[Zawgyi]

ဒေါ်လာ ၁ ထရီလီယံ (၁,ဝဝဝ ဘီလီယံ) တန် ကုမ္ပဏီကြီးဖြစ်သွားတဲ့ Amazon

၂ဝ၁၈ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့ (အင်္ဂါနေ့) မနက်ပိုင်းတုန်းက Amazon ရှယ်ယာပေါက်ဈေးဟာ ၂,ဝ၅ဝ.၅ဝ ဒေါ်လာအထိရှိခဲ့တာဖြစ်ပါတယ်။ ရှယ်ယာဈေးနှုန်းတွေဟာ ၂ ရာခိုင်နှုန်းအထိ ထိုးတက်သွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ ရှယ်ယာယူနစ်ပေါင်း ၄၈၇.၇ သန်းအထိရှိတဲ့ Amazon ဟာ ဒေါ်လာ ၁ ထရီလီယံ (၁,ဝဝဝ ဘီလီယံ) တန် ကုမ္ပဏီကြီးဖြစ်သွားခဲ့တာပါ။

သြဂုတ်လ (၂) ရက်နေ့တုန်းက Apple ရဲ့ရှယ်ယာတန်ဖိုးတက်သွားပြီး ဈေးကွက်တန်ဖိုး ၁ ထရီလီယံ (၁,ဝဝဝ ဘီလီယံ) တန် ကုမ္ပဏီကြီးဖြစ်သွားခဲ့ပါတယ်။ ဒါ့ကြောင့် Amazon ဟာ Apple ပြီးရင် ဈေးကွက်တန်ဖိုး ၁ ထရီလီယံဖြစ်သွားတဲ့ ဒုတိယမြောက် အမေရိကန်ကုမ္ပဏီလို့ ဆိုနိုင်ပါတယ်။

အင်္ဂါနေ့ ရှယ်ယာဈေးကွက်ပိတ်တဲ့အချိန်မှာ ၂,ဝ၃၉.၅၁ ဒေါ်လာဖြစ်သွားခဲ့ပေမယ့် Amazon ဟာ ဒေါ်လာ ၁ ထရီလီယံတန်တဲ့ ကုမ္ပဏီကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ ရှယ်ယာဈေးနှုန်းတွေ တက်နေတာကြောင့် Amazon ကုမ္ပဏီမှာ ၁၆ ရာခိုင်နှုန်းနီးပါး ပိုင်ဆိုင်ထားတဲ့ Jeff Bezos ရဲ့ အသားတင်ကြွယ်ဝမှုဟာ ၁.၈ ဘီလီယံ (၁,၈ဝဝ သန်း) အထိမြင့်တက်ခဲ့ပါတယ်။

ဒါ့ကြောင့် Jeff Bezos ရဲ့အသားတင်ကြွယ်ဝမှုဟာ ၁၆၆.၈ ဘီလီယံနဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ၉၅.၄ ဘီလီယံသာ ကြွယ်ဝတဲ့ Bill Gates အနေနဲ့ Jeff Bezos ကို လိုက်မီဖို့ မလွယ်တော့ပါဘူး။

၂ဝ၄၂ခုနှစ်မှာ Jeff Bezos ရဲ့ အသားတင်ကြွယ်ဝမှုဟာ တစ်ထရီလီယံ (၁,ဝဝဝ ဘီလီယံ) ဖြစ်လာမယ်လို့ ကမ္ဘာ့စီးပွားရေး စစ်တမ်းကောက်ယူတဲ့ Oxfam အဖွဲ့က ခန့်မှန်းထားပါတယ်။ တကယ်တမ်းတော့ သူ့အနေနဲ့ ထရီလျံနာဖြစ်ဖို့ အဝေးကြီးလိုပါသေးတယ်။ လက်ရှိအချိန်မှာ Amazon ရဲ့ရှယ်ယာတစ်ယူနစ် ပေါက်ဈေးဟာ ၂,ဝ၃၉.၅၁ ဒေါ်လာဖြစ်နေပြီး ၁၂,၆ဝဝ ဒေါ်လာဖြစ်လာတဲ့အချိန်မှာ Jeff Bezos ဟာ ထရီလျံနာဖြစ်လာမယ်လို့ သုံးသပ်ရပါတယ်။

၂ဝ၁၈ခုနှစ် ဇန်နဝါရီလတုန်းက Amazon ရဲ့ဈေးကွက်တန်ဖိုးဟာ ၆ဝဝ ဘီလီယံသာရှိသေးပြီး စက်တင်ဘာလ (၄) ရက်နေ့မှာ ဒေါ်လာ ၁ ထရီလီယံ (၁,ဝဝဝ ဘီလီယံ) တန် ကုမ္ပဏီကြီးဖြစ်လာတဲ့အတွက် ၁၆၅ရက်သာ ကြာမြင့်တယ်လို့ ဆိုနိုင်ပါတယ်။

Reference and Photo Credit – Forbes

ကျော်စိုးအောင် (အခရာ)

www.akhayar.com