ဂန္ထ၀င်နည်းပြကြီး အာစင်ဝင်းဂါး Arsene Wenger အာဆင်နယ်အသင်း နည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က စပြီး အသင်းနဲ့လမ်းခွဲခဲ့တဲ့ ၂၀၁၈ ခုနှစ်အထိ (၂၂)နှစ်တာကာလအတွင်းမှာ အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူအရောင်တင်ပေးပြီး အသင်းအတွက် အောင်မြင်မှု ရယူပေးခဲ့တာကို ပရိသတ်တွေလည်း သိပြီးသားဖြစ်ပါလိမ့်မယ်။ အနယ်လ်ကာ Anelka ၊ အွန်နရီ Thierry Henry တို့အပါအ၀င် နာမည်ကျော် ဘောလုံးသမား တော်တော်များများဟာ ၀င်းဂါးကြောင့် လူတစ်လုံး သူတစ်လုံးဖြစ်လာတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အာစင်ဝင်းဂါး လက်လွတ်ခဲ့ရတဲ့ နာမည်ကျော်ကစားသမားတွေကလည်း အများကြီးပါ။ လက်လွတ်ခဲ့ရတဲ့အထဲမှာ စီရော်နယ်လ်ဒို Cristiano Ronaldo ၊ မက်ဆီ Lionel Messi တို့လို ဒီနေ့ခေတ် ဘောလုံးလောကရဲ့ GOAT နှစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ အဲဒါကြောင့် အာစင်ဝင်းဂါး လက်လွတ်ခဲ့ရတဲ့ ထိတ်ထိတ်ကြဲ ကစားသမားတွေကို အာဆင်နယ်ပရိသတ်တွေ ၀မ်းနည်းစရာဖြစ်စရအောင် ဖော်ပြလိုက်ချင်ပါတယ် . . .

Cristiano Ronaldo

မော်ဒန်ဘောလုံးလောကရဲ့ King လို့ သတ်မှတ်ရမယ့် စီရော်နယ်လ်ဒို Cristiano Ronaldo ကို အာဆင်နယ်အသင်း ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပြီးမှ လက်လွတ်ခဲ့ရတာကတော့ တကယ်ကံဆိုးခဲ့ပါတယ်။ ဆယ်ကျော်အသက်အရွယ်ကတည်းက ခြေစွမ်းပြနေတဲ့ စီရော်နယ်လ်ဒိုကို ပေါင်(၄)သန်းနဲ့ ခေါ်ယူဖို့ စပို့တင်းလစ္စဘွန်းနဲ့ သဘောတူညီမှု ရခဲ့ပြီး စီရော်နယ်လ်ဒိုဟာ အာဆင်နယ်အသင်းမှာ အစမ်း လေ့ကျင့်ခန်းဆင်းခဲ့သလို သူဝတ်ရမယ့် နံပါတ်တွေတောင် သတ်မှတ်ပြီးပါပြီ။ ဒါပေမဲ့ အာဆင်နယ်ကံဆိုးတာက ၂၀၀၃ ခုနှစ်မှာ စပို့တင်းလစ္စဘွန်းနဲ့မန်ယူတို့ ကစားခဲ့တဲ့ခြေစွမ်းပွဲမှာ စီရော်နယ်လ်ဒို လွှတ်ခြေစွမ်းပြတာကြောင့် ဖာဂီ Alex Ferguson က သူ့ကို သဘောကျသွားပြီး ဆယ်ကျော်သက်ကစားသမားတစ်ဦးအတွက် စံချိန်တင်ကြေးဖြစ်တဲ့ ပေါင်(၁၂.၂၄)သန်းနဲ့ ခေါ်ယူခဲ့တာကြောင့် အာဆင်နယ် Knock Out ကျခဲ့ရပါတယ်။ စီရော်နယ်လ်ဒိုကို လက်လွတ်ခဲ့ရတာက ဘယ်လောက်ရင်နာဖို့ကောင်းလဲဆိုတာ သူ့ရဲ့ ကစားသမားဘ၀ အောင်မြင်မှုတွေကို ကြည့်ရင် သိနိုင်ပါလိမ့်မယ်။

Lionel Messi

မက်ဆီ Lionel Messi ကို မရလိုက်တာကတော့ ၀င်းဂါးအတွက် နောင်တရဖို့ အကောင်းဆုံးလို့တောင် ပြောရမယ်။ အဲဒါနဲ့ပတ်သက်ပြီး အာစင်ဝင်းဂါးက အခုလိုပြောခဲ့ဖူးပါတယ်။ “လာမာစီယာကနေ ဖာဘရီဂတ်စ် Fabregas ကို ခေါ်ယူလိုက်ချိန်မှာ သူနဲ့အတူ မက်ဆီကိုပါ ခေါ်ဖို့ ကျွန်တော်တို့ ဘာစီလိုနာနဲ့ ဆွေးနွေးခဲ့ပါသေးတယ်။ သူ့ကို ခေါ်ဖို့ စိတ်ဝင်စားခဲ့ပေမယ့် အဲဒီအချိန်တုန်းက မက်ဆီဟာ Untouchable Player ဖြစ်နေလို့ မအောင်မြင်ခဲ့ပါဘူး”။ တကယ်လို့ မက်ဆီသာ အာဆင်နယ်အသင်းကို ရောက်လာမယ်ဆိုရင်တော့ . .

