၂၀၁၉ Ballon d’Or ဆုက လာမယ့်ဒီဇင်ဘာလကျမှ ချီးမြှင့်မှာဖြစ်ပေမယ့် အခုအချိန်ကတည်းက ဒီဆုအတွက် ရေပန်းစားနေတဲ့သူတွေ ထွက်ပေါ်နေပါပြီ။ ၂၀၁၉ နှစ်စပိုင်းကတည်းက ထိပ်တန်းအဆင့် ဘောလုံးသမားတွေဟာ သက်ဆိုင်ရာကလပ်တွေအတွ် ခြေစွမ်းပြကစားနေကြတာကြောင့် ပြီးခဲ့တဲ့နှစ် ဆုပိုင်ရှင် မိုဒရစ် Luka Modric အနေနဲ့ (၂)နှစ်ဆက် ဆွတ်ခူးဖို့က သိပ်မဖြစ်နိုင်တော့ပါဘူး။ ၂၀၁၉ Ballon d’Or ဆု ဘယ်သူရမလဲဆိုတာ ပြောဖို့စောနေသေးပေမယ့် အခုကတည်းက ကြိုတင်ရင်ခုန်ကြည့်ချင်ပြီး ဒီဆုအတွက် စောစာစီးစီး ရေပန်းစားနေသူတွေကို ဖော်ပြလိုက်ရပါတယ် . . .

Kylian Mbappé

တစ်ချိန်ချိန်ကြရင် ထိပ်တန်းအဆင့်ဆုတစ်ခုကို ဘာပေ Kylian Mbappé ဆွတ်ခူးနိုင်လိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ အခုအချိန်မှာလည်း PSG အသင်းရဲ့ အဓိက ကစားသမားအဖြစ် နေမာ Neymar ကို ကျော်ပြီး ထင်ရှားနေသလို အသက်အရွယ်နဲ့ မလိုက်တဲ့ စံချိန်တွေ၊ အောင်မြင်မှုတွေကိုလည်း ရယူနေသူပါ။ ပြင်သစ်လီဂူးပြိုင်ပွဲမှာ သွင်းဂိုး(၅၀)ပြည့်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမား ဘာပေဟာ ပျမ်းမျှ(၇၂)မိနစ်အကြာမှာ တစ်ဂိုးသွင်းယူလေ့ရှိပြီး လက်ရှိသူ့ရဲ့ ဂိုးသွင်းနှုန်းအရ ဒီနှစ်ကုန်လောက်ဆိုရင် ကစားသမားဘ၀ သွင်းဂိုး(၁၀၀)ပြည့်ဖို့ အခြေအနေကောင်းနေပြီ။ အသက်(၂၀)အရွယ်မှာ ကမ္ဘာ့ဖလားလို ချန်ပီယံဆု ရရှိခဲ့သလို ပြည်တွင်းဆုဖလားတွေ အကုန်လုံး ရယူခဲ့ပြီး ဒီရာသီမှာသာ ချန်ပီယံလိဂ်ဖလား ရခဲ့ရင်တော့ ၂၀၁၉ Ballon d’Or ဆုက ဘာပေအတွက် သချောသလောက်ရှိနေပြီလို့ ပြောရမှာပါ။

