Xiaomi ဟာ ဘေဂျင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပွဲမှာ Mi Band 4 အသစ်နဲ့ Amazfit Verge 2 စမတ်နာရီ အသစ်တို့ကို မိတ်ဆက်သွားခဲ့ပါတယ်။ Mi Band 4 ဟာ အရင် Mi Band 3 ထက် Hardware ပိုင်း အများကြီး ပိုကောင်းလာသလို၊ AI Voice Assistant လို Features အသစ်တွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။ Mi Band 4 အကြောင်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

Mi Band 4 နဲ့အတူ တရက်တည်း မိတ်ဆက်ခဲ့တဲ့ နောက်ထပ် Wearable အသစ်ကတော့ Amazfit Verge 2 စမတ်နာရီအသစ်ပါ။ အရင် Amazfit Verge နဲ့ ဒီဇိုင်းပိုင်း သိသိသာသာကွာခြားမှုမရှိပေမယ့် အရင်ထက် ပိုပြီးတော့ Premium ဆန်တဲ့ ဒီဇိုင်းနဲ့ ဖြစ်သွားပါတယ်။ အရင်အတိုင်း ဒိုင်ခွက်အဝိုင်းဒီဇိုင်း ဖြစ်ပေမယ့်၊ ပလတ်စတစ်ဖရိန် မသုံးတော့ဘဲ ပိုမိုမာကျောတဲ့ Microcrystalline Zirconium Ceramic ဖရိန်အသစ်ကို သုံးပေးထားပါတယ်။

Verge 2 မှာ 1.39-inch AMOLED Color Touch Screen ကို အသုံးပြုထားပြီး၊ ခြစ်ရာပွန်းရာတွေ ခံနိုင်ရည်ရှိဖို့အတွက် 2.5D Glass အုပ်ပေးထားပါတယ်။ Verge 2 ဟာ အပြင်ဒီဇိုင်းပိုင်းထက် အတွင်းပိုင်းကို ပိုပြီး Upgrade လုပ်ပေးထားတဲ့ စမတ်နာရီလို့ ပြောရင် မမှားပါဘူး။ 1.1GHz Qualcomm Snapdragon Wear 2500 Series Processor ကို အသုံးပြုထားပြီး၊ 512MB RAM ၊ 4GB eMMC Storage တို့နဲ့ ဖြစ်ပါတယ်။ Verge 2 မှာ ပထမဆုံးအနေနဲ့ e-SIM Support လည်း ပါဝင်လာပြီး၊ ဖုန်းနဲ့ ချိတ်ထားစရာမလိုဘဲ 4G VoLTE ဖုန်းခေါ်နိုင်မှာပါ။ ဖုန်းပြောဖို့အတွက် စပီကာနဲ့ မိုက်ခရိုဖုန်းတို့လည်း ပါဝင်ပါတယ်။ e-SIM လုပ်ဆောင်ချက်ကို တရုတ်ပြည်တွင်းက ဖုန်းလိုင်းအကုန်လုံးနဲ့ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Verge 2 မှာ 420mAh ဘက်ထရီကို အသုံးပြုထားပြီး၊ အားအပြည့်သွင်းပြီးရင် ၂၈ နာရီ ခံမှာပါ။ Built-in GPS လည်း ပါဝင်ပါတယ်။ အရင်မော်ဒယ်လိုပဲ အားကစားလှုပ်ရှားမှု ၁၀ မျိုးကို အလိုလို သိရှိပြီး၊ Track လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Narrowband Network Technology (NB-IoT) ပါဝင်တာကြောင့် ဖုန်းနဲ့ နာရီကို Bluetooth နဲ့ ချိတ်စရာမလိုဘဲ အရေးပေါ်ကျန်းမာရေးအခြေအနေတွေကို အချိန်နဲ့ တပြေးညီ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

 

