[Zawgyi]

ဒီနှစ် နွေရာသီအပြောင်းအရွှေ့မှာ ပေါင်(၅၈.၄)သန်း အမြတ်ထွက်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဒီနှစ် နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကစားသမားရောင်းချတာကနေ အမြတ်ငွေ ပေါင်(၅၈.၄)သန်းအထိရခဲ့တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၁၇၊နိုဝင်ဘာလမတိုင်ခင် (၆)လအတွင်း ဘဏ္ဍာရေးအခြေအနေကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ချိန်ဘာလိန်၊ ဆဇက်စနီ၊ ကီရင်ဂစ်ဘ်၊ ဂါဘီယဲလ်တို့ကို ရောင်းချခဲ့တာကြောင့် ဒီလိုမျိုး အမြတ်အစွန်းတွေရရှိခဲ့တာပါ။ ဒါပေမဲ့ အဲဒီထဲမှာ ဇန်န၀ါရီကာလအတွင်း ဒေါ့မွန်တိုက်စစ်မှူးအူဘာမီယန်းကို ပေါင်(၅၈)သန်းနဲ့ ခေါ်ယူခဲ့တာ၊ ဝေါလ်ကော့ကို ပေါင်သန်း(၂၀)နဲ့ အဲဗာတန်အသင်းဆီ ရောင်းချခဲ့တာ၊ ဂျရူးကို ချယ်လ်ဆီးအသင်းဆီ အငှားချခဲ့တဲ့အတွက် ပေါင်(၁၈)သန်းရရှိတာအပြင် ကိုကီလင်ကို ပေါင်(၁၀)သန်းနဲ့ ဗလင်စီယာအသင်းဆီ ရောင်းချခဲ့တာတွေ မပါဝင်ခဲ့ပါဘူး။

အာဆင်နယ်အသင်းကို ပိုင်ဆိုင်တဲ့ Arsenal Holdings plc ကုမ္ပဏီက အာဆင်နယ်အသင်းဟာ ၂၀၁၇၊ နိုဝင်ဘာလမတိုင်ခင် (၆)လအတွင်း အခွန်မနုတ်ခင်အမြတ်ငွေအဖြစ် ပေါင်(၂၅.၁)သန်းအထိရရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး အဲဒီပမာဏက ၂၀၁၆တုန်းက ရရှိခဲ့တဲ့ ပေါင်(၁၂.၆)သန်းရဲ့ နှစ်ဆအထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ချက်ချင်းပေးရမယ့်ကြွေးမြီမရှိဘဲ အရံဘဏ္ဍာငွေပမာဏကလည်း ပေါင်(၁၃၇.၆)သန်းအထိရှိတယ်လို့ အဲဒီကုမ္ပဏီက ထုတ်ပြန်ခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေဟာ အဲဒီငွေတွေကို အသင်းအတွက် ရင်းနှီးမြုပ်နှံစေဖို့ ဆန္ဒရှိနေမှာ အမှန်ပါပဲ။ အာဆင်နယ်အသင်းဟာဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေကြောင့် ရုန်းကန်နေရပြီး အဆင့်(၆)နေရာအထိရောက်နေတာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင်မသေချာတဲ့အနေအထားပါ။ ဒါပေမဲ့ အာဆင်နယ်အသင်းရဲ့အကြီးအကဲဖြစ်တဲ့ ဆာ ချစ်ပ်ကက်စ်ဝစ်က Sir Chips Keswick က – ဒီရာသီဟာ ကျွန်တော်တို့အတွက် မလွယ်ကူတဲ့ရာသီတစ်ခုဖြစ်ပေမယ့် ရာသီကုန်မှာ အဆင့်ကောင်းကောင်းရဖို့ ကျွန်တော်တို့ အားလုံးအလုပ်ကို ကြိုးစားလုပ်နေပါတယ်။ အခုရရှိလာတဲ့ငွေကြေးတွေကို အကျိုးရှိရှိအသုံးချသွားဖို့ လိုအပ်ပြီး ကလပ်အသင်းရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဘောလုံးစီမံကိန်းတွေကို အကောင်းဆုံးလုပ်ဆောင်သွားမှာပါ-လို့ ဆိုခဲ့ပါတယ်။

Ko Linn(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။