Apple ဟာ တရုတ်နိုင်ငံက ပစ္စည်းထုတ်လုပ်မှု ၁၅ ကနေ ၃၀ ရာခိုင်နှုန်းကြားကို အိန္ဒိယနဲ့ အရှေ့တောင်အာရှဘက် ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရွှေ့မယ်ဆိုရင် ကုန်ကျစရိတ်ဘယ်လောက် ရှိနိုင်မလဲဆိုတာကိုလည်း တွက်ချက်ပေးဖို့ Supplier တွေထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ ဆက်လက်တင်းမာနေတဲ့ တရုတ်-အမေရိကန် ကုန်သွယ်ရေးပဋိပက္ခကြောင့်လည်း အခုလို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချလိုက်တာ ဖြစ်ပါတယ်။ အခု လကုန်ဆို သမ္မတ Trump က ဖုန်း၊ လက်ပ်တော့နဲ့ တက်ဘလက်အပါအဝင် နည်းပညာ Devices တွေကို သွင်းခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ဖို့ ရှိနေပါတယ်။ Apple Devices တွေကလည်း တရုတ်ကနေ ပြန်သွင်းနေရတာ ဖြစ်တာကြောင့် တကယ် အခွန်တိုးကောက်ပြီဆိုရင် တခြားနိုင်ငံမှာ ပြောင်းထုတ်ဖို့ပဲ စဉ်းစားရတော့မှာပါ။ ဒါပေမယ့် Apple ဟာ အမေရိကန်နဲ့ တရုတ်တို့ အကြား ကုန်သွယ်ရေး ပြေလည်မှု ရသွားရင်တောင် ယခုဆုံးဖြတ်ချက်ကို ပြင်မှာ မဟုတ်တော့ဘူးလို့ သတင်းထွက်နေပါတယ်။

Photo: CNBC

တရုတ်နိုင်ငံဟာ Apple Devices တွေကို အဓိကထုတ်လုပ်ပေးနေတဲ့ နိုင်ငံတခု ဖြစ်သလို၊ Apple အတွက် အဓိက အရောင်းဈေးကွက်တခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Apple Devices တွေ ထုတ်လုပ်ဖို့ တရုတ်ကိုပဲ အဓိကအားထားနေရတာဟာ ကုမ္ပဏီအတွက် အရမ်းအန္တရာယ်ကြီးကြောင်း Apple ဘက်က ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်။

ကလေးမွေးဖွားမှုနှုန်း နည်းပါးမှု၊ အလုပ်သမားခတွေ တက်လာမှုနဲ့ ထုတ်လုပ်ရေးလုပ်ငန်းကို နိုင်ငံတနိုင်ငံတည်းမှာပဲ ဗဟိုပြုထားရှိမှု စတဲ့ အန္တရာယ်တွေ ရှိပါတယ်။ ဒေါ်လာ ၃၀၀ ဘီလျံဖိုး သွင်းခွန် ကောက်သည် ဖြစ်စေ၊ မကောက်ဘူးဖြစ်စေ ဒီအချက်တွေက မေ့ပျောက်ထားလို့ မရပါဘူး

လို့ Apple Supplier ကုမ္ပဏီတခုက အမှုဆောင်အရာရှိချုပ်တဦးက Nikkei ကို ပြောကြားခဲ့ပါတယ်။

iPhones တွေကို တပ်ဆင်ထုတ်လုပ်ပေးနေတဲ့ Foxconn ၊ Pagatron Corp ၊ Wistron Corp ၊ MacBook တွေ အဓိကထုတ်ပေးနေတဲ့ Quanta Computer Inc ၊ iPad ထုတ်ပေးနေတဲ့ Compal Electronics Inc ၊ AirPods ထုတ်လုပ်သူ Inventec Corp ၊ Luxshare-ICT ၊ Goertek စတဲ့ ကုမ္ပဏီကြီးတွေကို တရုတ်နိုင်ငံပြင်ပမှာ ထုတ်လုပ်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားတွက်ချက်ပေးဖို့ Apple က တောင်းဆိုထားပါတယ်။

