ဒီနေ့(တနင်္ဂနွေ)မနက် အစောပိုင်းက ယူရို-၂၀၂၀ ခြေစစ်ပွဲအဖြစ် ပြင်သစ်နဲ့ အယ်လ်ဘေးနီးယားတို့ ကစားခဲ့တဲ့ပွဲမှာ နိုင်ငံတော်သီချင်း မှားဖွင့်လို့ ပြဿနာတက်ခဲ့ကြပါတယ်။ ပွဲမစခင် နှစ်ဖက်အသင်း နိုင်ငံတော်သီချင်းဆိုဖို့ ပြင်ဆင်ခဲ့ပြီး အယ်လ်ဘေးနီးယားအသင်း အလှည့်မှာ အယ်လ်ဘေးနီးယား နိုင်ငံတော်သီချင်းအစား ကွင်းထဲက တာဝန်ရှိသူတွေဟာ အန်ဒိုရာနိုင်ငံတော်သီချင်းကို မှားယွင်းဖွင့်ခဲ့တာပါ။ အဲဒါကြောင့် အယ်လ်ဘေးနီးယား ကစားသမားတွေ ကြောင်တောင်တောင်ဖြစ်သွားပြီး ကစားသမား အတော်များများက မကျေမနပ်ဖြစ်ခဲ့ကြသလို အယ်လ်ဘေးနီးယား နည်းပြအဖွဲ့ဝင်တွေကလည်း ဒိုင်လူကြီးတွေကို ဒေါသတကြီး ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအမှားအတွက် တာဝန်ရှိသူတွေကို တစ်ယောက်မှ သွားသတိပေးပုံ မရဘဲ အန်ဒိုရာနိုင်ငံတော်သီချင်းကိုပဲ ဆက်ဖွင့်နေတာကြောင့် အယ်လ်ဘေးနီးယား ပရိသတ်တွေပါ အော်ဟစ်လှောင်ပြောင်ခဲ့ကြတယ်။

အဲဒါကြောင့် အယ်လ်ဘေးနီးယားအသင်းက နိုင်ငံတော်သီချင်း မမှန်ရင် ပွဲမကစားဘူးလို့ ငြင်းဆန်ခဲ့လို့ တာဝန်ရှိသူတွေက အသည်းအသန်ပြင်ဆင်ခဲ့ရပြီး ပိုဆိုးတာက ကွင်းထဲက ပွဲကြေညာသူဟာ အယ်လ်ဘေးနီးယားလို့ ပြောရမယ့်အစား အာမေးနီးယားနိုင်ငံတော် သီချင်းကို လေးစားဖို့ တောင်းပန်ခဲ့တာပါပဲ။ အဲဒီဖြစ်ရပ်တွေကြောင့် ပွဲကို သတ်မှတ်ချိန်ထက် မိနစ်အနည်းငယ်နောက်ကျပြီးမှ စတင်နိုင်ခဲ့ပြီး ပွဲအပြီးမှာ အိမ်ရှင်ပြင်သစ်အသင်းက (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ နိုင်ငံတကာပွဲတွေမှာ နိုင်ငံတော်သီချင်းမှားဖွင့်တာက ဒါ ပထမဆုံးမဟုတ်ဘဲ ၂၀၁၆ ကိုပါအမေရိကပြိုင်ပွဲ ဥရုဂွေးနဲ့ မက္ကဆီကိုတို့ ကစားမယ့်ပွဲမှာ ဥရုဂွေးနိုင်ငံတော်သီချင်းအစား ချီလီနိုင်ငံတော်သီချင်းကို မှားဖွင့်ခဲ့လို့ ပြဿနာတက်ခဲ့ပါသေးတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ် Uefa Nations League ပွဲအဖြစ် ဂျီဘရော်လ်တာနဲ့ အာမေးနီးယာတို့ ကစားတဲ့ပွဲမှာလည်း ဂျီဘရော်လ်တာနိုင်ငံတော်သီချင်းနဲ့ လစ်ချင်စတိန်းနိုင်ငံတော် သီချင်းကို မှားဖွင့်ခဲ့ပါသေးတယ်။ ဒီလိုပြဿနာအတွက် UEFA ကို အပြစ်တင်စရာ မလိုဘဲ အိမ်ကွင်းကစားမယ့် အသင်းရဲ့ဘောလုံးအဖွဲ့ချုပ်က ပြိုင်ဘက်အသင်း နိုင်ငံတော်သီချင်းကို မှန်ကန်အောင် ရွေးချယ်ရမယ့်တာဝန်ရှိလို့ပါပဲ။

နိုင်ငံတော်သီချင်းမှားဖွင့်တဲ့ ဖြစ်ရပ်ကို ကြည့်ရန် ရုပ်သံလင်ခ့်

REF:The Sun
Photo:EPA,
Naing Linn(Akhayar)
www.akhayar.com