Antoine Griezmann

ဂရစ်ဇ်မန်း Antoine Griezmann ဟာ Ballon d’Or ဆုနဲ့ ထိုက်တန်တယ်ဆိုတဲ့ သုံးသပ်ချက်တွေက ပြီးခဲ့တဲ့နှစ်ကတည်းက ထွက်နေတာပါ။ မနှစ်တုန်းက Ballon d’Or စာရင်းမှာ တတိယနေရာသာကျေနပ်ခဲ့ရတဲ့ ဂရစ်ဇ်မန်းဟာ အခုအချိန်မှာ အသက်အရွယ်အရရော ခြေစွမ်းအရပါ အကောင်းဆုံးအနေအထားကို ရောက်ရှိနေပါပြီ။ ကံဆိုးတာက လက်ရှိဘောလုံးလောကမှာ စီရော်နယ်လ်ဒို Cristiano Ronaldo ၊ မက်ဆီ Messi တို့လို ကစားသမားတွေအပြင် နောက်ထပ် ကြယ်ပွင့်တွေကလည်း ဆက်တိုက် ပေါ်ထွက်နေတာကြောင့် ဂရစ်ဇ်မန်းအတွက် တစ်ဦးချင်းအကောင်းဆုံးဆုရဖို့ မျှော်လင့်ချက်က ဝေးကွာနေတာဖြစ်ပါတယ်။

Cristiano Ronaldo

ပြီးခဲ့တဲ့နှစ်က Ballon d’Or ဆုနဲ့ ဝေးကွာခဲ့ရတဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ဒီနှစ်မှာတော့ (၆)ကြိမ်မြောက် Ballon d’Or ဆုကို ဆွတ်ခူးဖို့ ဆန္ဒပြင်းပြနေပါလိမ့်မယ်။ ဒီနှစ်မှာ နိုင်ငံတကာပြိုင်ပွဲကြီး မရှိတာကြောင့် ချန်ပီယံလိဂ်ဖလား ရတဲ့သူက Ballon d’Or ဆုရဖို့ အခြေအနေကောင်းတာကြောင့် ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်ရဖို့ အရေးကြီးနေပါပြီ။ အခုလောလောဆယ်တော့ ဂျူဗင်တပ်စ်အသင်းက ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့မှာ အက်သလက်တီကိုကို (၂)ဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ နောက်တစ်ဆင့်တက်ဖို့ စီရော်နယ်လ်ဒို ဘယ်လိုစွမ်းဆောင်ပြမလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။

Lionel Messi

Ballon d’Or အတွက် ရင်ခုန်မယ်ဆိုရင် မက်ဆီ Lionel Messi ကို မဖြစ်မနေထည့်သွင်းရမှာပါပဲ။ ပြီးခဲ့တဲ့နှစ်ကတော့ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် Ballon d’Or ဆုရဲ့ ထိပ်ဆုံး(၃)ဦးစာရင်းမှာ မပါဝင်ခဲ့ပေမယ့်လည်း ၂၀၁၉ ခုနှစ်အတွင်း သူ့ရဲ့ စွမ်းဆောင်ရည်အရ ဒီနှစ် Ballon d’Or ဆုကို မျှော်လင့်လို့ရတဲ့ အနေအထားဖြစ်ပါတယ်။ သူ့ရဲ့ အဓိက ပြိုင်ဘက် စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့အတူ Ballon d’Or ဆုကို (၅)ကြိမ်စီ ရထားတာကြောင့် စီရော်နယ်လ်ဒိုကို ကျော်ဖြတ်နိုင်ဖို့ မက်ဆီ ကြိုးစားရမှာပါ။

Ballon d’Or ဆုရရှိဖို့ဆိုတာက ဥရောပဘောလုံးလောကမှာ ကျင်လည်နေတဲ့ ကစားသမားတွေအတွက် ကြီးမားတဲ့ အိပ်မက်တစ်ခုပါပဲ။ ၂၀၁၉ Ballon d’Or ဆု ဘယ်သူရမလဲဆိုတာ အခုအချိန်ကတည်းက စိတ်ဝင်စားစရာကောင်းနေပြီး အခုဖော်ပြခဲ့တဲ့ ကစားသမားတွေထဲက တစ်ယောက်ပဲရမလား၊ ဒါမှမဟုတ် တခြားတစ်ယောက်ပဲ ဖောက်ထွက်ပြီးရသွားမလားဆိုတာကတော့ . . .

REF:sportskeeda
Photo:FIFA,Pursuit Of Dopeness,Goal,90Min,The Independent
Naing Linn(Akhayar)
www.akhayar.com