စာပေဟာ အသိဥာဏ်မျိုးမြင့်မားစေတယ်။ “ပညာမြင့်မှ လူမျိးတင့်မယ်” ဆိုတဲ့စကားတွေ ရှိပေမယ့် ကမ္ဘာပေါ်မှာ နိုင်ငံအလိုက်ပိတ်ပင်ခဲ့တဲ့စာအုပ်တွေ ရှိပါတယ်။ အတွေးအခေါ်အယူအဆမြင့်မားသွားမှာကို စိုးရိမ်တဲ့အတွက် ပိတ်ပင်တာမျိုးရှိသလို ကိုယ်ကျင့်တရားပျက်ယွင်းစေတယ်၊ စိတ်ဓါတ်ကိုပြုပြင်ပြောင်းလဲစေတယ် ဆိုပြီး ပိတ်ပင်တာမျိုးလည်း ရှိပါတယ်။ ဟိုတုန်းက အမေရိကန်မှာဆိုရင် လူမည်းကျွန်တွေဟာ စာပေသင်ကြားခွင့်မရကြသလို စာဖတ်ခွင့်လည်းမရှိပါဘူး။ အလိမ္မာစာမှာရှိတယ်ဆိုပေမယ့် အဆိပ်အတောက်ဖြစ်စေတဲ့စာအုပ်တွေလည်း ရှိပါတယ်။ သမိုင်းတစ်လျှောက် နိုင်ငံအလိုက်စာအုပ်အမျိုးအမျိုးကို အယူအဆအမျိုးအမျိုးနဲ့နှစ်ပေါင်းအတော်ကြာအောင် ပိတ်ပင်ခဲ့ကြပါတယ်။

The Bible

၁၄၄၀ မှထုတ်ခဲ့တဲ့ သမ္မာကျမ်းစာ (The Bible) ကို အရင်ဆိုဗီယက်နိုင်ငံဟောင်း USSR က ၁၉၂၆ ခုနှစ်ကနေ ၁၉၅၆ ခုနှစ်အထိနှစ်ပေါင်း ၃၀ ကြာအောင် ပိတ်ပင်ထားခဲ့ပါတယ်။ အီသီယိုးပီးယား (Ethiopia) နိုင်ငံမှာ ၁၉၈၆ ခုနှစ်က တားမြစ်ခြင်းခံခဲ့ပြီး ရေကြောင်းလမ်းကနေတစ်ဆင့် ဘုရားကျောင်းတွေကို ပို့လိုက်တဲ့ သမ္မာကျမ်းစာ အုပ်ရေ ၄၀၀၀၀ ကျော်ဟာ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

 The Communist Manifesto

၁၈၄၈ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ကွန်မြူနစ်ကြေငြာစာတမ်းစာအုပ်ကိုတော့ တူရကီနိုင်ငံမှာ ၁၈၄၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ၁၆၅ နှစ်ကြာအောင် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ ကွန်မြူနစ်တွေရဲ့အတွေးအခေါ်ကို ပျံ့နှံ့စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။ ဒီစာအုပ်ကို ကွန်မြူနစ်အတွေးအခေါ်ကို စတင်ခဲ့သူ ကားလ်မတ် (Karl Marx) နဲ့ ဖရက်ဒစ် အိန်ဂျယ် (Freidrich Engels) တို့က ရေးသားခဲ့တာဖြစ်ပါတယ်။

The Call of The Wild

၁၉၀၃ ခုနှစ်မှာ ဂျက်လန်ဒန် (Jack London) ရေးသားခဲ့တဲ့ အရိုင်းခေါ်သံ စာအုပ်ကိုတော့ ဂျာမဏီမှာ နာဇီတို့ကြီးစိုးခဲ့တဲ့ ၁၉၃၃ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အတွင်း ပိတ်ပင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ အစွန်းရောက်တယ်၊ တော်လှန်ချင်တဲ့စိတ်ကို အားပေးလို့ပါတဲ့။

 Ulysses

Ulysses ဆိုတာက ရောမလိုခေါ်တာပါ။ အင်္ဂလိပ်လိုဆိုရင်တော့ Odysseus လို့ခေါ်ပြီး ဂရိဒဏ္ဍာရီလာ သူရဲကောင်းတစ်ဦးရဲ့နာမည်ဖြစ်ပါတယ်။ ဒီစာအုပ်ကို James Joyce ရေးသားပြီး ၁၉၂၂ ခုနှစ်မှာ ထုတ်ဝေခဲ့မယ့် ဗြိတိသျှနိုင်ငံမှာတော့ လိင်အသားပေးလွန်းတယ်ဆိုပြီး ၁၉၂၂ ခုနှစ်ကနေ ၁၉၃၀ ခုနှစ်အထိ ၈ နှစ်ကြာောအင် ပိတ်ပင်ခဲ့ပါတယ်။

