ONE Championship ရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ Aung La Nsang ဟာ World MMA Awards ဆုပေးပွဲရဲ့ Charles ‘Mask’ Lewis Fighter of the Year (Fighter of the Year) နဲ့ International Fighter of the Year ကဏ္ဍတွေမှာ ဆန်ခါတင်ဝင်ခဲ့ပါတယ်။ World MMA Awards ဆုပေးပွဲကိုတော့ Fighters Only မဂ္ဂဇင်းက ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး ၂ဝဝ၈ခုနှစ်တည်းက စတင်ပေးအပ်ခဲ့ပါတယ်။ (၁၁) ကြိမ်မြောက် ဆုပေးပွဲမှာတော့ ကဏ္ဍ (၂၃) ခုအထိ ရွေးချယ်မှာဖြစ်သလို ကိုယ်ခံပညာပေါင်းစုံလောကမှာ ဂုဏ်သိက္ခာအကြီးမားဆုံး ဆုတံဆိပ်လို့ ဆိုနိုင်ပါတယ်။

ကဏ္ဍတစ်ခုချင်းစီမှာ ဆန်ခါတင် (၅) ဦးအထိ ရွေးချယ်ထားပြီး Aung La Nsang ဟာ Charles ‘Mask’ Lewis Fighter of the Year (Fighter of the Year) ကဏ္ဍမှာ UFC ရဲ့ လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံ Khabib Nurmagomedov ၊ Bellator MMA ရဲ့ မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံ Gegard Mousasi ၊ UFC ရဲ့ လိုက်ဝိတ်ယာယီကမ္ဘာ့ချန်ပီယံ Dustin Poirier နဲ့ UFC ရဲ့ ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ Daniel Cormier (DC) တို့ ပါဝင်နေပါတယ်။

International Fighter of the Year ကဏ္ဍမှာလည်း ‘မြန်မာ့စပါးအုံးမြွေ’ ဟာ Khabib Nurmagomedov ၊ Gegard Mousasi ၊ UFC ရဲ့ ဝယ်တာဝိတ်ကမ္ဘာ့ချန်ပီယံ Kamaru Usman နဲ့ UFC ရဲ့ မစ်ဒယ်ဝိတ်ယာယီကမ္ဘာ့ချန်ပီယံ Israel Adesanya တို့နဲ့အတူ ဆန်ခါတင်ဝင်နေပါတယ်။

ပြည်သူ့အချစ်တော် Aung La Nsang အနေနဲ့ Khabib Nurmagomedov နဲ့ Daniel Cormier တို့လို နိုင်ငံတကာမှာ ပရိသတ်အခိုင်အမာရထားတဲ့ ထိပ်တန်းကစားသမားတွေနဲ့အပြိုင် ဆန်ခါတင်ဝင်နေတဲ့အတွက် ဆုရပါ့မလားဆိုပြီး စိတ်ပူစရာတော့ရှိပါတယ်။ ဒါပေမယ့် World MMA Awards ဟာ ပရိသတ်တွေရဲ့ Voting အရေအတွက်ပေါ်မှာပဲ မူတည်ပြီး ရွေးချယ်ပေးတာပါ။ အဲဒီတော့ မြန်မာပရိသတ်တွေဟာ Voting များများပေးနိုင်ရင် Aung La Nsang အနေနဲ့ ဆုရဖို့ အခွင့်အလမ်းရှိပါတယ်။ အဲဒီတော့ ဘယ်လို Vote လုပ်ရမလဲ ကြည့်ရအောင်။

Voting ပေးချင်သူတွေအနေနဲ့ Email Account ရှိဖို့ လိုအပ်ပါတယ်။ Charles ‘Mask’ Lewis Fighter of the Year (Fighter of the Year) နဲ့ International Fighter of the Year ကဏ္ဍတွေမှာ Aung La Nsang ကို ရွေးချယ်ပြီး အောက်ဆုံးမှာ First Name ၊ Last Name ၊ Email နဲ့ Country ကို ဖြည့်လိုက်ရုံပါပဲ။ ‘I’m not a robot’ ဆိုတဲ့ Box ကို Click လုပ်ပေးပြီး Summit Vote လုပ်ပေးလိုက်ပါ။ Voting စနစ်က ရိုးရှင်းတဲ့အတွက် သိပ်မခက်ပါဘူး။

ကိုယ်ခံပညာပေါင်းစုံလောကမှာ ဂုဏ်သိက္ခာအကြီးမားဆုံးဆုကြီးလို့ ဆိုရမယ့် World MMA Awards ဆုကြီးကို ‘မြန်မာ့စပါးအုံးမြွေ’ Aung La Nsang ရရှိဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာ မရှိပါသေးဘူး။ နှမ်းတစ်စေ့တည်း ဆီမဖြစ်နိုင်ပေမယ့် နှမ်းစေ့တွေ များသွားရင်တော့ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဒီလင့်ခ်ကနေ Vote လုပ်လို့ရပါတယ်။ ကဲ . . . . အခုပဲ Vote ရအောင်ဗျာ။

Reference and Photo Credit – MMA Mania ၊ World MMA Awards ၊ FanSided ၊ Wikipedia

ကျော်စိုးအောင် (အခရာ)

www.akhayar.com