ဂန္ထ၀င်နည်းပြကြီး အာစင်ဝင်းဂါး Arsene Wenger အာဆင်နယ်အသင်း နည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က စလို့ အသင်းနဲ့လမ်းခွဲခဲ့တဲ့ ၂၀၁၈ ခုနှစ်အထိ (၂၂)နှစ်တာကာလအတွင်းမှာ အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူအရောင်တင်ပေးပြီး အသင်းအတွက် အောင်မြင်မှု ရယူပေးခဲ့တာကို ပရိသတ်တွေလည်း သိပြီးသားဖြစ်ပါလိမ့်မယ်။ အနယ်လ်ကာ Anelka ၊ အွန်နရီ Thierry Henry တို့အပါအ၀င် နာမည်ကျော် ဘောလုံးသမား တော်တော်များများဟာ ၀င်းဂါးကြောင့် လူတစ်လုံး သူတစ်လုံးဖြစ်လာတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အာစင်ဝင်းဂါး လက်လွတ်ခဲ့ရတဲ့ နာမည်ကျော်ကစားသမားတွေကလည်း အများကြီးပါ။ လက်လွတ်ခဲ့ရတဲ့အထဲမှာ စီရော်နယ်လ်ဒို Cristiano Ronaldo ၊ မက်ဆီ Lionel Messi တို့လို ဒီနေ့ခေတ် ဘောလုံးလောကရဲ့ GOAT နှစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ အဲဒါကြောင့် အာစင်ဝင်းဂါး လက်လွတ်ခဲ့ရတဲ့ ထိတ်ထိတ်ကြဲ ကစားသမားတွေကို အာဆင်နယ်ပရိသတ်တွေ ၀မ်းနည်းစရာဖြစ်စရအောင် အပိုင်း(၂)အဖြစ် ဖော်ပြလိုက်ချင်ပါတယ် . . .

Gianluigi Buffon

အီတလီဘောလုံးလောကရဲ့ ဂန္ထ၀င်ဂိုးသမားကြီးလို့ သတ်မှတ်ရမယ့် ဘူဖွန် Gianluigi Buffon ဟာ ဂျူဗင်တပ်စ်အသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းက အသင်းသာခွင့်ပြုမယ်ဆိုရင် အာဆင်နယ်ကို ပြောင်းချင်တယ်လို့ ဖွင့်ဟခဲ့ဖူးတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းက အလေးအနက်ထားပြီး မကြိုးပမ်းခဲ့လို့ ဘူဖွန်သာ ကစားသမားဘ၀ နေ၀င်ချိန်သာ ရောက်လာတယ်၊ အာဆင်နယ်ကို မရောက်ခဲ့ပါဘူး။ အာဆင်နယ်အသင်းကတော့ ဘူဖွန်ထက် အယ်လ်မူနီယာ Manuel Almunia ၊ ဆဇက်စနီ Szczesny စတဲ့ ဒုတိယတန်းစား ဂိုးသမားတွေနဲ့သာ ပျော်ပျော်ကြီးရှေ့ဆက်ခဲ့ပါတော့တယ်။

Gerard Pique

ဖာဘရီဂတ်စ် Fabregas ကို လာမာစီယာကနေ ခေါ်ခဲ့တုန်းက အာစင်ဝင်းဂါးဟာ ပီကေး Gerard Pique ကိုလည်း ခေါ်ဖို့ စိတ်ဝင်စားခဲ့ပေမယ့် ထုံးစံအတိုင်း လက်လွှတ်ခဲ့ရပြီး ပီကေးဟာ မန်ယူအသင်းဆီ ရောက်ခဲ့ပါတယ်။

Vincent Kompany

မန်စီးတီးအသင်းရဲ့ ဂန္ထ၀င်အသင်းခေါင်းဆောင် ကွန်ပနီ Vincent Kompany ကို အန်ဒါလက်ခ်ျ ကစားသမားဘ၀ ဆယ်ကျော်သက်အရွယ်တုန်းက အာဆင်နယ်အသင်းက စာချုပ်ချုပ်ဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ အာစင်ဝင်းဂါးက ကွန်ပနီအတွက် သုံးရမယ့် ပေါင်(၅)သန်းကို မသုံးချင်တာကြောင့် ကမ္ဘာ့အဆင့်ဖြစ်လာမယ့် ကစားသမားတစ်ဦးကို လက်လွှတ်ခဲ့ရပြီး ကွန်ပနီအတွက်တော့ အာဆင်နယ်ကိုသာ ရောက်မယ်ဆိုရင် အခုလိုအောင်မြင်မှုတွေ ရယူနိုင်ပ့ါမလားဆိုတာ သံသယဖြစ်စရာပါပဲ။


