဖေအတွက် ကစားသမားဘ၀ရော နည်းပြဘဝကိုပါ ကုန်ဆုံးစေခဲ့တဲ့ နေရာကောင်းတစ်ခုပါ ” လို့ ပြောကြားခဲ့ပါတယ်။

Ref: 90 Min
Photo: Barcelona Twitter , Football Whispers
Ko Kyue(Akhayar)
www.akhayar.com