ရန်ကုန်မှာနေပြီးကလေးဘဝကို ဖြတ်သန်းဖူးတယ်ဆိုရင် Game City ၊ အာလာဒင် တို့ဆိုတဲ့နာမည်ကြားရင် အပျော်တွေကိုယူဆောင်လာတဲ့ အသံတစ်ခုရယ်လို့ ခံစားချက်ရှိကြမှာပါ။ မြန်မာနိုင်ငံမှာ Amusement နဲ့ပတ်သက်ရင် အရင်ကဆို Game City ၊ Aladdin တို့နာမည်ကြီးခဲ့ပြီး နောက်ပိုင်းမှာတော့  Happy Zone ၊ Alibaba တို့ပါလာခဲ့ပါတယ်။ အကြွေစေ့သံတစ်ဒေါက်ဒေါက်ကြား ရင်ခုန်ဖူးတဲ့ခံစားချက်ကို ခံစားချင်လို့ Amusement Zone နှစ်ခုဆီကို ခြေဆန့်ဖြစ်တဲ့အခါ . . .

Aladdin

ဗိုလ်အောင်ကျော်လမ်းပေါ်မှာ ထင်းထင်းလင်းလင်းနေရာယူထားနိုင်ဆဲ အာလာဒင်က နွေးထွေးတဲ့ခံစားမှုကို ပေးမြဲပါ။ ဝင်ကြေးတစ်ယောက် ၂၀၀ ပေးရပါတယ်။ အကြွေစေ့ကတော့ တစ်စေ့ ၁၀၀ ကစပါတယ်။ အကြွေစေ့ တစ်ထောင်ဖိုးဝယ်ပြီး ကဲမယ် ဆော့မယ်ပေါ့။  အာလာဒင်ထဲမှာ သေချာကြည့်ရင် အရုပ်ကောက်၊ သေနတ်ပစ်၊ ဓားခုတ်တာလောက်ကလွဲပြီး ဆယ်ကျော်သက်အရွယ်ဆော့ကစားနိုင်တဲ့ ဂိမ်းတွေမရှိသလောက်ပါပဲ။ ကလေးတွေဆော့နိုင်တဲ့ ဂိမ်းကပိုများပါတယ်။ အကြွေစေ့ နှစ်စေ့ကနေ စပြီး ကစားရပါတယ်။ ကိုယ်တွေသွားတုန်းက ဒီဇင်ဘာကျောင်းပိတ်ရက်ဆိုပေမယ့် ဆော့တဲ့ကလေးတွေ နည်းပါတယ်။ မိသားစု နှစ်စုလောက်သာ မြင်ရပါတယ်။ Game စက်တွေ ကစားနည်းတွေကလည်း ဟောင်းနေပြီလို့ ဆိုနိုင်ပါတယ်။ Service ပေးတဲ့ဝန်ထမ်းတွေကတော့များပါတယ်။ ကစားသူတွေကို ဂရုစိုက်ကြပါတယ်။

အာလာဒင်ထဲမှာ စားသောက်ဆိုင်ရှိတော့ ထိုင်ကြည့်ပါတယ်။ Menu ကိုကြည့်တာတော့ ရနိုင်တဲ့ အစားအစာတွေက အစုံပါပဲ။ တရုတ်စာတွေရော၊ ပေါင်မုန့် ကော်ဖီ Sandwiches တွေရောပေါ့။ ဈေးကလည်း မဆိုးဘူး သင့်တင့်ပါတယ်။ ကြာဆံချက်နဲ့ ဒိန်ချဉ်မှာစားတာ…အဲမှာ ဇာတ်လမ်းစတော့တာပါပဲ၊ ဘာလို့လဲဆို လည်ပင်းကဗျိုင်းဖြစ်တော့မယ် မျှော်လိုက်ရတာ။ လေးဆယ့်ငါးမိနစ်လောက် စောင့်လိုက်ရပါတယ်။ ရောက်လာတော့လည်း ဟင်းလို့ သက်ပြင်းချစားလိုက်ရတယ်။ အိမ်မှာ ဟင်းခါးချက်သောက်သလိုမျိုး ဖြူရော်ရော် ခပ်ချိုချိုပါ။

