အမေရိကန်သမ္မတဟောင်း အိုဘားမား (Obama) ကို တွေ့လိုက်တာနဲ့ မီရှဲလ် အိုဘားမား (Michelle Obama) ကိုပါ တွဲမြင်တတ်ပါတယ်။ လင်ယောက်ျားအပေါ် သစ္စာစောင့်သိရုံသာမက အမြဲတမ်းနားလည်ပေးတတ်တဲ့ ဇနီးကောင်းရဲ့ အားပေးမှုတွေကြောင့်လည်း အိုဘားမားဟာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးလူမည်းသမ္မတဖြစ်လာခဲ့ပါတယ်။ “မုန့်ကိုပဲ ဝေစားမယ် အချစ်ကိုတော့ ဝေမစားဘူး” ဆိုတဲ့ မိန်းမသားတို့ထုံးစံအတိုင်း ဒိန်းမတ်ဝန်ကြီးချုပ် ဟယ်လီ သွန်းနင်း ဆက်မစ် (Helle Thorning Schmidt) နဲ့ အိုဘားမားကို မနာလိုဖြစ်နေတဲ့ မီရှဲလ်ရဲ့ပုံစံကလည်း ချစ်ဖို့ကောင်းပါသေးတယ်။

အိုဘားမားရဲ့ရည်းစားဟောင်းက ဘယ်သူလဲ

မီရှဲလ်ဟာ အိုဘားမားရဲ့ဇနီးကောင်းတစ်ယောက်ဖြစ်ပေမယ့် အိုဘားမားဟာ မီရှဲလ်နဲ့မတွေ့ခင် ရည်းစားထားခဲ့ပါသေးတယ်။ လူသိနည်းတဲ့ဖြစ်ရပ်ပေမယ့် စိတ်ဝင်စားစရာကောင်းလွန်းပါတယ်။ အိုဘားမားရဲ့ရည်းစားဟောင်းကတော့ အိုဘာလင်ကောလိပ် (Oberlin College) ရဲ့တွဲဖက်ပါမောက္ခဖြစ်တဲ့ ရှယ်လာ မိုင်ရိုရှိ ဂျက်ဂါ (Sheila Miyoshi Jager) ဖြစ်တယ်လို့ ဒေးဗစ်ဂါရိုး (David Garrow) ရေးသားတဲ့ Rising Star စာအုပ်မှာ အတိအလင်းဖော်ပြထားပါတယ်။ အလုပ်နဲ့အချိန်သဟဇာတမဖြစ်မှု၊ နိုင်ငံရေးဖိအားနဲ့ နားလည်မှုလွဲမှားတာတွေကြောင့် အချစ်ရေးမခိုင်မြဲခဲ့တာပါလို့ ဖော်ပြထားပါတယ်။

You May Like : ဥာဏ်ကောင်းသူတွေက ဒါတွေလုပ်ကြတယ်

ရှယ်လာ မိုင်ရိုရှိ ဂျက်ဂါက ဘာပြောခဲ့လဲ

ဒေးဗစ်ဂါရိုးဟာ အိုဘားမားရဲ့ရည်းစားဟောင်းဖြစ်တဲ့ ရှယ်လာ မိုင်ရိုရှိ ဂျက်ဂါကို မေးမြန်းကြည့်တဲ့အခါမှာတော့ “ အိုဘားမား ဟားဗတ်တက္ကသိုလ်မတက်ခင်မှာ မကြာခဏတွေ့ဖြစ်ခဲ့ပါတယ်။ ၁၉၈၆ခုနှစ် ဆောင်းတွင်းကြီးမှာ မိဘတွေနဲ့ တွေ့ဖြစ်တော့ အိုဘားမားက ကျွန်မကို အမေ့ရှေ့မှာ လက်ထပ်ခွင့်တောင်းခဲ့တယ်။ အဲဒီတုန်းက ကျွန်မက ၂၃နှစ်ပဲ ရှိသေးတာလေ။ ကျွန်မအမေက အိမ်ထောင်ပြုဖို့ ငယ်သေးတယ် အချိန်စောင့်ပါဦးလို့ ပြောလိုက်တယ် ယတိပြတ်ငြင်းပယ်တာမျိုး မဟုတ်ပါဘူး။ အိုဘားမားရဲ့ရည်ရွယ်ချက်နဲ့ ငြင်းပယ်ချက်တွေက မကိုက်ညီတဲ့အခါ နောက်ဆုံးတော့ လမ်းခွဲကြတာပါပဲ၊ ကျွန်မလည်း ဆိုးလ်မြို့ကို ထွက်သွားခဲ့တယ်။ အဲဒီနောက် ဟားဗတ်ရောက်မှ အိုဘားမားက မီရှယ်နဲ့တွေ့ခဲ့တာ” လို့ ဆိုပါတယ်။

obama-family-election-night

အိုဘားမားက ဘာပြောခဲ့လဲ

တကယ်တော့ ရှယ်လာ မိုင်ရိုရှိ ဂျက်ဂါဆိုတာ ဒတ်ခ်ျနဲ့ဂျပန်သွေးစပ်တဲ့ လူဖြူတစ်ယောက်ဖြစ်ပါတယ်။ “ကံကြမ္မာက ကျွန်တော်တို့နှစ်ယောက်ကို ခွဲခဲ့တာထင်ပါရဲ့။ ကျွန်တော်သာ လူဖြူမတစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့မယ်ဆို ဒီလိုနေရာမျိုးမှာ ရောက်လာမှာမဟုတ်ဖူး” လို့ အိုဘားမားက ဆိုပါတယ်။ စာရေးဆရာဒေးဗစ်ဂါရိုးကတော့ အိုဘားမားဟာ  အချစ်နဲ့ကံကြမ္မာကြားမှာ လှောင်ပိတ်မိတဲ့သဘောပါလို့ သုံးသပ်သွားပါတယ်။ “ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်” ဆိုတဲ့မြန်မာစကားပုံလိုပဲ အိုဘားမားဟာ အရင်က ဘာတွေပဲဖြစ်ခဲ့ပါစေ မီရှဲလ်ကတော့ “သားကို သခင် လင်ကိုဘုရား” စိတ်ဓာတ်နဲ့ အမြဲတမ်းကိုးကွယ်ခဲ့သူပါ။ အတိတ်ကို အတိတ်မှာမေ့ထားပြီး  အခုအချိန်မှာတော့ အိုဘားမားဟာ မီရှဲလ်နဲ့အတူ သမီးနှစ်ယောက်နဲ့ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုမှာ လျှောက်လှမ်းနေပြီပဲဖြစ်ပါတယ်။ အရမ်းချစ်ကြပေမယ့်လည်း ကွဲသွားကြတဲ့ချစ်သူတွေမှာ အဓိကအားနည်းချက်က ဘာဖြစ်မယ်လို့ စာဖတ်သူတွေ ထင်ပါသလဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com