ဘာစီလိုနာအသင်း နာမည်ကျော်တိုက်စစ်မှူး မက်ဆီ Lionel Messi ကတော့ စံချိန်မှတ်တမ်းတွေ ရယူဖို့အတွက် ဖြစ်တည်လာသလားလို့တောင် မေးခွန်းထုတ်ရမယ်။ ဘာစီလိုနာအတွက် တစ်ပွဲကစားပြီးတိုင်း အနည်းဆုံး စံချိန်တစ်ခုလောက်တော့ ရလေ့ရှိတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက လာလီဂါသွင်းဂိုးအများဆုံး ပီချီချီဆုကို (၆)ကြိမ်မြောက်ရရှိခဲ့ပြီး ဘီလ်ဘာအိုဂန္ထ၀င်တိုက်စစ်မှူး တယ်လ်မိုဇာရာ Telmo Zarra တင်ရှိထားတဲ့ ပီချီချီဆု အကြိမ်အများဆုံးဆွတ်ခူးခဲ့တဲ့ မှတ်တမ်းကို အမီလိုက်နိုင်ခဲ့သလို အခုလည်း နောက်ထပ် သမိုင်းတွင်မယ့် စံချိန်တစ်ခုရေးထိုးနိုင်ဖို့ နီးစပ်နေပါပြီ။

အဲဒါကတော့ ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်ဆု(ESM)ကို (၃)နှစ်ဆက်ရရှိခဲ့တဲ့ ပထမဆုံးကစားသမား စံချိန်ပဲဖြစ်ပါတယ်။ ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုကို ၁၉၆၇-၆၈ ရာသီတုန်းက ပြင်သစ်နာမည်ကျော်သတင်းစာ L’Equipe က စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ၁၉၉၆-၉၇ ရာသီအရောက်မှာတော့ ဥရောအားကစားမီဒီယာ(ESM)က ဆက်လက်တာဝန်ယူ ဆုချီးမြှင့်ခဲ့တာဖြစ်သလို အဲဒီရာသီကစလို့ ပြည်တွင်းလိဂ် သွင်းဂိုးအရေအတွက်အလိုက် အမှတ်ပေးစနစ်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ဥရောပထိပ်သီးလိဂ်(၅)ခုမှာ သွင်းဂိုးတစ်ဂိုးကို (၂)မှတ်နဲ့ မြှောက်ပြီး အလယ်အလတ်လိဂ်တွေဆို (၁.၅)မှတ်၊ ကျန်တဲ့လိဂ်တွေဆို (၁)မှတ်နဲ့ မြှောက်တာပါ။

မက်ဆီဟာ လာလီဂါရာသီပိတ်ပွဲဖြစ်တဲ့ အီဘာနဲ့(၂)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ အသင်းအတွက် (၂)ဂိုးသွင်းယူခဲ့ပြီး ဒီရာသီလာလီဂါမှာ (၃၄)ပွဲကစား (၃၆)ဂိုးအထိသွင်းယူခဲ့ပါတယ်။ အခုလောလောဆယ် ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုအတွက် စာရင်းမှာ မက်ဆီက (၃၆)ဂိုးသွင်း (၇၂)မှတ်နဲ့ ဦးဆောင်နေပြီး သူ့နောက်မှာ PSG အသင်း တိုက်စစ်ကစားသမား ဘာပေ Kylian Mbappe က (၃၂)ဂိုးသွင်း၊ (၆၄)မှတ်နဲ့ ဖိအားပေးနေပါတယ်။ PSG အသင်းဟာ ပြင်သစ်လီဂူးရာသီပိတ်ပွဲအဖြစ် Reims အသင်းနဲ့ အဝေးကွင်းကစားရမှာဖြစ်ပြီး ဘာပေအနေနဲ့ မက်ဆီကို ကျော်ဖြတ်ဖို့ဆိုရင်တော့ နောက်ထပ်(၅)ဂိုးအထိ သွင်းဖို့ လိုနေတာကြောင့် ဆုရရှိဖို့ ရာခိုင်နှုန်းနည်းပါးနေပါပြီ။

မက်ဆီဟာ ESM ဆုကို (၅)ကြိမ်တိုင်ရရှိခဲ့ပြီး ၂၀၁၁-၁၂၊ ၂၀၁၂-၁၃ ရာသီနဲ့ ၂၀၁၆-၁၇၊ ၂၀၁၇-၁၈ ရာသီတွေမှာ (၂)နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။ သမိုင်းကြောင်းတစ်လျှောက် ဒီဆုကို (၂)နှစ်ဆက် ရရှိခဲ့တာက မက်ဆီအပြင် စီရော်နယ်လ်ဒို Cristiano Ronaldo (၂၀၁၃-၁၄ ပူးတွဲ၊ ၂၀၁၄-၁၅)၊ မက်ကွိုက်စ် Ally McCoist (၁၉၉၁-၉၂၊ ၁၉၉၂-၉၃)၊ အွန်နရီ Thierry Henry (၂၀၀၃-၀၄၊ ၂၀၀၄-၀၅)တို့ရှိနေပြီး မက်ဆီက (၃)နှစ်ဆက်ရရှိခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်တော့မှာဖြစ်ပါတယ်။ မက်ဆီအနေနဲ့ သမိုင်းတွင်မယ့် စံချိန်မှတ်တမ်းကောင်းတစ်ခုကို ရယူနိုင်မလားဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်လိုက်ရအောင်လား . . .

REF:talksport
Photo:The Sun,The Straits Times,ESPN
Naing Linn(Akhayar)
www.akhayar.com