“အချစ်ရေ ကိုယ့်ကြောင့် ရွှေမျက်ရည်ကျ”ဆိုတဲ့ သီချင်းလေးကို တစ်နေရာရာမှာ ပြန်ကြားရရင် အဲဒီ အချိန်ကာလလောက်ကို ပြန်လွမ်းသွားတဲ့ သူတွေ ရှိမှာပါ။ ကားတွေကြပ်၊ အချိန်ရှားတဲ့ ၂၀၁၇ မှာနေရင်း ငါတို့ ငယ်ငယ်တုန်းကဆို ဒီလို မဟုတ်ဘူးလို့ တွေးနေတဲ့ လူတွေ အတွက် ကျွန်တော်တို့ အခရာအဖွဲ့သားတွေနဲ့အတူ ၉၀ ခုနစ်များဆီသို့ ပြန်သွားကြည့်ရအောင်!

 

၉၀ ခုနှစ်ရဲ့ တဝုန်းဝုန်း တဒိုင်းဒိုင်း ကစားနည်းများ

၉၀ခုနှစ် ကလေးဘဝရဲ့ မက်မောစရာ အကောင်းဆုံး ကစားနည်းတွေကတော့ မြေကြီးနဲ့ နီးတဲ့ ကစားနည်းတွေ လသာသာ ညတွေမှာ ရုပ်ရှင်ဖွက်တမ်းဆော့ကြတယ်။ တူတူပုန်းတမ်း ဆော့ကြတယ်။ စက်ဘီးပတ်စီးကြတယ်။ မိန်းကလေးတွေဆို အီစွပ်ကြိုးခုန်ရတာ အမော၊ ဇယ်ခုပ်ရင် လာဘ်တိတ်တယ် ဆိုပေမယ့် သြဇာစေ့လေးတွေနဲ့ ဇယ်ခုပ်ကြတာပါပဲ။ ။ ယောက်ကျားလေးတွေက ကျောင်းဆင်းပြီဆိုတာနဲ့၊ မိုးရွာပြီ ဆိုတာနဲ့ ဘောလုံးကန်ကြတယ်။ သားရေပင်ပစ်၊ဂေါ်လီပစ်၊အရုပ်ထောင်ပစ်ကြတယ်။ ဂျင်ပေါက်ကြတယ်။ ရထားလမ်းရှိတဲ့ ဘက်တွေဆို စွန်လွှတ်ကြ၊ ပြီးတော့ နှစ်ဖက်ခွဲပြီး စစ်တိုက်တမ်းကို ကော်စိသေနတ်တွေနဲ့ အမှန်အကန်ပစ်ခဲ့ကြတာ။

ထုပ်ဆီးတိုးတာတော့ ယောက်ကျားလေးရော၊ မိန်းကလေးရောပဲ။ ငြိမ်ငြိမ် ထိုင်ဆော့ဆို ပိုကီမွန်ကားချပ်ထပ်တယ်၊ ဇယ်ခုံတောက်တယ်၊ Tetris တုံးဆက်ရတဲ့ လက်နှိပ်ဂိမ်းစက်လေးရှိရင် အဲ့ဒါ အကောင်ပဲ။ အကောင်မွေးတဲ့ ဂိမ်းဆိုတာနဲ့ တနေကုန် အလုပ်ရှုပ်ကြ။ 99 in 1 အခွေဆိုပြီး ဂျင်းထည့်ခံခဲ့ရတဲ့ Family ဂိမ်းစက်တွေ ဆော့ခဲ့ကြ၊ နည်းနည်းပိုမြင့်လာတော့ PS 1နဲ့ ဘောလုံးကန်ကြ၊ Harvest Moon ( စိုက်ပျိုးရေး) ဂိမ်းဆော့ကြတာတွေ။