(Akhayar Sports မှ ဖော်ပြခဲ့တဲ့ ဘောလုံးသတင်းဆောင်းပါးတွေကို Dagon Beer မှ ကူညီပံ့ပိုးပေးထားပါသည်)

 

Zlatan Ibrahimovic

အသက်(၃၇)နှစ်အရွယ်ရောက်နေပြီဖြစ်ပေမယ့် လူငယ်တစ်ဦးလို ခြေစွမ်းပြနေဆဲဖြစ်တဲ့ နတ်ဘုရားကြီး အီဘရာဟီမိုဗစ် Zlatan Ibrahimovic ဟာ ငယ်ငယ်တုန်းက အာဆင်နယ်ကို ရောက်ဖို့ နီးစပ်ခဲ့ဖူးတယ်။ ကစားသမားဘ၀အစပိုင်း မာလ်မိုအသင်း ကစားနေုတုန်း အာစင်ဝင်းဂါးက အီဘရာဟီမိုဗစ်ကို ခေါ်ဖို့ မျက်စိကျခဲ့ပြီး အီဘရာဟီမိုဗစ်ဟာ အာဆင်နယ်အသင်း ကျောနံပါတ်(၉)ဂျာစီနဲ့ ဓာတ်ပုံတောင် အရိုက်ခံပြီးပါပြီ။ ဒါပေမဲ့ ပြဿနာက အာစင်ဝင်းဂါးဟာ အီဘရာဟီမိုဗစ်ကို စာချုပ်မချုပ်ခင် အသင်းမှာ အစမ်းလေ့ကျင့်ခန်းဆင်းဖို့ တောင်းဆိုခဲ့တာက စတော့တာပါပဲ။ အီဘရာဟီမိုဗစ်ကလည်း ငယ်ငယ်ကတည်းက မာနတခွဲသားနဲ့ဆိုတော့ စာချုပ်ရင်ချုပ် အစမ်းလေ့ကျင့်ခန်းတော့ မလုပ်နိုင်ဘူးဆိုပြီး ငြင်းဆန်ခဲ့တာကြောင့် အပြောင်းအရွှေ့က ဖြစ်မလာခဲ့ပါဘူး။

Didier Drogba

ချယ်လ်ဆီးဂန္ထ၀င် တိုက်စစ်မှူး ဒရော့ဘာ Didier Drogba ဟာ အပြာရောင်အစား အာဆင်နယ်အသင်းရဲ့ အနီရောင်ဂျာစီကို ၀တ်ဆင်ရဖို့ နီးစပ်ခဲ့ပေမယ့် အာစင်ဝင်းဂါးရဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် သူ့အတွက် ကံကောင်းခဲ့တယ်လို့ ပြောရမယ်။ ကစားသမားဘ၀ အစပိုင်းမှာ ပြင်သစ်က မထင်မရှားကလပ်ဖြစ်တဲ့ Le Mans မှာ ကစားနေတုန်း အာစင်ဝင်းဂါးဟာ ဒရော့ဘာရဲ့ ခြေစွမ်းကို မကြာခဏ လာကြည့်ခဲ့ပေမယ့် သူဟာ အာဆင်နယ်အသင်းပုံစံနဲ့ ကိုက်ညီမယ့်သူ မဟုတ်ဘူးလို့ ယူဆခဲ့တာကြောင့် မခေါ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ဒရော့ဘာရဲ့ ပြောင်းရွှေ့ကြေးက ပေါင်(၁)သိန်းသာ ရှိခဲ့တာပါ။ ၂၀၀၄ ခုနှစ်မှာ ချယ်လ်ဆီးအသင်းကို ရောက်ခဲ့တဲ့ ဒရော့ဘာဟာ အာဆင်နယ်နဲ့တွေ့တဲ့ပွဲတွေဆို ဂိုးသွင်းခဲ့တာက အာစင်ဝင်းဂါးကို မကျေနပ်လို့များလား . .

Paul Pogba

၂၀၁၂ ခုနှစ်မှာ မန်ယူအသင်းနဲ့ ပေါ့ဘာ Paul Pogba တို့ လမ်းခွဲလိုက်တော့ အာစင်ဝင်းဂါးက ပေါ့ဘာကို ခေါ်ဖို့ ကြိုးပမ်းခဲ့သေးတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း တုံနှေးနေတာကြောင့် ဂျူဗင်တပ်စ်အသင်းက ပေါ့ဘာကို လက်မြန်ခြေမြန်နဲ့ ခေါ်ယူသွားခဲ့ပါတယ်။ “ပေါ့ဘာကို ခေါ်ဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်လောက်အောင် အဖြစ်အပျက်တွေက မြန်ဆန်လွန်းပြီး သိပ်မကြာခင်မှာပဲ သူက ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ချုပ်ခဲ့ပါတော့တယ်”လို့ အာစင်ဝင်းဂါးက မချိတင်ကဲလေသံနဲ့ ပြန်ပြောင်းပြောဆိုခဲ့ဖူးပါတယ်။

အာဆင်နယ်အသင်း လက်လွတ်ခံခဲ့ရတဲ့ ထိတ်ထိတ်ကြဲ ကစားသမားများ အပိုင်း(၂)ကို ဆက်လက်ဖော်ပြပါမည် . .

REF:FootyRoom
Photo:Fox Sports,Getty Images
Naing Linn(Akhayar)
www.akhayar.com