Foxconn ကတော့ တရုတ်နိုင်ငံ ပြင်ပမှာ ပြောင်းထုတ်ချင်လည်း ပြောင်းထုတ်နိုင်လောက်တဲ့ ကုန်ထုတ်စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားပြီးသားပါ။ အမေရိကန်ဈေးကွက်မှာ ရောင်းမယ့် iPhones အလုံးရေအတွက်တော့ တရုတ်နိုင်ငံပြင်ပမှာ လုံလုံလောက်လောက် ထုတ်ပေးနိုင်ကြောင်း ပြောထားခဲ့ပါတယ်။

Photo: Arstechnica

အမေရိကန်သမ္မတ Trump ကတော့ Apple အနေနဲ့ တရုတ်က ထုတ်လုပ်ရေးကို ပြောင်းမယ်ဆိုရင် အမေရိကန်နိုင်ငံကိုပဲ ပြောင်းဖို့ အကြံပြုထားပါတယ်။ ဒါပေမယ့် Apple ကတော့ ပြောင်းချင်းပြောင်း အရှေ့တောင်အာရှနိုင်ငံတွေကိုပဲ ပြောင်းဖို့ များပါတယ်။ iPhone ထုတ်လုပ်မှု ပြောင်းရွှေ့ဖို့အတွက် အိန္ဒိယနဲ့ ဗီယက်နမ်တို့ကို အဓိကမျက်စိကျနေပြီး၊ မက္ကဆီကို၊ အင်ဒိုနီးရှား နဲ့ မလေးရှားနိုင်ငံတွေကိုလည်း ထည့်သွင်းစဉ်းစားနေပါတယ်။ Apple ဟာ လက်ရှိလည်း အိန္ဒိယမှာ တန်ဖိုးနည်း iPhones မော်ဒယ်တွေကို ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတော့ Apple ကို အမှီပြု ရပ်တည်နေတဲ့ ပစ္စည်းအစိတ်အပိုင်း ထောက်ပံ့ရေးကုမ္ပဏီတွေ၊ ပို့ဆောင်ရေးကုမ္ပဏီတွေ စနစ်တကျ အခိုင်အမာရှိနေပြီး ဖြစ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်ရေးကို တရုတ်နိုင်ငံ ပြင်ပရွှေ့မယ့် လုပ်ငန်းအဆင့်ဆင့်ဟာ တော်တော်လေး ခက်ခဲမှာပါ။ တရုတ်နိုင်ငံတွင်းမှာ ကျွမ်းကျင်လုပ်သားအင်အားအခိုင်အမာရှိပြီးဖြစ်သလို အခြေခံအဆောက်အအုံတွေကလည်း ပိုမိုခိုင်ခံ့ကောင်းမွန်ပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုလို ပြဿနာတွေလည်း အဖြစ်နည်းပါတယ်။

Photo: Word Press

Apple ဟာ ထုတ်လုပ်ရေးကို မြန်မြန်ဆန်ဆန်နဲ့တော့ တရုတ်နိုင်ငံ အပြင်ရွှေ့နိုင်မှာ မဟုတ်ပါဘူး။ အနည်းဆုံး ၁၈ လောက် ကြာနိုင်ပြီး၊ ၂ နှစ်ကနေ ၃ နှစ်လောက်မှ ထုတ်လုပ်မှုရလဒ် ထွက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

တရုတ်နိုင်ငံတွင်းမှာ Apple ရဲ့ ထုတ်လုပ်မှုအပေါ် မှီခိုထားတဲ့ အလုပ်အကိုင်ပေါင်း ၅ သန်းလောက် ရှိပြီး၊ Apple က တိုက်ရိုက်ခန့်ထားတဲ့ ဝန်ထမ်းဦးရေက ၁ သောင်းလောက် ရှိပါတယ်။ အကယ်၍ ထုတ်လုပ်မှု ၁၅ ကနေ ၃၀ ရာခိုင်နှုန်း ရွှေ့သွားပြီဆိုရင် အလုပ်အကိုင်ဘယ်လောက် ထိခိုက်နိုင်မလဲဆိုတာ သေချာ မသိနိုင်ပါဘူး။

Supplier တွေအနေနဲ့ ထုတ်လုပ်မှုပြောင်းရွှေ့ရေးဆိုင်ရာ အဆိုပြုချက်တွေကို ဘယ်နေ့နောက်ဆုံးထားပြီး ပေးရမလဲဆိုတာမျိုးတော့ Apple က သတ်မှတ်ထားခြင်း မရှိသေးပါဘူး။ Apple က ယခုသတင်းနဲ့ ပတ်သတ်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။

Ref: The Verge, Nikkei Asian Review