မြန်မာ့စပါးအုံးလို့ အမည်ပြောင်သတ်မှတ်ခံထားရတဲ့ အောင်လအန်ဆန် Aung La N Sang ဟာ လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအဖြစ် ဘရန်ဒွန်ဗီရာ Brandon Vera နဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ထပ်မံထိုးသတ်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ONE: A NEW ERA ပြိုင်ပွဲအဖြစ် ဟာဆီဂါဝါ Ken Hasegawa နဲ့ ထိုးသတ်ခဲ့တဲ့ပွဲမှာ အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဘွဲ့ကို တတိယအကြိမ်မြောက် ကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်ကို အဲဒီပွဲအပြီးမှာပဲ One Championship ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ ဘရန်ဒွန်ဗီရာက Cage အတွင်းမှာ စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။

ဘရန်ဒွန်ဗီရာက ” Mr. Aung La ဒီညနိုင်ပွဲအတွက် ဂုဏ်ယူမိပါတယ်။ ခင်ဗျားဟာ ယောက်ျားပီသတဲ့သူတွေထဲမှာ တစ်ဦးအပါအ၀င်ပါပဲ။ ကျွန်တော် ခင်ဗျားကို တောင်းဆိုချင်တာက လာမယ့်အောက်တိုဘာလ ၊ ဂျပန်နိုင်ငံမှာ ကျင်းပမယ့်ပွဲကျရင် ကျွန်တော်တို့နှစ်ယောက် ရင်ဆိုင်ကြမလား။ လိုက်ဟဲဗီးဝိတ်ချန်ပီယံအတွက် ခင်ဗျားကို ကျွန်တော် စိန်ခေါ်ပါတယ်”လို့ ပြောခဲ့တာပါ။ ဗီရာရဲ့ စိန်ခေါ်မှုကို အောင်လအန်ဆန်က ချက်ချင်းလက်ခံခဲ့ပြီး “ကျွန်တော်ဟာ ဘရန်ဒွန်ဗီရာရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်တာကြောင့် အောက်တိုဘာလကျရင် သူ့နဲ့ထိုးသတ်ရမယ့်ပွဲဟာ တကယ့်ကို ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ”လို့ ပြောကြားခဲ့ပါတယ်။ အသက်(၄၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖိလစ်ပိုင်လူမျိုး ဗီရာဟာ Kickboxing ၊ Wrestling နဲ့ Brazilian Jiu-Jitsu ကစားနည်းတွေ တတ်ကျွမ်းတဲ့သူဖြစ်ပြီး MMA ကစားသမားဘ၀မှာ (၂၆)ပွဲထိုး၊ (၁၆)ပွဲနိုင်၊ (၇)ပွဲရှုံးနိမ့်ခဲ့ပါတယ်။ MMA ကစားသမားဘ၀တစ်လျှောက် ၂၀၀၅ ခုနှစ်တုန်းက WEC Heavyweight Grand Prix Champion ဖြစ်ခဲ့ပြီး အဲဒီနှစ်မှာပဲ One Championship ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့်အောက်တိုဘာလကျရင် ကစားမယ့် ဒီနာမည်ကျော်နှစ်ဦးရဲ့ပွဲမှာ ဘယ်သူက အနိုင်ရသွားမလဲဆိုတာ ကြိုတင်ရင်ခုန်ကြည့်ရအောင်လား . .

REF:One Championship
Photo:Manila Bulletin Sports,One Championship
Naing Linn(Akhayar)
www.akhayar.com