မန်ယူနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘာစီလိုနာအသင်း (၁-၀)ဂိုးနဲ့အနိုင်ရခဲ့ပေမယ့်လည်း ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ် Luis Suarez ကတော့ ချန်ပီယံလိဂ်မှတ်တမ်းဆိုးတစ်ခုကို မချိုးဖျက်နိုင်ခဲ့ပါဘူး။ ဘာစီလိုနာအသင်း ရရှိခဲ့တဲ့ဂိုးက ဆွာရက်ဇ်ရဲ့ အားထုတ်မှုကြောင့်ဖြစ်ပေမယ့်လည်း သူ့ရဲ့ ခေါင်းတိုက်ချက်က မန်ယူနောက်ခံလူ လုခ်ရှော Luke Shaw နဲ့ ထိပြီး OG အဖြစ်သတ်မှတ်ခဲ့တာကြောင့်လည်း ဆွာရက်ဇ် ကံဆိုးခဲ့ပါတယ်။ အခုဆိုရင် ချန်ပီယံလိဂ်အဝေးကွင်းပွဲတွေမှာ ဆွာရက်ဇ် ဂိုးမသွင်းနိုင်တာက (၁၃၀၃)ရက်အထိရှိနေပြီး မိနစ်နဲ့ဆိုရင် (၁၆၀၁)မိနစ်အထိ ရှိလာပါပြီ။

ချန်ပီယံလိဂ်အဝေးကွင်းမှာ ဆွာရက်ဇ် နောက်ဆုံးဂိုးသွင်းခဲ့တာက ၂၀၁၅၊ စက်တင်ဘာလ (၁၆)ရက်တုန်းက ရိုးမားနဲ့ ကစားခဲ့တဲ့ပွဲမှာဖြစ်ပြီး အခုဆိုရင် (၄)နှစ်နီးပါးကြာမြင့်နေပြီဖြစ်ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာ ဆွာရက်ဇ်ဟာ အဝေးကွင်းပွဲစဉ်(၇)ပွဲမှာ ဂိုးဖန်တီးမှု (၃)ကြိမ်လုပ်ခဲ့ပေမယ့် တစ်ဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။ အခုနောက်ပိုင်း ချန်ပီယံလိဂ်ပွဲတွေမှာ ဆွာရက်ဇ်ဟာ ဂိုးရဖို့ရုန်းကန်နေရပြီး ဒီရာသီ (၆)ပွဲကစား သွင်းဂိုးမရသေးသလို ပြီးခဲ့တဲ့ရာသီတုန်းက (၁၀)ပွဲမှာ (၁)ဂိုး၊ ၂၀၁၆-၁၇ ရာသီမှာ (၉)ပွဲကစား (၃)ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးစာရင်းဝင်ဖြစ်တဲ့ ဆွာရက်ဇ်အတွက် ဒီမှတ်တမ်းဆိုးက မဖြစ်သင့်ဘူးလို့ ပြောရမှာဖြစ်ပြီး လက်ကျန်ချန်ပီယံလိဂ်ပွဲတွေမှာ အခုမှတ်တမ်းဆိုးတွေကို ချိုးဖျက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ . . .

REF:talksport
Photo:Afaae,Twitter
Naing Linn(Akhayar)
www.akhayar.com