The Well of Loneliness

လိင်တူချစ်ကြိုက်မှုကို အသားပေးဖော်ပြထားတဲ့ဒီစာအုပ်ကို Radclyffe Hall က ရေးသားခဲ့ပေမယ့် ဗြိတိ သျှနိုင်ငံမှာ ၁၉၂၈ ခုနှစ်ကနေ ၁၉၄၉ ခုနှစ်အထိ ၂၁ နှစ်ကြာအောင် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမယ့် ၁၉၄၉ ခုနှစ်မှာတော့ ပြန်လည်ထုတ်ဝေခဲ့ပါတယ်။

 Lady Chatterley’s Lover

မိန်းမပျို ချက်တာလေးရဲ့ ချစ်သူဆိုတဲ့စာအုပ်ကို D.H. Lawrence ၁၉၂၈ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့ပါတယ်။ဒါပေမယ့် လိင်ပိုင်းဆိုင်ရာအသုံးအနှုန်းအများအပြားပါဝင်တဲ့အပြင် ချစ်ခန်း၊ ကြိုက်ခန်းတွေကို ကွက်ကွက်ကွင်းကွင်း ရေးသားထားလို့ ဗြိတိသျှနိုင်ငံမှာ ၁၉၂၈ ခုနှစ်ကနေ ၁၉၆၀ ခုနှစ်အထိ ၃၂နှစ်ကြာအောင် ပိတ်ပင်ထားခံခဲ့ရပါတယ်။

 Brave New World

Aldous Huxley ရဲ့ ရဲရင့်သော ကမ္ဘာသစ် စာအုပ်ကတော့ သြစတေးလျမှာ ၁၉၃၂ ခုနှစ်ကနေ ၁၉၃၇ ခုနှစ်အထိ ပိတ်ပင်ခံခဲ့ရပြီး နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကော်ပီစာအုပ်တွေအကုန်လုံးကိုလည်း အဲ့ဒီအချိန်တုန်းက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

 Topic of Cancer

Henry Miller ရဲ့ စာအုပ်ကို ၁၉၃၄ ခုနှစ်မှာ ထုတ်ဝေခဲ့ပေမယ့် အမေရိကန်မှာ ၁၉၃၄ ခုနှစ်ကနေ ၁၉၆၅ခုနှစ်အထိ ၃၁ နှစ်ကြာအောင် ပိတ်ပင်ခဲ့သလို ကနေဒါနိုင်ငံကလည်း ၁၉၃၈ ခုနှစ်ကနေ ၁၉၆၄ ခုနှစ်အထိ ၂၆ နှစ်ကြာအောင် ပိတ်ပင်ခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ဒီစာအုပ်မှာ ညစ်ညမ်းတဲ့အသုံးအနှုန်းတွေ ပါဝင်သလိုမဖွယ်မရာ အကြောင်းအရာတွေကိုလည်း ရေးသားထားလို့ဖြစ်ပါတယ်။

 Gone with the Wind

လေရူးသုန်သုန်ဆိုပြီး ဆရာမြသန်းတင့် ဘာသာပြန်ဆိုခဲ့တဲ့ ဒီစာအုပ်ကို ဆရာမ မာဂရက် မစ်ချယ် (Margaret Mitchell) က ၁၉၃၆ ခုနှစ်မှာ ရေးသားခဲ့ပါတယ်။ ရုရှားနိုင်ငံမှာ ကွန်မြူနစ်အုပ်ချုပ်မှုကို ထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၁၉၃၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ ၆၅ နှစ်ကြာအောင် ပိတ်ပင်ခဲ့ပါတယ်။

