ဘောလုံးလောကမှာ လက်ရှိကစားနေသူတွေထဲက ကလပ်အသင်းတစ်သင်းတည်းအတွက် နှစ်အကြာဆုံး ကစားထားသူစာရင်းကို နာမည်ကျော် TransferMarkt ဘောလုံးဝက်ဘ်ဆိုက်က စစ်တမ်းထုတ်ပြန်ခဲ့ပြီး ဘာစီလိုနာ နာမည်ကျော်တိုက်စစ်မှူး မက်ဆီ Lionel Messi က အဆင့်(၇)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ TransferMarkt ဟာ ၂၀၀၄ ကနေ လက်ရှိအချိန်အထိ ဥရောပကလပ်ပြိုင်ပွဲတွေမှာ အသင်းတစ်သင်းတည်းအတွက် နှစ်ပေါင်းများစွာ ကစားခဲ့သူတွေကို ရွေးချယ်ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီစာရင်းရဲ့ ထိပ်ဆုံးနေရာမှာတော့ ၂၀၁၈-၁၉ ရာသီကုန်မှာ ဘောလုံးသမားဘ၀ကနေ အနားယူသွားပြီဖြစ်တဲ့ ချီယေဗိုဝါရင့်တိုက်စစ်မှူး ပယ်လစ်စီယာ Sergio Pellissier က ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အသက်(၄၀)အရွယ်ရှိပြီဖြစ်သူ ပယ်လစ်စီယာဟာ ချီယေဗိုအသင်းမှာ ၂၀၀၀ ခုနှစ်က စတင်ကစားခဲ့သူဖြစ်ပြီး (၁၈)နှစ်၊ (၁၀)လကြာအောင် ကစားခဲ့သူဖြစ်ပါတယ်။ ပယ်လစ်စီယာဟာ မေလ(၁၉)ရက်က ဆမ်ဒိုးရီးယားနဲ့ ကစားခဲ့တဲ့ပွဲမှာ ချီယေဗိုအသင်းအတွက် အိမ်ကွင်း နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ပြီး သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ချီယေဗိုအသင်းက ပယ်လစ်စီယာ ၀တ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၃၁)ကို အနားပေးသွားမှာဖြစ်ပါတယ်။

ဒီစာရင်းရဲ့ ဒုတိယနေရာမှာတော့ ရိုးမားအသင်းရဲ့ ဂန္ထ၀င်ကွင်းလယ်လူ ဒီရော့ဆီ Daniele De Rossi က ရပ်တည်နေပါတယ်။ ဒီရော့ဆီဟာ ရိုးမားအသင်းအတွက် (၁၆)နှစ်၊ (၁၀)လကြာကစားခဲ့ပြီး ၂၀၁၈-၁၉ ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲလိုက်ပါပြီ။ ဒီစာရင်းမှာ မက်ဆီဟာ အဆင့်(၇)နေရာမှာ ရှိနေပေမယ့်လည်း အောင်မြင်မှုအများဆုံး ရရှိခဲ့သူအဖြစ် ရပ်တည်နေတာပါ။ အသက်(၁၅)နှစ်၊ (၄)လအရွယ်ကတည်းက ဘာစီလိုနာမြေကို ခြေချခဲ့သူ မက်ဆီဟာ အသက်(၃၁)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် အကောင်းဆုံးခြေစွမ်းပြသနေဆဲဖြစ်ပြီး ဆုဖလားအောင်မြင်မှုအပြင် တစ်ဦးချင်းဆုတွေ၊ စံချိန်မှတ်တမ်းတွေ အများကြီး ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာ ကစားသမားဘ၀ဖြတ်သန်းလာတာ (၁၅)နှစ်၊ (၄)လကြာမြင့်နေပြီဖြစ်တဲ့ မက်ဆီအနေနဲ့ နောက်ထပ်ဂုဏ်ယူစရာမှတ်တမ်းအဖြစ် One Club Player ဖြစ်အောင် ဘာစီလိုနာအသင်းမှာ ဆက်ကစားသွားမလားဆိုတာ စောင့်ကြည့်ရမှာပါ . .

REF:sportskeeda
Photo: TransferMarkt,Metro,fashionunited
Naing Linn(Akhayar)
www.akhayar.com