Verge 2 ရဲ့ အဓိက Feature တခုကတော့ Apple Watch 4 လိုပဲ ECG ရိုက်နိုင်တာပါ။ ECG Sensor ပါဝင်တဲ့ Verge 2 မော်ဒယ် ဆိုပြီး သက်သက် ထုတ်မှာ ဖြစ်ပါတယ်။ ECG Version မှာ Huawi ရဲ့ Huangshan No.1 AI Processor ပါဝင်ပြီး၊ ၂၄ နာရီပတ်လုံး တိကျတဲ့ နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်ပါတယ်။ PPG နဲ့ ECG Sensors တွေကနေလည်း Atrial Fibrillation (နှလုံးစည်းချက်မမှန်သော နှလုံးပြဿနာ) လို နှလုံးမူမမှန်တဲ့ ပြဿနာတွေကို သိနိုင်ဖို့အတွက် ECG ရိုက်နိုင်မှာ ဖြစ်ပါတယ်။ ECG Data မိနစ် ၆၀ စာအထိကို နာရီထဲမှာ သိမ်းထားပေးနိုင်မှာပါ။

NFC လည်း ပါဝင်ပြီး Alipay Offline Payment အသုံးပြုနိုင်သလို၊ Bluetooth 4.2+BLE ၊ Wi-Fi တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။ အရင် Verge မော်ဒယ်လိုပဲ ရေစိုခံနိုင်စွမ်း အဆင့်သတ်မှတ်ချက် IP68 ရရှိထားတာကြောင့် ရေချိုး၊ ရေကူးရင်တောင် ချွတ်စရာ လိုမှာ မဟုတ်ပါဘူး။

Huami ဟာ Tencent နဲ့ ပူးပေါင်းပြီး၊ Verge 2 စမတ်နာရီမှာ Tencent Music Streaming ၊ Live Translation နဲ့ QQ Chat လုပ်ဆောင်ချက်တွေကိုလည်း ထည့်သွင်းပေးထားတယ်လို့ ဆိုပါတယ်။ ထွက်ထွက်ချင်းတော့ ပါလာမှာမဟုတ်ဘဲ နောက်မှ OTA Update နဲ့ ရရှိမှာပါ။

Verge 2 စမတ်နာရီကို ဆီလီကွန်လက်ပတ်နဲ့ပဲ ထုတ်သွားမှာဖြစ်ပြီး၊ ECG Edition မှာတော့ ဆီလီကွန့် သားရေ ရောစပ်ထားတဲ့ လက်ပတ်ကို အသုံးပြုထားပါတယ်။ Xiaopeng Automobile က ထုတ်တဲ့ ကားတွေမှာဆိုရင် သော့မလိုဘဲ Verge 2 စမတ်နာရီနဲ့တင် တံခါးဖွင့်၊ စက်နှိုး လုပ်နိုင်ပါတယ်။

Marvel ပရိသတ်တွေအတွက် Avengers Limited Edition Verge 2 မော်ဒယ်လည်း ထွက်ရှိလာမှာပါ။

ဈေးနှုန်းကတော့ Amazfit Verge 2 ရိုးရိုးမော်ဒယ်ကို ၉၉၉ ယွမ် (၁၁၄ ဒေါ်လာ) သတ်မှတ်ထားပြီး၊ အလုံးရေ ၅,၀၀၀ ပဲ ထုတ်မယ့် Avengers Limited Edition ကိုတော့ ၁,၄၉၉ ယွမ် (၂၁၆ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ ECG Edition ကတော့ ၁,၂၉၉ ယွမ် (၁၈၇ ဒေါ်လာ) ပါ။ ရိုးရိုးမော်ဒယ်ကို ယနေ့ကစပြီး တရုတ်နိုင်ငံမှာ ဝယ်ယူနိုင်ပါပြီ။ Avengers နဲ့ ECG Edition တွေကိုတော့ ဂျူလိုင်လမှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref: GizChina, Android Authority