ဘာစီလိုနာအသင်း နာမည်ကျော်ကစားသမား မက်ဆီ Lionel Messi ဟာ သူ့ရဲ့ မဟာပြိုင်ဘက်ဖြစ်သူ စီရော်နယ်လ်ဒို Cristiano Ronaldo ရရှိခဲ့တဲ့ သွင်းဂိုးမှတ်တမ်းကောင်းတစ်ခုကို အမီလိုက်နိုင်ခဲ့ပါပြီ။ စီရော်နယ်လ်ဒိုနဲ့ မက်ဆီဟာ လာလီဂါမှာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရတုန်းက အပြိုင်အဆိုင်ဂိုးတွေ သွင်းယူခဲ့ကြပြီး လာလီဂါသွင်းဂိုးအများဆုံး ရွှေဖိနပ်ဆု၊ ချန်ပီယံလိဂ်သွင်းဂိုးအများဆုတွေကို အပြန်အလှန် ရယူနိုင်ခဲ့ကြတယ်။ စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်မှာ (၆)ရာသီဆက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့်လည်း ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၆)ဂိုးသာ သွင်းယူနိုင်တာကြောင့် ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးဆုနဲ့ လွဲချော်ဖို့ သေချာသွားပါပြီ။ ဒါ့အပြင် စီရော်နယ်လ်ဒိုဟာ စီးရီးအေမှာလည်း (၂၁)ဂိုးသာ သွင်းယူနိုင်ခဲ့လို့ ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်(ESM)ဆုနဲ့ လွဲချော်ခဲ့ရပါတယ်။

ဒီအချိန်မှာ မက်ဆီကတော့ ပုံမှန်ခြေစွမ်းအတိုင်း ဂိုးတွေသွင်းယူနေပြီး ဒီရာသီ ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုကို ပိုင်ဆိုင်ခဲ့သလို ချန်ပီယံလိဂ်မှာ (၁၂)ဂိုးနဲ့ သွင်းဂိုးအများဆုံးကစားသမားဖြစ်ဖို့ သေချာသွားပါပြီ။ ၂၀၁၈-၁၉ ရာသီမှာ မက်ဆီရဲ့ပြိုင်ပွဲစုံသွင်းဂိုးအရေအတွက်က (၅၁)ဂိုးအထိရှိခဲ့ပြီး ဒါဟာ သူ့ရဲ့ကစားသမားဘ၀တစ်လျှောက် ဂိုး(၅၀)နဲ့အထက် သွင်းယူခဲ့တဲ့ (၆)ရာသီမြောက်ဖြစ်ခဲ့ပါတယ်။ မက်ဆီဟာ ၂၀၁၀-၁၁ ၊ ၂၀၁၁-၁၂၊ ၂၀၁၂-၁၃၊ ၂၀၁၄-၁၅၊ ၂၀၁၆-၁၇၊ ၂၀၁၈-၁၉ ရာသီတွေမှာ ပြိုင်ပွဲစုံသွင်းဂိုး (၅၀)နဲ့အထက် သွင်းယူခဲ့တာဖြစ်ပြီး ၂၀၁၁-၁၂ ရာသီမှာဆိုရင် မယုံနိုင်လောက်အောင် (၇၃)ဂိုးအထိ သွင်းယူခဲ့တာပါ။

အခုဆိုရင် မက်ဆီဟာ အဓိကပြိုင်ဘက် စီရော်နယ်လ်ဒို ရီးယဲလ်ကစားသမားဘ၀တုန်းက ရယူခဲ့တဲ့ (၆)ရာသီတိုင်တိုင် သွင်းဂိုး(၅၀)နဲ့အထက် သွင်းယူခဲ့တဲ့မှတ်တမ်းကောင်းကို အမီလိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းကစားသမားဘ၀မှာ ၂၀၁၀-၁၁၊ ၂၀၁၁-၁၂၊ ၂၀၁၂-၁၃ ၊ ၂၀၁၃-၁၄ ၊ ၂၀၁၄-၁၅ ၊ ၂၀၁၅-၁၆ ရာသီတွေမှာ ဂိုး(၅၀)နဲ့အထက် သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီကစားသမားနှစ်ဦးကတော့ ကစားတဲ့လိဂ် မတူတာတောင် စံချိန်မှတ်တမ်းတွေ အပြိုင်အဆိုင်ရယူနေဆဲဖြစ်ပြီး လာမယ့် ၂၀၁၉ Ballon d’Or ဆုအတွက်လည်း  ယှဉ်ပြိုင်ရဦးမှာပါ . .

REF:sportskeeda
Photo:Fox Sports,AS,FC Barcelona
Naing Linn(Akhayar)
www.akhayar.com