ဘာစီလိုနာအသင်းကနေ တူရကီကလပ် ဘာရှက်စီဟာအသင်းမှာ အငှားနဲ့ သွားကစားနေတဲ့ ကွင်းလယ်လူ အာဒါတူရမ် Arda Turan ဟာ ဆေးရုံတစ်ခုအတွင်းမှာ လိုင်စင်မရှိတဲ့ သေနတ်ကိုင်ဆောင်ပြီး ပစ်ခတ်ခဲ့ရမ်းကားခဲ့တာကြောင့် ဆိုင်းငံ့ထောင်ဒဏ် (၂)နှစ်နဲ့ (၈)လပြစ်ဒဏ်ချမှတ်ခံလိုက်ရပါပြီ။ အာဒါတူရမ်ဟာ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက တူရကီနိုင်ငံရဲ့ နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ ဘာကေးဆာဟင် Berkay Sahin နဲ့ နိုက်ကလပ်တစ်ခုမှာ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး သူထိုးကြိတ်ခဲ့တာကြောင့် ဘာကေးဆာဟင် နှာခေါင်းကျိုးသွားခဲ့တဲ့အတွက် ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ အာဒါတူရမ်က ဘာကေးဆာဟင်ရဲ့ ဇနီးဖြစ်သူကို ရိသဲ့သဲ့လုပ်ခဲ့တဲ့အပြင် ဘာကေးဆာဟင်ကိုပါ အနာတရဖြစ်အောင် ထိုးကြိတ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အာဒါတူရမ်ဟာ ဘာကေးဆာဟင်ကို ထိုးကြိတ်ရတာနဲ့တင် မကျေနပ်ဘဲ သူရှိနေတဲ့ ဆေးရုံကို သွားပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။အာဒါတူရမ်က ဘာကေးဆာဟင်ကို သေစေလိုတဲ့ ဆန္ဒမရှိဘဲ ကြောက်လန့်သွားအောင် ခြောက်တဲ့အနေနဲ့ ကြမ်းပြင်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် တူရကီတရားရုံးက အာဒါတူရမ်ကို လူတွေ ထိတ်လန့်အောင် သေနတ်နဲ့ခြောက်လှန့်ပစ်ခတ်မှု၊ တရားဝင်လက်နက်ကိုင်ဆောင်မှု၊ လူတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရအောင် ကျူးလွန်ခဲ့မှု စတဲ့ပြစ်ချက်တွေနဲ့ စွဲချက်တင်ခဲ့ပြီး အခု ဆိုင်းငံ့ထောင်ဒဏ် (၂)နှစ်နဲ့ (၈)လချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အာဒါတူရမ်ဟာ အဲဒီပြစ်ဒဏ်ကို ချက်ချင်းကျခံရမှာ မဟုတ်ဘဲ လာမယ့်(၅)နှစ်အတွင်း နောက်ထပ်ပြစ်မှုကျူးလွန်မှသာ ဒီပြစ်ဒဏ်က အကျုံးဝင်မှာဖြစ်ပါတယ်။ ဒီဖြစ်ရပ်အတွက် အာဒါတူရမ်တင်မဟုတ်ဘဲ သူ့ရဲ့ကလပ် ဘာရှက်စီဟာအသင်းဟာလည်း ဒဏ်ငွေအဖြစ် ပေါင်(၃)သိန်းခွဲ ချမှတ်ခံခဲ့ရပါတယ်။ အာဒါတူရမ်ကတော့ ဒီဖြစ်ရပ်အတွက် ကလပ်အသင်းနဲ့ မိသားစုကို တောင်းပန်စကားဆိုခဲ့ပြီး သူ့အမှားအတွက် သင်ခန်းစာယူသွားမယ်လို့ Instagram မှာ ရေးသားခဲ့ပါတယ်။

REF:BBC
Photo:Akahi News,bilalozcan
Naing Linn(Akhayar)
www.akhayar.com