Tokyo Fried Chicken နဲ့ ယုဇနရေခဲမုန့် ကို အကောင်းလုပ်ပြီး စားရတဲ့ ၉၀ တွေ

အမှတ်ရနေတာတော့ ကပ်စေးနဲပဲ၊ ခေါက်မုန့်နဲ့ တွဲစားလို့လည်း ရတယ်။ အုန်းမွှေးလုံးတွေ၊ ဓားလှီးရေခဲချောင်းတွေ၊ တစ်ခါလှည့် ငါးဆယ်၊ တစ်ချောင်း ငါးဆယ် နို့အေးချောင်း၊ ရေခဲခြစ်ကို ဒီဘက်ခေတ်တွေလို ခွက်နဲ့ မဟုတ်ဘဲ တုတ်နဲ့ ထိုးပြီး နို့ဆီ ရွှဲရွဲစမ်းစားရတာတွေ။ ဝေဖာယိုသုတ်တွေ။ ဇိမ် ဂျင်းဇီးပြားတွေ၊ မိုးနတ်သူဇာ၊ ရှမ်းမနဲ့ လိပ်ရွှေရွှေ အချဉ်ထုပ်တွေ။ သရဲသကြားလုံး၊ အသည်းပုံသကြားလုံးတွေ။ တိုးတိုး အာလူးကြော် လက်ဟောင်းအထုပ်တွေ၊ Jumbo မုန့်ထုပ်တွေ၊၊ သမီးတို့ အကြိုက် မွန်းလိုက်နဲ့ Scorpion C plus ၊ ငယ်ငယ်ကဆို C Plus ဘူးကို ခါးမှာ တောင် ချိတ်ပြီး စတိုင်ထုတ်ကြသေးတယ်။

လူငယ် လူလတ်ပိုင်းတွေ အတွက်တော့ J Donut မှာ ထိုင်ရင်ကို ဆရာကြီးလို့ ပြောရမယ်။ Tokyo Fried Chicken စားနိုင်ရင် သထိန်းပဲ ၊ ရေခဲမုန့်ဆို ယုဇန Center ရှေ့ က ရေခဲမုန့်ကို တန်းစီပြီး စားရတာ။ လှည်းတန်းအဝိုင်းမှာ Mac Burger ဆိုတာလည်း ရှိသေးတယ်၊ ဘာဂါ ကောင်းမကောင်းတော့ မသိ၊ ကာရာအိုကေ ၁၀၀ဖိုး ၃ပုဒ် ကတော့ သူက စတာပဲ။

 

 

ဒီအချိန် ကျောင်းတော်ကြီးရဲ့ အလယ်မှာ စိန်ပန်းတွေလည်း ပွင့်နေပြီကွာ ဆိုတဲ့ ၉၀ ခုနှစ် ကျောင်းသားဘဝ

ကျောင်းသားတွေဆို မနက်ကို ကျောင်းသွား၊ ကျူရှင်တွေ ဘာတွေကလည်း ခုလို မများသေးတော့ ညနေဆို ဘောလုံးချိန်းကန်ကြတယ်။ Multimedia Classroom ဆိုတာ ပေါ်ခဲ့ပြီး ကွန်ပျူတာခန်းကိုတော့ သော့ခတ်ထားတတ်တာ အဲဒီအချိန်ကပါ။ လူကြီးလာတဲ့ နေ့တွေမှ Note Pad လေး ဖွင့်ပြီး စာရိုက်ပြ၊ Paint လေးဖွင့်ပြီး ပုံဆွဲပြရရင် အဲ့ဒါ အကောင်ပါ၊ ကျောင်းရဲ့ ထူးချွန်တဲ့ အကောင်ပေါ့။ ကျောင်းခန်းထဲမှာ ပိုးတယ်ဆိုတာ သကြားလုံးလေးတွေ သူ့ခုံပေါ် သူမသိအောင် ထားထားတတ်တာမျိုးပါ။ ရေးပေးပါစာအုပ်ဆိုတာ ခေတ်အစားဆုံးအရာ၊ ပထမစာမျက်နှာကို ကိုယ့် Crush လေးကို သွားရေးခိုင်းတာတို့ ဘာတို့ လုပ်ကြပါတယ်။
You May Also Like : “တက္ကစီတွေပါ ပြောင်းပစ်မယ်ပေါ့ ရန်ကုန်ရေ

 

