ASUS ကနေပြီးတော့ ယခု ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့မှာ ပြုလုပ်နေတဲ့ Computex 2019 Event မှာ အလန်းစား ASUS ZenBook Pro Duo အပြင် Mainstream Market ထဲမှာ ရွေးချယ်စရာဖြစ်လာမယ့် ASUS VivoBook အသစ်တွေကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။

ASUS က မနှစ်တုန်းက Computex 2019 မှာ TouchPad မှာ Display တစ်ခုသီးသန့် ထည့်သွင်းပေထားတဲ့ ScreenPad နည်းပညာကို ဈေးနှုန်းမြင့်မားတဲ့ ASUS Zenbook Pro မှာပဲ မိတ်ဆက်ပေးခဲ့ပြီးတော့ အခုနှစ်မှာ ဒီ ScreenPad နည်းပညာကို အဆင့်မြှင့်တင်လာတဲ့ ASUS ZenBook Pro Duo ၊ ပြီးတော့ ASUS ZenBook Line မှာလည်း အရွယ်အစားပိုကြီးလာပြီး ပိုပြီး Responsive ဖြစ်လာတဲ့ ScreenPad 2.0 နည်းပညာကို ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ ASUS ကနေ ဒီလိုမျိုး အလန်းစားနည်းပညာတစ်ခုဖြစ်တဲ့ ScreenPad 2.0 နည်းပညာကို အမြင့်ပိုင်း Laptop တွေဖြစ်တဲ့ ZenBook Line တင်မဟုတ်ဘဲ ဈေးအများကြီးပိုသက်သာတဲ့ ASUS VivoBook တွေဆီကိုပါ ယူဆောင်လာခဲ့ပြီဖြစ်ပါတယ်။

ဒီ ASUS ကနေ Upgrade ပြုလုပ်ပေးလိုက်တဲ့ VivoBook S14 နဲ့ S15 Laptop တွေမှာ မနှစ်တုန်းက VivoBook Design အတိုင်းထွက်ရှိလာတာဖြစ်ပေမယ့် Specification ပိုင်းမှာတော့ အဆင့်မြှင့်တင်ပေးခဲ့တာပဲဖြစ်ပါတယ်။

VivoBook S14 နဲ့ S15 Laptop တွေမှာ Intel ရဲ့ နောက်ဆုံးထွက် i7 8th Generation Whisky-Lake Processor ၊ Full HD 14″ နဲ့ 15.6″ NanoEdge Display ၊ Nvidia MX250 Graphic Card တွေနဲ့ အဆင့်မြှင့်တင်ထားတဲ့အပြင် ကြီးကြီးမားမားပြောင်းလဲမှုအနေနဲ့ Wi-Fi 6 ကိုပါ Support ပြုလပ်လာဦးမှာဖြစ်ပါတယ်။

ပြီးတော့ ဒီ VivoBook တွေရဲ့ အဓိကပြောင်းလဲမှုတစ်ခုဖြစ်တဲ့ TouchPad နေရာမှာ ScreenPad 2.0 ပါဝင်လာတာကတော့ တော်တော်လေးကို အဆင်ပြေပြီးတော့ Display ၂ ခုပါတဲ့ Laptop တစ်ခုကို သုံးနေရသလိုကို ခံစားရမှာပါ။ ဒီ ScreenPad နေရာမှာ Music App ၊ YouTube ၊ Netflix လိုမျိုး Media App တွေကို ဖွင့်ထားပြီး အပေါ်က Primary Display မှာ အလုပ်လုပ်နိုင်တာကတော့ တကယ်ကို ဒီဈေးဝန်းကျင်မှာ တခြားသောပြိုင်ဘက်တွေက လိုက်မလုပ်နိုင်သေးတဲ့ Feature တစ်ခုလို့တောင် ပြောလို့ရပါတယ်။

ASUS အနေနဲ့ ဒီ VivoBook အသစ်တွေကို မြန်မာနိုင်ငံကို မကြာခင်မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီးတော့ ဈေးနှုန်းအသေးစိတ်ကိုတော့ ဆက်လက်ကြေညာသွားမယ်လို့ သိရပါတယ်။