ဘီယာသောက်သုံးတာက နိုင်ငံခြားဘာသာစကားပြောဆိုနိုင်စွမ်း ပိုမြင့်တက်တယ်လို့ Journal of Psychopharmacology က ထုတ်ပြန်တဲ့ သုတေသနအရ သိရပါတယ်။ ဒီသုတေသနကို ဗြိတိန်နဲ့ ဟော်လန်နိုင်ငံမှာရှိတဲ့ သုတေသီတွေ ဦးဆောင်ပြုလုပ်ခဲ့တာပါ။ University of Liverpool ၊ King’s College London နဲ့ Maastricht University ရဲ့  ကျောင်းသားတွေက (မကြာခင်သေးကမှ ဒတ်ခ်ျစကားသင်ထားတဲ့) ဂျာမန်စကားပြောဆိုတဲ့ ကျောင်းသား(၅ဝ) ကို သုတေသနလုပ်ခဲ့တာပါ။

ဂျာမန်စကားပြောဆိုတဲ့ ကျောင်းသား (၅ဝ) ကို ဘီယာသောက်ထားတဲ့တစ်ဝက်နဲ့ မသောက်တဲ့တစ်ဝက်ခွဲထားပြီး အချင်းချင်းကို ဒတ်ခ်ျဘာသာစကားနဲ့ အလ္လာပသလ္လာပ ပြောခိုင်းတာပါ။ သူတို့ရဲ့ ဘာသာစကားစွမ်းရည်ကို အကဲဖြတ်လိုက်တော့ ဘီယာသောက်ထားတဲ့ ကျောင်းသား (၂၅) ယောက်က ပိုကောင်းတာကို တွေ့ ရှိရပါတယ်။ အထူးသဖြင့် ဘီယာနှစ်ခွက်လောက် သောက်ထားမယ်ဆိုရင် ဘာသာစကားစွမ်းရည်ကို မြင့်တက်စေပါတယ်လို့ သိရပါတယ်။

သုတေသနမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာ Fritz Renner ဟာ “အရက်တွေ အများကြီးသောက်ထားရင်တော့ ဘာသာစွမ်းရည် တိုးတက်မှာ မဟုတ်ဖူး။ ဘီယာနှစ်ခွက်လောက် သောက်ထားပြီး နိုင်ငံခြားဘာသာစကားပြောဆိုရင် ပိုတတ်လွယ်တယ်။ အထူးသဖြင့် အသံထွက်ပိုကောင်းတယ်” လို့ ဆိုထားပါတယ်။ ကဲ . . . အင်္ဂလိပ်စကားပြောချင်တဲ့ ဘော်ဒါတွေ သင်တန်းမသွားခင် ဘီယာနှစ်ခွက်လောက် သောက်သွားရင်တော့ အသံထွက်တွေ ပိုကောင်းနိုင်မလား စဉ်းစားကြည့်ရအောင်ပါ။

Reference and Photo Credit – CBC

ကျော်စိုးအောင် (အခရာ)

www.akhayar.com