စာပေးစာယူ လျှောက်ပြန်သံပေး PCO ဖုန်းနဲ့ ကြူရတဲ့ ၉၀တွေ

ရည်းစားထားတဲ့ နေရာမှာတော့ ၉၀ ခုနှစ် လူငယ်တွေဟာ ခက်လည်း ပို ခက်ခဲ၊ရင်ခုန်စရာလည်း ပိုကောင်းကြပါတယ်။ စော်လိုက်တာက အစ ဒီဘက် ခေတ်လို မဟုတ်ပဲ အရင်ဆုံး မျက်မှန်းတမ်းမိအောင် လိုက်ကြည့်ရ၊ ဒါမှ မဟုတ် သူ့သူငယ်ချင်းတစ်ယောက်ယောက်နေ အောင်သွယ်ခိုင်း၊ အခွင့်သာရင် သူ့အိမ်ရှေ့ကနေ ဂစ်တာ ဒေါင်ဒင်ခတ်ရပါတယ်။ ရည်းစားစကားကို လူကိုယ်တိုင် လိုက်ပြောတာဖြစ်ဖြစ်၊ ရည်းစားစာ စာအုပ်ကြားထဲမှာ ညှပ်ပေးတာတို့ လုပ်တယ်ဗျ။

ဖုန်းလေးနဲ့ ကြူချင်ရင်တော့ အတော်ကို တိုင်ပတ်တာဗျို့။ အဲဒီတုန်းက လိုင်းဖုန်းတွေပဲ တွင်ကျယ်တာ၊ အိမ်မှာ ဖုန်းတစ်လုံးပဲ ရှိတတ်တော့ အများအားဖြင့် ဧည့်ခန်းမှာ တပ်ထားတတ်ကြတယ်။ ကြူတော့မယ်ဆို အိမ်ရှိ လူကုန်ရှေ့ လေသံလေးနဲ့ တိုးတိုး တိုးတိုး ပိကျိပိကျိ လုပ်ရတာ။ လိုင်းဖုန်း မရှိရင်တော့ ဖုန်းဆိုင် ဒါမှ မဟုတ် PCO သာ ပြေးပေတော့ဗျို့။ ပိုက်ဆံနည်းတဲ့ အချိန် ချင့်ချိန်ကြူရတာ ရှိသေးတယ်။

 

ထက်ထက်မိုးဦး ရွှေခေတ်နှင့် ၉၀ ခုနှစ် ရုပ်မြင်သံကြား

၉၀ ခုနှစ် ပတ်ဝန်းကျင်မှာ ကျွန်တော်တို့မှာ ရွေးချယ်စရာဆိုလို့ မြန်မာအသံနဲ့ မြဝတီပဲ ရှိခဲ့ပါတယ်။ အမှတ်ရဆုံးကတော့ ကြော်ငြာတွေပါ။ ကြော်ငြာထဲမှာလည်း ဘယ်လိုင်းဖွင့်ဖွင့် ထက်ထက်မိုးဦးခေတ်လို့ ပြောရလောက်အောင်ကို သူ့ကြော်ငြာတွေပဲ ကြီးစိုးခဲ့တာ။ ပန် ပန် ပန် ပန့် ပန် နဲ့ စတဲ့ ထက်ထက်မိုးဦးရဲ့ ရွှေစင် ကြော်ငြာ၊ Good Morning ကြော်ငြာတွေဟာ ကလေးတွေ ပါးစပ်ထဲမှာ လွှတ် ရတာပေါ့။ ပိုက်ဆံတတ်နိုင်တဲ့ သူတွေက ၈ပေစလောင်းကြီးနဲ့ ဘောလုံးပွဲနဲ့ နိုင်ငံခြားကားတွေ ကြည့်ကြတာ။ နာမည်ကြီးတဲ့ အစီအစဉ်ဆို လျှပ်တပြက်ရိုက်ချက်နဲ့ ဆိုကြမယ် ပျော်ကြမယ် ပဲ။