Animal Farm

George Orwell ရဲ့ဒီစာအုပ်ကိုတော့ သခင်ဘသောင်းက ခြေလေးချောင်းတော်လှန်ရေးဆိုပြီး ဘာသာပြန်ဆိုဖူးပါတယ်။ ကွန်မြူနစ်စနစ်ကိုသရော်တဲ့စာအုပ်ဖြစ်သလို အကျင့်ပျက်နေတဲ့ တိုင်းပြည်ခေါင်းဆောင်တွေကို လှောင်ပြောင်တဲ့စာအုပ်လည်းဖြစ်ပါတယ်။ ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ ကျူးဘားနဲ့ တရုတ်နိုင်ငံမှာ ၁၉၄၅ ခုနှစ်ကနေ ယနေ့အချိန်အထိ ၆၉ နှစ်ကြာအောင်ပိတ်ပင်ထားခြင်းခဲ့ရပါတယ်။ တရုတ်မှာ အင်္ဂလိပ်စာအုပ်ကို လုံးဝပိတ်ပင်ထားပေမယ့် ဆင်ဆာဖြတ်ထားတဲ့ တရုတ်ဘာသာစကားနဲ့စာအုပ်ကိုတော့ ထုတ်ဝေခွင့်ပြုထားပါတယ်။ ကင်ညာနိုင်ငံမှာ ၁၉၉၁ ခုနှစ်ကနေ ယနေ့အချိန်အထိ ပိတ်ပင်ထားပြီး စာအုပ်မှာပါဝင်တဲ့ စာသားနဲ့ပုံတွေက အစ္စလမ်မစ်စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိဘူးဆိုပြီး ယူအေအီးနိုင်ငံကလည်း ၂၀၀၂ ခုနှစ်ကနေ အခုအချိန်အထိ ပိတ်ပင်ထားပါတယ်။ ရုရှားနိုင်ငံမှာတော့ ၁၉၄၃ ခုနှစ်ကနေ ၁၉၈၀ ခုနှစ်အထိ ၃၇ နှစ်ကြာအောင်ပိတ်ပင်ခံခဲ့ရတဲ့စာအုပ်ပါ။

Ninteen Eighty – Four

George Orwell ရဲ့ ဒီစာအုပ်က ဆိုဗီယက်ခေါင်းဆောင် စတာလင်ရဲ့ခေါင်းဆောင်မှုအပေါ် လှောင်ပြောင်ထားတဲ့စာအုပ်ပါ။ ဒါကြောင့်မို့လို့ ဆိုဗီယက်ယူနီယံမှာ ၁၉၅၀ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အထိ နှစ်ပေါင်း ၄၀ ကျော်ကြာအောင် ပိတ်ပင်ခံခဲ့ရတဲ့အပြင် ကျူဘားဒုံးပျံအရေးအခင်းဖြစ်ခဲ့တဲ့ ၁၉၆၀ ကာလပတ်ဝန်းကျင်မှာလည်း ယူကေ နဲ့ အမေရိကန်တို့မှာ ပိတ်ပင်ခံခဲ့ရပါတယ်။

Lolita

၁၉၅၅ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Vladimir Nabokov ရဲ့ စာအုပ်ကတော့ ယူကေမှာ ၁၉၅၅ ခုနှစ်ကနေ ၁၉၅၉ ခုနှစ် အထိ ပိတ်ပင်ခံခဲ့ရပါတယ်။ ညစ်ညမ်းတဲ့အသုံးအနှုန်းတွေကြောင့်ပါ။

 The Satanic Verses

၁၉၈၈ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Salman Rushdie ရဲ့စာအုပ်ကတော့ ဘာသာရေးအငြင်းပွားဖွယ်ရာ အရေးအသားတွေကြောင့် နိုင်ငံအများအပြားမှာ ပိတ်ပင်ခံရတဲ့စာအုပ်ပါ။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဆူဒန်၊ တောင်အာဖရိက နဲ့ သီရိလင်္ကာတို့မှာ ၁၉၈၈ ခုနှစ်ကနေ အခုအချိန်ထိပိတ်ပင်ထားသလို အခြားနိုင်ငံပေါင်း ၁၆ နိုင်ငံမှာလည်း ၁၉၈၉ ခုနှစ်ကနေ ယနေ့အချိန်ထိ ပိတ်ပင်ထားပါတယ်။

 American Psycho

၁၉၉၁ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Bret Easton Ellis ရဲ့စာအုပ်ပါ။ သြစတေးရီးယားနိုင်ငံ Queensland မှာ ၁၉၉၁ ခုနှစ်ကနေ ယနေ့အချိန်အထိ ရောင်းချခွင့်မရှိပါဘူး။

 The Da Vinci Code

ဒီစာအုပ်က ရုပ်ရှင်ရိုက်ကူးခဲ့တဲ့နေရာမှာလည်း အောင်မြင်မှုအများအပြားရခဲ့တဲ့စာအုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ကက်သလစ်ဘာသာရေးအပေါ်ထိခိုက်မှုရှိတယ်လို့ ယူဆတာကြောင့် ၂၀၀၄ ခုနှစ်ကနေ ယနေ့အချိန်အထိ လစ်ဘနွန်နိုင်ငံမှာ ပိတ်ပင်ထားပါတယ်။

မင်းသုခ (အခရာ)

(www.akhayar.com)