ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင်တိုက်စစ်မှူး မက်ဆီ Messi ကို စာချုပ်သစ် ကမ်းလှမ်းသွားဖို့ရှိနေတယ်လို့ သိရပါတယ်။ မက်ဆီ ဟာ အသက်(၃၁)နှစ်ရှိပြီဖြစ်ပေမယ့် အကောင်းဆုံးခြေစွမ်းတွေကို ပြသနေဆဲဖြစ်သလို ဒီနှစ်ဘောလုံးရာသီမှာလည်း အရင်ကထက်ပိုမိုသာလွန်တဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနေသူဖြစ်ပြီး ဘာစီလိုနာတစ်သင်းထဲမှာသာ အရာအားလုံးပေးဆပ်ထားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်း ဥက္ကဌ ဘာတိုမြူ Bartomeu ဟာ မက်ဆီကို အသင်းမှာ နှစ်ပေါင်းများစွာဆက်ရှိဖို့ ဆန္ဒရှိနေပြီး လာလီဂါချန်ပီယံအသင်းအနေနဲ့ သူ့ကို စာချုပ်သစ် ကမ်းလှမ်းသွားဖို့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာတိုမြူ က ” သူ့ကို စာချုပ်သစ်ချုပ်ဆိုချင်ပါတယ်။ ဒါက စိတ်ကူးတစ်ခုပါ။ သူက ငယ်ရွယ်ပါသေးတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီး ဒါကိုမြင်နိုင်မှာပါ။ ပြီးတော့ သူက အသင်းနဲ့ စာချုပ်သက်တမ်း(၂)နှစ်ကျန်ပါသေးတယ်။ သူက အမြဲတိုးတက်နေပြီး အမြဲတီထွင်ဆန်းသစ်နေပါတယ်။ သူဟာ နှစ်ပေါင်းများစွာ ထိပ်ဆုံးမှာရှိနေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ပြီးတော့ လာမယ့်လတွေမှာ သူဘာစီလိုနာအသင်းမှာ နှစ်ပေါင်းများစွာရှိနေဖို့ ဆွေးနွေးသွားမှာပါ ” လို့ပြောကြားခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာတော့ မက်ဆီ ရဲ့ ဘာစီလိုနာအသင်းဟာ ဖလား(၃)လုံးလမ်းကြောင်းပေါ်မှာရှိနေသလို မက်ဆီကလည်း သွင်းဂိုး(၄၂)ဂိုးသွင်းယူထားပါတယ်။ လက်ရှိအနေအထားတွေအရ မက်ဆီ ဟာ ဥရောပရွှေဖိနပ်ဆုနဲ့ လာလီဂါဂိုးသွင်းအများဆုံးဆုတွေကို ရရှိဖို့အကောင်းဆုံး အခြေအနေမှာရှိနေပါတယ်။

Ref: Goal.com
Photo: Goal.com , Everything Barca
Ko Kyue(Akhayar)
www.akhayar.com