အာလာဒင်အပေါ် မှတ်ချက်ပေးလိုတာကတော့ ကိုယ့်ကလေးကိုအေးအေးဆေးဆေး ကစားစေချင်တယ်။ ကိုယ်လည်းအေးအေးဆေးဆေး ထိုင်နေချင်တယ်ဆိုတဲ့ လူကြီးတွေအတွက် အဆင်ပြေပါတယ်။ ကလေးတွေကတော့ ကစားနည်းတွေကို ကြာရင် ရိုးသွားနိုင်ပါတယ်။

Alibaba

ပန်းဆိုးတန်း အလယ်က အရင် Kyaw Home Mart ရှိတဲ့နေရာမှာဖွင့်ထားတဲ့ အလီဘာဘာကို ရောက်ပါတယ်။ အထဲရောက်တာနဲ့ သွက်လက်မြူးကြွတဲ့ ဝန်းကျင်ကို မြင်ရပါတယ်။ အထဲမှာ ကလေးတွေရော ဆယ်ကျော်သက်လေးတွေရော စုံလို့ပါ။ Dance Game နဲ့ကသူက က၊ ဆိုင်ကယ်စီးသူကစီးနဲ့ပါ။ နေရာကလူတောင်မနည်းရှောင်ရပြီး ကျပ်နေပါတယ်။ ဂိမ်းတွေကတော့ အသစ်အဆန်း၊ ပစ္စည်းတွေလည်း သစ်ပါတယ်။ အပေါ်ထပ်ကို လူလတ်ပိုင်းအရွယ်တွေတက်သွားတာ မြင်တော့ ကိုယ်လည်းတက်လိုက်ပါတယ်။ ကော်ဖီထိုင်သောက်ရမလား တွေးတာပါ။ အပေါ်ရောက်မှပဲ ဟိုက်…လူကြီးတွေ အများကြီးပါလား ကာစီနို အသေးစားလေးရော၊ ငါးဖမ်းတဲ့ ဂိမ်းလေးတွေရော အားလုံး အုံးအုံး ကျွတ်ကျွတ် ဆော့နေကြတာတွေ့ရပါတယ်။

အလီဘာဘာမှာ ဂိမ်းကို အကြွေစေ့ ၅ စေ့ကနေ စဆော့လို့ရပါတယ်။ ကော်ဖီလည်း အလကားတိုက်တာတွေ့ရပါတယ်။

အလီဘာဘာအပေါ်မှတ်ချက်ပေးရရင် ခေတ်မီ ဂိမ်းစင်တာ တစ်ခုဖြစ်ပါတယ်။ ကလေး၊ လူကြီး၊ ဆယ်ကျော်သက် အားလုံး သွားလို့ အဆင်ပြေတဲ့နေရာပါ။ မြူးကြွသွက်လက်မှုနဲ့ ဆန်းသစ်မှုကို ခံစားထိတွေ့ရပါတယ်။ ကိုယ်ကကလေးပဲဆော့စေပြီး မျက်စိနောက်မခံချင်ဘူးဆိုရင်တော့ အဆင်မပြေလှပါဘူး။ အလီဘာဘာက မြန်မာပလာဇာ Sony Showroom အနောက်ဘက်မှာရှိတဲ့အပြင် သိမ်ကြီးဈေးမှာလည်း ရှိပါသေးတယ်။

You May Also Like :ကြေးအိုးဆီချက် မှာ ဘယ်သူ “ဆရာ” လဲ?

ကိုယ်က နားနားနေနေမျက်စိအေးအေး နေချင်တယ် ၊ ကလေးကိုပဲ ဆော့ခိုင်းပြီး အေးအေးဆေးဆေး ထိုင်နေချင်ပါတယ်ဆိုရင်တော့ အာလာဒင်က ပိုအဆင်ပြေပါလိမ့်မယ်။ ဈေးနှုန်းချိုတဲ့အတွက် ကစားနည်းအစုံတော့ကစားနိုင်ပါတယ်။ အာလာဒင်ကတော့ ဗိုလ်အောင်ကျော်လမ်းတစ်နေရာတည်းမှာသာရှိပါတယ်နော်။

ကဲ…ဆော့ဖို့ပျော်ဖို့ ဖွင့်ထားတဲ့ ဂိမ်းစင်တာချင်းအတူတူဆိုရင်တော့  အလီဘာဘာက အာလာဒင်ထက် သာသွားတယ်လို့ ပြောရမှာပါ…။

ဂျူဂျူး (အခရာ)

www.akhayar.com