(Akhayar Sports မှ ဖော်ပြခဲ့တဲ့ ဘောလုံးသတင်းဆောင်းပါးတွေကို Dagon Beer မှ ကူညီပံ့ပိုးပေးထားပါသည်)

Raphael Varane

ချန်ပီယံလိဂ်ဖလား (၃)နှစ်ဆက်၊ ကမ္ဘာ့ဖလားချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ထားသူ ဗာရန်း Raphael Varane ကို ၂၀၁၁ ခုနှစ်တုန်းက ခေါ်ယူဖို့ စောင့်ကြည့်ခဲ့ဖူးတယ်လို့ အာစင်ဝင်းဂါးက ပြောခဲ့ပါတယ်။ အဲဒီအချိန်က ဗာရန်းဟာ ပြင်သစ်ကလပ် လန်းစ်အသင်းမှာ ကစားနေပြီး အသက်က(၁၈)နှစ်ပဲရှိသေးတာကြောင့် ဒီချာတိတ်က ဘာမှဖြစ်မလာနိုင်ဘူးလို့ပဲ ၀င်းဂါး ထင်သွားလား မသိပါဘူး။ အပြောင်းအရွှေ့က ဖြစ်မလာမခဲ့ပြန်ဘူး။ အဲဒီနောက်မှာတော့ လာလီဂါထိပ်သီး ရီးယဲလ်အသင်းက ဗာရန်းကို ခေါ်ခဲ့ပြီး ကျန်တာတွေကတော့ ပရိသတ်တွေလည်း အသိပါပဲ။

Xabi Alonso

၂၀၀၉ ခုနှစ်မှာ လီဗာပူးလ်အသင်းဟာ ၀ါရင့်ကွင်းလယ်လူ ဘယ်ရီ Gareth Barry ကို ခေါ်ဖို့ နီးစပ်နေတာကြောင့် အလွန်ဆို Xabi Alonso ဟာ သူ့အနာဂတ်အတွက် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားခဲ့ပြီး အာဆင်နယ်အသင်းကို ပေါင်(၁၅)သန်းနဲ့ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်ရီကို လီဗာပူးလ်အသင်း မခေါ်ဖြစ်သလို အလွန်ဆိုကလည်း အာဆင်နယ်ကို မပြောင်းဖြစ်ခဲ့ပါဘူး။

N’Golo Kante

၂၀၁၅-၁၆ ရာသီမှာ လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိပြီးတဲ့နောက် ကွန်တေ N’Golo Kante ဟာ နောက်ရာသီမှာ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကွန်တေကို ခေါ်ဖို့ စိတ်ဝင်စားခဲ့တာက ချယ်လ်ဆီးတစ်သင်းတည်းမဟုတ်ဘဲ လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းလည်း ပါဝင်ခဲ့တယ်။ အာစင်ဝင်းဂါးရဲ့ တွေဝေမှုကြောင့်ပဲ ကမ္ဘာ့အဆင့်ကွင်းလယ်လူတစ်ဦးကို အာဆင်နယ် ဆုံးရှုံးလိုက်ရပြန်ပါတယ်။

အာဆင်နယ်နည်းပြဘ၀ (၂၂)နှစ်တာကာလအတွင်း အာစင်ဝင်းဂါး လက်လွှတ်ခံခဲ့ရတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေက မနည်းမနေပါပဲ။ တကယ်လို့ ဒီစာရင်းမှာပါတဲ့ ကစားသမားတွေကိုသာ အာဆင်နယ် အမှန်တကယ်ခေါ်ယူဖြစ်နိုင်ခဲ့မယ်ဆိုရင်တော့ . . .

အာဆင်နယ်အသင်း လက်လွတ်ခံခဲ့ရတဲ့ ထိတ်ထိတ်ကြဲ ကစားသမားများ အပိုင်း(၁)ဖတ်ရန်လင့်ခ်

REF:FootyRoom
Photo:Getty Images,Fox Sports
Naing Linn(Akhayar)
www.akhayar.com