[Zawgyi]

အာဆင်နယ် ဂိုးပြတ်အနိုင်ရခဲ့ပြီး အိမ်ရှင်အသင်းတွေအားလုံး နိုင်ပွဲရယူခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲများ

ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲတွေမှာ အာဆင်နယ်အသင်းက CSKA မော်စကိုအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဆီမီးဖိုင်နယ်ရောက်ဖို့ အခြေအနေကောင်းသွားပြီး ကျန်တဲ့ပွဲတွေမှာ လိုက်ပ်ဇစ်၊ အက်သလက်တီကို၊ လာဇီယို စတဲ့ အိမ်ရှင်အသင်းတွေအားလုံး နိုင်ပွဲကိုယ်စီရယူခဲ့ကြတယ်။ ဒီရာသီမှာ ယူရိုပါလိဂ်ဖလားတစ်လုံးပဲ မျှော်လင့်စရာရှိတော့တဲ့ အာဆင်နယ်အသင်းဟာ အီမရိတ်စ်ကွင်းမှာ CSKA မော်စကိုအသင်းကို အမှားအယွင်းမရှိဘဲ (၄-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ ဒဏ်ရာက ပြန်သက်သာလာတဲ့ လာကာဇက် ဒီပွဲမှာ ပြန်ပါလာပြီး နှစ်ဂိုးသွင်းယူတယ်။ ပွဲစကတည်းက တိုက်စစ်ဆင်ကစားခဲ့တဲ့အာဆင်နယ်အသင်းဟာ (၉)မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပြီး ညာခြမ်းက ဘယ်လာရင် ဖြတ်ချိုးပေးတာကို ရမ်ဆေးက အလိုက်သင့်ပိတ်သွင်းခဲ့တာပါ။ ဒါပေမဲ့ (၁၅) မိနစ်မှာ CSKA မော်စကိုကွင်းလယ်လူ ဂိုလိုဗင် လှပတဲ့ဖရီးကစ်ကန်ချက်နဲ့ ချေပဂိုးပြန်သွင်းခဲ့တာကြောင့် အာဆင်နယ်အသင်း ပြန်ရုန်းကန်ခဲ့ရတယ်။ (၂၃)မိနစ်မှာ အာဆင်နယ်အသင်းပယ်နယ်တီရခဲ့ပြီး လာကာဇက်က အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။ (၁၀)မိနစ်ကျော်အတွင်းမှာပဲ အာဆင်နယ် နောက်ထပ် ဂိုးတွေဆက်သွင်းခဲ့ပြီး (၂၈)မိနစ်မှာ ရမ်ဆေး၊ (၃၅)မိနစ်မှာ လာကာဇက်တို့က သွင်းယူခဲ့တာပါ။ ဒီပွဲမှာ ရမ်ဆေး၊ လာကာဇက်နဲ့ အိုဇေးလ်တို့ ခြေစွမ်းပြကစားခဲ့ပြီး ရမ်ဆေးနဲ့ လာကာဇက်က နှစ်ဂိုးစီသွင်းယူခဲ့သလို အိုဇေးလ်ကလည်း ဂိုးဖန်တီးမှု (၂)ကြိမ်ပြုလုပ်ခဲ့တယ်။ အခုပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့လို့ အာဆင်နယ်အသင်း ဆီမီးဖိုင်နယ်ကို ခြေတစ်လှမ်း လှမ်းနိုင်ခဲ့ပြီလို့ သတ်မှတ်ရမှာဖြစ်ပြီး ရလဒ်ဆိုးတွေကြောင့် ဖိအားများနေတဲ့ နည်းပြအာစင်ဝင်းဂါးအတွက်လည်း စိတ်သက်သာစရာဖြစ်ခဲ့ရတယ်။

ဒီနှစ် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်းတစ်သင်းဖြစ်တဲ့ အက်သလက်တီကိုအသင်းကလည်း အိမ်ကွင်းမှာ စပို့တင်းလစ္စဘွန်းကို (၂-၀)ဂိုး နဲ့အနိုင်ယူခဲ့တာကြောင့် ဆီမီးဖိုင်နယ်ရောက်ဖို့ အခြေအနေကောင်းသွားပါတယ်။ အက်သလက်တီကိုအသင်းအတွက် ဂိုးတွေကို ပွဲစပြီး သိပ်မကြာခင်မှာပဲ ကိုကေက သွင်းယူခဲ့ပြီး မိနစ်(၄၀)မှာ ဂရစ်ဇ်မန်းက ဒုတိယဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ လာဇီယိုနဲ့ဆာလ်ဘတ်အသင်းတို့ပွဲမှာတော့ လာဇီယိုအသင်းက(၄-၂)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ဒီပွဲမှာ အနိုင်ရခဲ့ပေမယ့် အဝေးဂိုးနှစ်ဂိုးပေးခဲ့ရတာကြောင့် ဒုတိယအကျော့ပွဲကျရင် လာဇီယို သတိထားကစားရမှာပါ။ လိုက်ပ်ဇစ်နဲ့ မာဆေးလ်ပွဲမှာတော့ လိုက်ပ်ဇစ်အသင်းက တီမိုဝါနာရဲ့ဂိုးနဲ့ မာဆေးလ်ကို အနိုင်ယူခဲ့ပါတယ်။

ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ရလဒ်များ
လိုက်ပ်ဇစ် ၁-၀ မာဆေးလ်
အာဆင်နယ် ၄-၁ CSKA မော်စကို
အက်သလက်တီကို ၂-၀ စပို့တင်းလစ္စဘွန်း
လာဇီယို ၄-၂ ဆာလ်ဘတ်

Photo Credit :ESPN

Naing Linn(Akhayar)
www.akhayar.com