ကျွန်တော်တို့ကို ရုပ်သံစီးရီးတွေနဲ့ ပထမဆုံး စတင်မိတ်ဆက်ပေးခဲ့တာ တရုတ်သိုင်းကားတွေ ပါ၊ ဝူခုန်း၊ ပိုးမင်းသားရဲ့ သိုင်းဝိဥာဉ်၊ ပေါင်ချိန်နဲ့ ကျန်ကျောင်း၊ ကျောက်စိမ်းလက်ကောက်ပါရင် သတိထားတို့ ဘာတို့၊ ကြားထဲမှာ အိုးရှင်း ဆိုတဲ့ ဂျပန်ကားလာလိုက်သေးတယ်။ ပြီးမှ ကိုရီးယားကား၊ အချစ်ဆုံးအတွက် ဟင်းတမယ်၊ အရမ်းပေါက်ခဲ့တဲ့ ဂျွန်စော၊အွန်စော၊ ဟိုတယ်ချစ်သူ။ ဖျော်ဖြေရေးရှားပါးတဲ့ အချိန်မှာ ဘာလာလာ ကျွန်တော်တို့ မြန်မာ ပရိသတ်ကတော့ ကြည့်တာချည်းပါပဲ။

 

၉၀ ခုနှစ်ရဲ့ ရိုးရှင်းတဲ့ လူနေမှုဘဝ

၉၀ ခုနှစ်ရဲ့ လူနေမှုဘဝတွေကတော့ ရိုးရှင်းသလို မိသားစု စုစုစည်းစည်း အချိန်လည်း များလှပါတယ်။ မနက်ဆို ကျောင်းသွားသူ ၊ ရုံးသွားသူ သွား။ ကားကျပ်၊ ကားပိတ် မရှိသေးသလို ကားခကလည်း ၂၀ ကျပ်ပါ။ ခုလို လက်ကိုင်ဖုန်းတွေ၊ အင်တာနက်တွေ မရှိတဲ့ အတွက် ညဆို TV ရှေ့ အိမ်ရှိ လူကုန်ရောက်နေပါပြီ။ ကလေးတွေက ကာတွန်းလုငှားကြသလို လူငယ်ဆယ်ကျော်သက်တွေကလည်း ဝတ္ထုစာအုပ် အသစ်ရောက်မှာကို ကြိုမှာကြတဲ့ အထိ စာအုပ်ဆိုင်ခေတ်ကောင်းပါသေးတယ်။ အခွေဆိုင်တွေမှာ အလုအယက်ငှားနေတာ မြင်ရမှာ ဖြစ်ပြီး သီချင်းခွေကလည်း Cassette Tape အဖြစ် ရှိသေးသလို ဇာတ်ကားတွေက DVR Tape နဲ့ လာတာပါ။ ပိုက်ဆံသစ်လေးတွေ ဆောင်ထားပြီး ဟတ်ဂျီးကပ်လို့ ပိုက်ဆံသစ်လေးနဲ့ ပွတ်ရတာတွေ၊ ခဏ ခဏ မီးပျက်တတ်လို့ အောက်စက်ဖုံးဖွင့်ပြီး ခွေထုတ်ရတာတွေနဲ့ မီးလာရင် အော်ရပျော်ရတဲ့ Feel ကလည်း ဘာနဲ့မှ မတူပါဘူး။ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုလည်း ထွန်းကားခဲ့သလို စနေ၊ တနင်္ဂနွေမှာ ကျူရှင်သွားဖို့ မလိုတဲ့ ကလေးတွေဟာ မီးကုန်ယမ်းကုန်ဆော့ကြပါတယ်။ တိရစ္ဆာန်ဥယျာဉ်သွားမယ်၊ Game City သွားမယ်၊ ရင်ပြင်မှာ ကြိုးတံတားလျှောက်ကြနဲ့ မိသားစု အချိန်တွေကို အဲဒီလို ကုန်ဆုံးစေခဲ့ကြတယ်။

“အကုန်လုံးထကြ.. အကုန်လုံးထက သီချင်းတွေက အခုအခါတော့ စိတ်မှာ မြူးကြွ”

ဒီသီချင်းနားထောင်ဖူးတဲ့ အခရာပရိသတ်ကြီးတိုင်းလည်း ပြောပြစရာ ၉၀ ခုနှစ်ပုံရိပ်များ ရှိကြမှာပါ။ Comment box မှာ ပြောပြရင်း ၉၀ ခုနှစ်တွေဆီ တူတူပြန်သွားကြတာပေါ့။

 

ရိုးလူ (အခရာ)

www.akhayar.com